ဒီဇင်ဘာ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့ စစ်ကောင်စီတပ်၏ လှုပ်ရှားမှုပွဲ အခမ်းအနား သတင်းများအား ဓါတ်ပုံရိုက်ကူးမျှဝေပေး သည့်အလုပ်နှင့် စစ်တပ်ဆန့်ကျင်သူများကို သတင်းပေးအလုပ်လုပ်ဆောင်သည့် အမှတ် ၃ ရပ်ကွက် နေထိုင်သူ မောင်ချို(မိုးမြင့်ထက်)အား နေအိမ်ခြံဝင်းအတွင်း ဆေးခြောက်ပင် စိုက်ပျိုးပြီးရောင်းချဖြန့်ဝေနေမှုဖြင့် စစ်ကောင် စီရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း သိရသည်။
ထိုသို့ ဆေးခြောက်ပင်စိုက်ပျိုးပြီး ဆေးခြောက်ရောင်းဝယ်နေမှုအား လာရောက်ဝယ်ယူပြီး ပြန်လာသူတစ်ဦးကို ဇာသပြင် တံတားစစ်ဆေးရေးဂိတ်၌ ဆေးခြောက်များတွေ့ရှိရာကတဆင့် စိုက်ပျိုးရောင်းချနေသူကို မောင်ချိုအား ဒီဇင်ဘာ ပထမအပတ်က ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ဖားအံမြို့ခံသတင်းအရင်းအမြစ်များက ပြောသည်။
“ မောင်ချိုက သူအိမ်ဝင်းမှာ ဆေးခြောက်စိုက်တယ်၊ အခြောက်လှန်းတယ်၊ သူများတွေကိုပေးတယ်။ ရောင်းတယ် ၊ လုပ်နေတာကြာပြီ၊ စစ်တပ်သတင်းပေးဆိုတော့ မပြောကြဘူး။ သူက စစ်တပ်ရဲ့ အခမ်းအနားတွေ ဓါတ်ပုံရိုက်ပြီး လူမှုကွန်ရက်မှာ ပို့စ်တွေတင်တင်ပေးနေတော့ စစ်ကောင်စီလူကြီးတွေနဲ့ ရင်းနှီးတယ်လေ။ မတိုင်ရဲကြဘူး။ အခုကတော့ သူဆီကဆေးခြောက်ယူသွားတဲ့ လူကဇာသပြင်မှာမိတော့သူကို ဆက်ဖမ်းတာပေါ့ နော်”ဟု ဖားအံမြို့ခံ သတင်းအရင်းတစ်ခုအမြစ်က ပြောသည်။
လက်ရှိ စစ်ကောင်စီက ဖမ်းဆီးသည့်ဆေးခြောက် စိုက်ပျိုးရောင်းချသူ ကိုမောင်ချိုသည် ပြီးခဲ့သည့် စစ်တပ် စစ်အာဏာသိမ်းဖြစ်စဉ်ကို ဆန့်ကျင်သည့် ဆန္ဒထုတ်ဖော်ပွဲများတွင် ပါဝင်ခဲ့ကြသည့် ပညာရေးဝန် ထမ်းများ၊ တက္ကသိုလ်ကျောင်းသားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအား ဓါတ်ပုံရိုက်ယူပြီး စစ်ကောင်စီ တပ်ထံ သတင်းပေးခဲ့သည့်အတွက် လူအများအပြားဖမ်းဆီးထောင်ချခံခဲ့ရကြောင်း နောက်ထပ်မြို့ခံတစ်ဦးကလည်း ပြောသည် ။
၎င်းမြို့ခံက “ သူက စစ်တပ်ကို ဆန္ဒပြတဲ့သူတွေဓါတ်ပုံရိုက်တယ်။ ရဲက အဲဒီဓါတ်ပုံတွေကို ခြေရာခံစုံစမ်းပြီး ဖမ်းတယ်။ လူတော်တော်များများ ထောင်ကျကုန်တယ်သူ့ကြောင့်လေ၊ အခုသူ့ကို ဆေးခြာက်မှုက ပြန်လွတ်ဖို့ သိန်း ၅၀၀ တောင်းနေတယ် ကြားတယ်။ မပေးနိုင်ရင်တော့ ထောင်ကျမယ်ပေါ့။ အခု တော့ ဖားအံမြို့မရဲ စခန်းမှာချုပ်ထားတယ်။ စစ်တပ်ထောက်ခံတဲ့စီးပွားရေးသမားတွေကလိုက်ထုတ်ဖို့ ကြိုးစားနေတယ် ”ဟု ဖားအံမြို့ခံက ပြောသည်။
လတ်တလော ဖားအံ မြို့တွင် စစ်မှုထမ်းစစ်သားသစ် စုဆောင်းဖမ်းဆီးမှု ဆက်တိုက် လုပ်ဆောင်နေပြီး မြို့ဝင် မြို့ထွက်များတွင် မူးယစ်ဆေးဝါးရှာဖွေ ဖမ်းဆီးမှု၊ လူငယ်လူလတ်ပိုင်းအရွယ်များ အား လက်ကိုင်ဖုန်းစစ် ဆေးခြိမ်းခြောက်ငွေတောင်းမှုများ ပိုမိုလုပ်ဆောင်လာနေကြောင်း မြို့ခံများက ပြောသည်။



















