Home သတင်း ညောင်လေးပင်ခရိုင်တွင် လက်နက်ကြီးကြောင့် ဒေသခံ ၂ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရ

ညောင်လေးပင်ခရိုင်တွင် လက်နက်ကြီးကြောင့် ဒေသခံ ၂ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရ

652
Photo: KNU

ဒီဇင်ဘာ ၁၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ လယ်ဒို (ကျောက်ကြီး) နှင့် ဆောထိ(ရွှေကျင်) မြို့နယ်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည် သူ ၂ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူဗဟိုက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

ကျောက်ကြီးမြို့နယ်အတွင်း ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးများ အကြောင်းမဲ့ပစ်ခတ်ခဲ့ရာ စစ်ဘေးရှောင်နေသည့် နောင်ကုန်းကျေးရွာနေ အသက်(၉၂)နှစ်အရွယ် စောဘိုမြနှင့် အသက် (၅၀) အရွယ် နော်လွီထူတို့ ထိခိုက်သေဆုံးခဲ့ရသည်ဟု KNU ၏ ထုတ်ပြန်ချက်နှင့် မြို့နယ်တာဝန်ရှိသူ၏ ပြောဆိုမှုအရ သိရသည်။

“သူတို့က နတ်သံကွင်းကနေ လှမ်းပစ်တယ်။ အဲလိုပစ်တော့ ဒီဘက်မှာ ရှိနေတဲ့ စစ်ဘေးရှောင်တွေနေတဲ့ နေရာကို လာထိတာ (၂) ယောက်ဆုံးသွားတယ်။ ထိခိုက်ဒဏ်ရာရတဲ့လူတွေလည်း ရှိတယ်။” ဟု ကေအဲန်ယူ ကျောက်ကြီးမြို့နယ်၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောဝါးမူက ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ(၁၅)ရက်နေ့ကလည်း ဒါးကုလား၊ လော်မူ‌သော နှင့် သူးကဘီးကျေး ရွာအတွင်းသို့ စစ်တပ်က လက်နက်ကြီးဖြင့် (၁၄) ကြိမ်ပစ်ခတ်ခဲ့ရာ ဒေသခံများ၏နေအိမ်အတွင်း ကျရောက် ပေါက် ကွဲပြီး အမျိုးသမီး(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU၏ ထုတ်ပြန်ချက်တွင် ဆိုထားသည်။

Photo: KNU

ထို့အပြင် ရွှေကျင်မြို့နယ်အတွင်း ဒီဇင်ဘာလ (၁၄)ရက်နှင့် (၁၅)ရက်နေ့တွင် စစ်ကောင်စီ၏ ခြေလျင် တပ်ရင်း (ခလရ-၂၆၄)နှင့် (ခလရ-၅၇) တို့က (၆၀ မမ)နှင့် (၁၂၀မမ) လက်နက်ကြီးများအား ပစ်ခတ်ခဲ့ သောကြောင့် စံဖဲကျေးရွာနေ ဒေသခံအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်ဟုလည်း သိရသည်။

စစ်ကောင်စီတပ်စခန်းများမှ ကျေးရွာအတွင်းသို့ ဟောင်ဝှစ်ဇာလက်နက်ကြီးများအပြင် လေကြောင်းမှ နေ၍လည်းပစ်ခတ်ခြင်းများကြောင့် အရပ်သား ပြည်သူထိခိုက်သေဆုံးမှုအပြင် ဒေသခံပိုင်နေအိမ် ၄ လုံးလည်း ထိမှန်ပျက်စီးသွားခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ကေအဲန်ယူတပ်မဟာ (၃) နယ်မြေရှိ ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီ၏ အခြေစိုက်စခန်းများမှ ယခုလို ကျေးရွာအတွင်း လက်နက်ကြီးများ မကြာခဏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံများမှာ လက်ရှိအချိန်ထိ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။