Home သတင်း ဖာပွန် (မူတြော်) ခရိုင်အတွင်း စစ်ကောင်စီစခန်းပေါင်း ၃၀ ဝန်းကျင်သာ ကျန်ရှိ

ဖာပွန် (မူတြော်) ခရိုင်အတွင်း စစ်ကောင်စီစခန်းပေါင်း ၃၀ ဝန်းကျင်သာ ကျန်ရှိ

1006
Photo: KNLA

ဒီဇင်ဘာ ၁၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖာပွန်(မူတြော်)ခရိုင်၊ တပ်မဟာ(၅)နယ်မြေတွင် စစ်ကောင်စီ၏ စခန်း အသေး၊ အကြီး စုစုပေါင်း ၃၀ ဝန်းကျင်သာ ကျန်ရှိနေသေးသည်ဟု တပ်မဟာမှူး၊ ဗိုလ်မှူးချုပ် စောဂီနွီးက ကေအိုင်စီသို့ ပြောသည်။

တပ်မဟာမှူးက “အာဏာသိမ်းပြီးနောက်ပိုင်း မူတြော်ခရိုင်ထဲမှာ စစ်ကောင်စီတပ်စခန်း ၆၉ လုံးရှိတယ်။ တော် လှန်ရေး ပူးပေါင်းတပ်ဖွဲ့က သွားတိုက်ယူရတာက ၁၁ ခု ရှိတယ်။ ကျန်တာကတော့သူတို့ရဲ့ အခြေအနေ အမျိုးမျိုးကြောင့် မခံနိုင်လို့ စခန်းစွန့်ခွာသွားတာ ၃၅ လုံးရှိပါတယ်။ လက်ရှိမှာတော့ စခန်းအသေးလေးတွေပါ အပါပေါ့၊ စခန်း ၃၀ ဝန်းကျင် လောက်တော့ ကျန်ရှိနေပါတယ်” ဟု ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ ရက်နေ့တွင်လည်း ဖာပွန်(မူတြော်)ခရိုင်အတွင်းရှိ စစ်ကောင်စီအတွက် အရေး ကြီးသည့် တပ်စခန်းတစ်ခုဖြစ်သည့် တောင်သုံးလုံး တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

Photo: KNLA

ဖာပွန်(မူတြော်)ခရိုင်တွင် ယခုလ ၂ ပတ်အတွင်း ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ ဒေသခံနေအိမ်များဘက်သို့ လက်နက်ကြီး(၂၈)လုံး ထက်မနည်းပစ်ခတ်ခဲ့သောကြောင့် ဒေသခံပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူဘက်က ပြောဆိုသည်။

၎င်းအပြင် ဖာပွန်(မူတြော်)ခရိုင်၊ တပ်မဟာ(၅)နယ်မြေ တွင် ဒီဇင်ဘာလ(၁)ရက်မှစတင်ပြီး (၁၅)ရက်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA၊ မဟာမိတ်ပူးပေါင်း တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီကြား နှစ်ဖက်တိုက်ပွဲပေါင်း ၄၅ ကြိမ်အထိ ဖြစ်ပွားခဲ့သည်ဟု ကေအဲန်ယူ-ဗဟိုက ယမန်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါ ခရိုင်အတွင်း ပြီးခဲ့သည့် ဒီဇင်ဘာ ၁ ရက်နေ့မှစတင်၍ တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးကာ ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူ-ဗဟိုက ပြုစုထားသည့် စာရင်းများအရ သိရသည်။