ဒီဇင်ဘာ ၁၉ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ
ဧရာဝတီတိုင်း မအူပင် မြို့နယ်ရှိ မအူပင်မြို့ပေါ်ရပ်ကွက် ၃ ခုတွင် ယမန်နေ့ ညပိုင်းက လူငယ် ၈ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အတင်းအဓမ္မ ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း အခြေအနေကို သိရှိသည့် မအူပင်မြို့ခံတစ်ဦးက ပြောသည်။
“ရပ်ကွက် ၃ ခုကို ဝင်ဆွဲတာတဲ့။ အတိအကျသိရတာတော့ စားရေးကုန်းရပ်ကွက်က တစ်ယောက်။ ပြီးတော့ ဖူဆယ် ဘောလုံးကွင်းမှာ ဘောကန်နေတဲ့ ကလေး ၇ ယောက် ပါသွားတယ်။” ဟု လုံခြုံရေးအရ အမည်မဖော် လိုသည့် မြို့ခံ အမျိုးသမီးတစ်ဦးက ကေအိုင်စီ သို့ ပြောသည်။
မအူပင်မြို့၏ ရပ်ကွက်(၁)၊ ရပ်ကွက်(၆) နှင့် ရပ်ကွက်(၈)အတွင်း ဝင်ဆွဲခဲ့ခြင်းဖြစ်ပြီး ဆွဲခံရသည့် လူငယ်များကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားကြောင်း အသေးစိတ်မသိရှိရသေးပေ။ သို့သော်လည်း အတင်း အဓမ္မဝင်ရောက်ဖမ်းဆီးမှု ဖြစ်စဉ်ကြောင့် မြို့ပေါ် ရပ်ကွက်ရှိ လူထုများအကြား စိုးရိမ်မှုများ မြင့်တက်လာနေပြီး လူငယ်အများအပြားလည်း အပြင်မထွက်ရဲကြတော့ကြောင်း ၎င်း အမျိုးသမီးက ဆက်ပြောသည်။
အလားတူ ကျုံပျော်မြို့နယ်တွင်လည်း အသက်မပြည့်သေးသည့် လူငယ်တစ်ဦးကို စစ်ကောင်စီက နေအိမ်အထိ ဝင်ရောက်ခေါ်ဆောင်ခဲ့ပြီး မိသားစုဝင်များက ငွေကျပ်သိန်း ၁၀၀ ခန့် အသုံးပြု၍ ပြန်လည်ရွေးယူရကြောင်း ဒေသခံများ၏ ပြောဆိုချက်ကို ကိုးကား၍ ဧရာဝတီတိုင်းမ်း သတင်းဌာနက ဖော်ပြထားသည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ပွဲအရှိန်ကြောင့် ဧရာဝတီတိုင်းအတွင်း လှုပ်လှုပ် ခတ်ခတ်ဖြစ်ပေါ်လာခဲ့ပြီး စစ်ရေးအရေးနိမ့်နေသည့် စစ်ကောင်စီ အနေဖြင့် လူငယ်များကို ပစ်မှတ်ထား လိုက်လံ ဖမ်းဆီးမှုများကို ပေါ်ပေါ်ထင်ထင် ပြုလုပ်လာကြောင်း ဒေသခံများက ပြောသည်။
သို့သော် အခြားမြို့နယ်ရှိ ကျေးရွာများတွင် စစ်မှုထမ်းခေါ်ယူရာတွင် မဲနှိုက်သည့် စနစ်ဖြင့် ခေါ်ယူ နေကြပြီး လူကိုယ်တိုင် မသွားလိုကြသည့် ကျေးရွာ၊ ရပ်ကွက်များတွင် သက်ဆိုင်ရာ အုပ်ချုပ် ရေးမှူးများက ဦးဆောင်၍ ငွေကြေးများ ကောက်ခံကာ ကျေးရွာအလိုက် ကျပ်ငွေ သိန်းရာနှင့်ချီ တောင်းခံမှုများရှိနေကြောင်း ဒေသခံများထံ မှသိရသည်။
