Home သတင်း ထားဝယ် စစ်ကောင်စီဂိတ်များတွင် စာရေးကိရိယာပစ္စည်းအများအပြား သယ်ဆောင်ခွင့်ကအစ ပိတ်ပင်ထား

ထားဝယ် စစ်ကောင်စီဂိတ်များတွင် စာရေးကိရိယာပစ္စည်းအများအပြား သယ်ဆောင်ခွင့်ကအစ ပိတ်ပင်ထား

507
Photo- CJ

ဒီဇင်ဘာ ၂၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်အတွင်း မြို့မှ ကျေးရွာများဘက်သို့ ကျောင်းသုံး စာရေးကိရိယာအများအပြား သယ်ဆောင်ဖြတ်သန်းခွင့်ကအစ စစ်ကောင်စီတပ်ဂိတ်များက ပိတ်ပင်လျက်ရှိကြောင်း ကရင်ပညာရေးနှင့်ယဥ်ကျေးမှုဌာန-KECD နှင့် ဒေသခံများမှ သိရသည်။

ဆန်၊ ဆီနှင့် အခြားသောကုန်ပစ္စည်း အများအပြား လွတ်လပ်စွာသယ်ဆောင်ခွင့်ကို ထားဝယ်ဒေသအတွင်း ကန့်သတ်ထားသည်မှာ ၂၀၂၂ ခုနှစ်မှ လက်ရှိအချိန်ထိဖြစ်ပြီး ယင်းတွင် ကျေးရွာစာသင်ကျောင်းများမှ မှာယူသည့် ကျောင်းသုံးပစ္စည်းများလည်း ပါဝင်ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များက ဆိုသည်။

ဒေသခံ KECD မှတာဝန်ရှိ ဆရာမတစ်ဦးက “မြို့ကနေ ရွာတွေဘက်က စစ်ဆေးရေးဂိတ်တွေများတယ်။ စာရေး ပစ္စည်းကိရိယာမှာချင်တဲ့သူဆို ဆိုင်ပစ္စည်းတွေထဲမှာ ဒီနားနည်းနည်းထိုးလိုက် ဟိုနားနည်းနည်းထိုးလိုက် သယ်ရတယ်။ သယ်ခွင့်တော့ပေးတယ်၊ အများကြီးသယ်မရတာ။” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

တနင်္သာရီတိုင်းဒေသကြီးသည် ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၏ နယ်မြေသတ်မှတ်ချက်အရ တပ်မဟာ(၄)အတွင်းတည်ရှိပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်း တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတို့နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့ရာ ယခုလို စစ်ဆေးပိတ်ပင်မှုများ ပိုမိုတင်းကြပ်ထားခြင်းလည်းဖြစ်သည်။

ထို့ကြောင့် ပြည်သူအများ သွားလာရေးနှင့် စားသောက်နေထိုင်ရေး ကြပ်တည်းလာရသလို ဒေသတွင်း ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်လျက်ရှိကြောင်းလည်း ဒေသခံများက ပြောသည်။

“တိုက်ပွဲဖြစ်ရင်လမ်းကတစ်ပတ်လောက်ပိတ်ပြီ။ ကုန်ပစ္စည်းတင်တဲ့ကားဆိုသပ်သပ် လူသပ်သပ် ခွဲတင်မှ ရောတင်လို့မရဘူး။ အစစ်အဆေးကတော့ အဓိက ကေအဲန်ယူနယ်မြေမှာရှိတဲ့ရွာတွေက လာသူတွေကိုပိုစစ်တာ။ အဲဒီလိုကန့်သတ်တာတွေများတော့ ဈေးတက်တယ် ပစ္စည်းတွေပြတ်တယ်။ အခုဆိုဆန်က ဆန်ကြမ်းတစ်အိတ် ၁ သိန်းကျော်တယ်၊ ဓာတ်ဆီတစ်လီတာဆိုရင် ၂ သောင်းပေးရတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့ကြောင့် ရွာနေဒေသခံအများစုမှာ နေ့စဥ်ဘဝရပ်တည်ရေးအတွက် တောင်ယာစိုက်ပျိုးရေးကို အားထားလုပ် ကိုင်ကြသူ များပြားလာသလို ကျောင်းသုံးစာရေးကိရိယာ ပြတ်လပ်မှုမရှိစေရန် KECD မှ အစီအမံဖြင့် ဆောင်ရွက်နေရသည်ဟု နယ်ခံများနှင့် KECD ဆိုင်ရာ တာဝန်ရှိသူတို့က ဆိုသည်။

ထားဝယ်မြို့နယ်အတွင်း မြို့ပေါ်မှကျေးရွာများတစ်လျှောက် စစ်ကောင်စီဂိတ်စခန်းများအပြင် တော်လှန်ရေး အင်အားစုတပ်စွဲထားသည့် ဂိတ်များပါရှိသော်လည်း ၎င်းတို့က မူးယစ်ဆေးဝါးသယ်ဆောင်မှုကိုသာ အဓိကထား စစ်ဆေးသဖြင့် စားသောက်ကုန်နှင့်ကျောင်းသုံးပစ္စည်းများ သယ်ဆောင်သွားလာရေးအတွက် အခက်အခဲမရှိကြောင်း သိရသည်။

သို့သော် ကုန်ပစ္စည်းအပါအဝင် ခရီးဖြတ်သန်းသွားလာသူများအား တင်းကြပ်စစ်ဆေးလျက်ရှိသည့် ထားဝယ်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကြောင့် ကျေးလက်နေပြည်သူများမှာ အရေးကြီးကိစ္စမရှိပါက မြို့ပေါ်သို့ အသွားအလာမလုပ်ဝံ့တော့ဟု ရွာနေဒေသခံများက ဆိုသည်။