Home သတင်း စစ်ကောင်စီမှ ဓာတုလက်နက်သုံးတိုက်ခိုက်မှု သက်သေများရထားပြီး ကုလသို့ တင်ပြမည်

စစ်ကောင်စီမှ ဓာတုလက်နက်သုံးတိုက်ခိုက်မှု သက်သေများရထားပြီး ကုလသို့ တင်ပြမည်

726

ဒီဇင်ဘာ၂၀၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီက စစ်ပွဲများတွင် ဓာတုလက်နက်သုံးတိုက်ခိုက်မှု သက်သေများကို ရထားပြီး ကုလသမဂ္ဂ လူ့အခွင့် အခွင့်အရေးကောင်စီသို့ တင်ပြသွားမည်ဟု အမျိုးသားညီညွတ်အစိုးရ (NUG)၊ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့ ဒီဇင်ဘာ ၂၀ ရက်နေ့တွင် ပူးတွဲပြုလုပ်သည့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီး ဦးအောင်မျိုးမင်းက ယခုလို ပြောဆို ခဲ့ခြင်းဖြစ်သည်။

“ရှမ်းပြည်နယ်၊ ကရင်နီဘက်တွေက စစ်ကြောင်းတွေမှာ ဓာတုပစ္စည်းတွေကိုသုံးပြီးတော့ တိုက်ခိုက်ခံရတာ တွေကို ကြားလာရတာရှိတယ်။ ဓာတုဗေဒနဲ့ သက်ဆိုင်တဲ့ပစ္စည်းတွေကို စစ်ပွဲမှာ အသုံးပြုခြင်းက နိုင်ငံတကာနဲ့ သက်ဆိုင်တဲ့ ရာဇဝတ်မှုဖြစ်သလို နိုင်ငံတကာကသတ်မှတ်ထားတဲ့ စည်းမျည်းစည်းကမ်းတွေ စာချုပ်တွေကို ချိုးဖောက်ခြင်းဖြစ်ပါတယ်။ စစ်တပ်က ဓာတုပစ္စည်းကိုအသုံးပြုတာကြောင့် ပြည်သူတွေထိခိုက်တဲ့သတင်းအပြင်၊ အစီရင်ခံစာများလည်း ရှိပါတယ်” ဟု ၎င်းက ပြောဆိုသည်။

ယခုလို စစ်ကောင်စီတပ်အနေဖြင့် စစ်ပွဲအတွင်းဓာတုပစ္စည်းကို မဆင်မခြင် အသုံးပြုလာခြင်းသည် နှစ်ထပ်ကွမ်း စစ်ရာဇဝတ်မှု ဖြစ်ပြီး၊ ယခုလို လူသားမျိုးနွယ်စုအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းများကို လာမည့်မတ်လတွင် ကျင်းပပြုလုပ်သွားမည့် ကုလသမ္ဂလူ့အခွင့်အရေးကောင်စီသို့ တင်ပြသွားမည်ဟု သတင်းစာရှင်းလင်းပွဲတွင် ထပ်မံ ပြောဆိုသည်။

Photo- NUG

ထို့အပြင် လက်ရှိမြေပြင်တွင် စစ်ကောင်စီက ဓာတုလက်နက် အသုံးပြု တိုက်ခိုက်မှုများကို ကြုံတွေ့ခဲ့မှုအပေါ် ကရင်နီအမျိုးသားကာကွယ်ရေးတပ်-KNDF၊ မြေပြင်စစ်ဆင်ရေးတာဝန်ခံ အမှတ်(၁)ဗျူဟာမှူး ခွန်းထက်စိုးက သတင်းစာရှင်းလင်းပွဲ၌ သက်သေနှင့်တကွ တင်ပြပြောဆိုသည်။

“အောက်တိုဘာ၂၀ ရက်နေ့မှ ကရင်နီကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေက ဓာတု လက်နက်တွေကို အသုံးပြုခဲ့တယ်။ ကရင်နီနယ်စပ် ဖယ်ခုံ၊ မိုးဗြဲအခြေစိုက် ခမရ(၄၂၂)က ဒရုန်းကိုအသုံးပြု ပြီးတော့ ဓာတုအဆိပ်ငွေ့တွေကို ကြဲချတိုက်ခိုက်ခဲ့တယ်။ အခြေခံစစ်သင်တန်းဆင်းတွေ ပါတယ်။ ပအိုဝ့်ပြည်သူ့ စစ်တွေလည်း ပါတယ်။ အခုလိုသတင်းရယူနိုင်ဖို့က ပထမဆုံးဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် အဆိုပါ ဓာတုအဆိပ်ငွေ့များကို ရူမိသူများအနေဖြင့် မူးဝေခြင်း၊ အော့အန်ခြင်း၊ အိပ်ချင်လာခြင်း၊ လေးလံထိုင်းမှိုင်းခြင်း၊ အသက်ရူရခက်ခဲခြင်း၊ နှလုံးခုန်နူန်းမြန်ခြင်း၊ သွေးပေါင်ချိန်ကျဆင်းခြင်း၊ ဝမ်းလျှောခြင်း၊ ခန္ဓာကိုယ်မလန်းဆန်းခြင်း၊ အားပြတ်ခြင်းစသည့် ရောဂါ လက္ခဏာများကို ခံစားရသည်ဟု တော်လှန်ရေးရဲဘော် များက သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပက်သက်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဓာတုဗုံးများကို ဒရုန်းဖြင့် ဗုံးကြဲတိုက် ခိုက်ရာ၌ S-PHOS (အက်စ်ဖော့စ်) တံဆိပ်ပါ ၅၆၀ အဆိပ်ငွေ့ပြားများကို ပြီးခဲ့သည့် ဒီဇင်ဘာ ၇ ရက်နေ့မှစ၍ အသုံးပြု လာသည်ဟု ကရင်နီအမျိုးသား ကာကွယ်ရေးတပ်(KNDF) ပြန်ကြားရေး တာဝန်ခံ ဆရာတာအဲစိုးက ကေအိုင်စီသို့ ပြောဆိုထားသည်။