အလားတူ ရန်ကုန် နှင့် မန္တလေးကဲ့သို့ မြို့ကြီး များအပြင် အခြာသော မြို့ပေါ် ရပ်ကွက်များတွင်လည်း လူငယ်များကို ပုံစံမျိုးစုံဖြင့် လိုက်လံ ဖမ်းဆီး ပေါ်တာဆွဲမှုများ ပြုလုပ်နေကြသလို ရပ်ဝေးသို့ သွားရောက် အလုပ်လုပ် ကိုင်နေကြသည့် လူငယ်များလည်း တပ်တွင်းသို့ ဖမ်းဆီး ရောင်းစားခံရမှုများ ရှိနေကြောင်း ကိုယ်တိုင် ကြုံတွေ့ ရသည့် မိသားစုဝင်များက ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ရန်ကုန်မြို့မှ မိမိနေရပ် ဧရာဝတီတိုင်းသို့ ပြန်မည့် လူငယ် ၃ ဦးကို ပျူစောထီးဟု ယူဆရသူ တက္ကစီယာဉ်မောင်းတစ်ဦးက အဝေးပြေးကားဂိတ်လိုက်ပို့ပေးမည်ဟုဆိုကာ စစ်တပ်ဌာနချုပ်စခန်းများသို့ သွားရောက်ပို့ဆောင်ခဲ့သည်။ ထိုလူငယ်များထဲမှ တစ်ဦးမှာ မိသားစုဝင်များက ငွေကျပ် သိန်း ၁၀၀ နှင့် ပြန်လည် ရွေးယူနိုင်ခဲ့သော်လည်း နှစ်ဦးမှာ ယနေ့အချိန်ထိ အဆက် အသွယ်ပြတ်တောက်နေဆဲဖြစ်သည်။
“အခု ရန်ကုန်ကနေပြန်လာမဲ့ လူငယ်တွေကို လှိုင်သာယာအဝေးပြေးကားဂိတ်မှာ စောင့်ဖမ်း နေကြတာအများ ကြီးပဲ။ အခု ဒီဇင်ဘာလတွင်း ခရစ္စမတ် ပြန်လာလည်ကြမဲ့သူတွေကို အဓိက စောင့် ဖမ်းနေတယ်။ ကျမအသိ သားတစ်ယောက်ပါသွားတယ်။ ပိုက်ဆံ သိန်းတစ်ရာပေးပြီး ရွေးဖို့ လုပ်တာ အရွေးမခံဘူး။” ဟု ပုသိမ်မြိုကခံ အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီက ဧရာဝတီတိုင်းဘက်မှ တပ်ရင်းတပ်ဖွဲ့ဝင်များကို အဓိက စစ်ကူအင်အားပေးပို့နေပြီး အဆိုပါ စစ်ကူအင်အားများတွင် စစ်မှုထမ်း ဥပဒေကြောင့် စစ်မှုထမ်းရသည့် လူငယ်အများအပြာပါဝင်ကြောင်း ရက္ခိုင့်တပ်တော်(AA) ၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
ယခု ဒီဇင်ဘာလဆန်းပိုင်းက ဧရာဝတီတိုင်းအတွင်း တိုင်းစစ်ဌာန-ဧရာဝတီ ပြည်သူ့ကာကွယ်ရေး တပ်မတော်ကို ဖွဲ့စည်းလိုက်ပြီး မဟာမိတ် EROs များနှင့် လက်တွဲ၍ ဧရာတီတိုင်းအတွင်း တိုက်ပွဲများ ဝင်ရောက် နေပြီး ဖြစ်ကြောင်း တိုင်းစစ်ဌာန-ဧရာဝတီ PDF အဖွဲ့က ကြေညာခဲ့သည်။ ၎င်းကြေညာမှုကြောင့် ဧရာဝတီတိုင်းအတွင်း စစ်ဆေးမှုများကို စစ်ကောင်စီဘက်က ယခင်ကထက် တင်းကြပ်လိုက်သည်ဟု သိရသည်။



















