ဒီဇင်ဘာ ၂၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ရန်ကုန်တိုင်းအတွင်း ဒေသအသီးသီးမှ လာရောက် အလုပ်လုပ်ကိုင်နေကြသည့် လူငယ်များကို နယ်ဝေးပြန်မည့် ကားဂိတ်များတွင် စစ်ကောင်စီက ပုံစံမျိုးစုံဖြင့် အတင်းအဓမ္မဖမ်းဆီးမှုများ ပြုလုပ်နေသည့် သတင်းများကြောင့် ခရစ္စမတ်ကာလ နေရပ်ပြန်ရန် စိုးရိမ်နေကြရကြောင်း ရန်ကုန်တွင်အလုပ်လုပ်ကိုင်နေကြသည့် လူငယ်များက ပြောသည်။
ဒီဇင်ဘာလ၏ ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလ အလုပ်ပိတ်ရက်များတွင် ရန်ကုန်ရောက်ရှိနေကြသည့် ဒေသ အသီးသီးမှ နေရပ်ပြန်မည့် လူငယ်များကို ကားဂိတ်များတွင် စစ်ကောင်စီက ပစ်မှတ်ထား ဖမ်းဆီးမှုများပြု လုပ်ကာ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းသောကြောင့် နေရပ်ပြန်ရန် စိုးရိမ်နေကြောင်း ဧရာဝတီတိုင်းကို ပြန်ရန် စီစဉ်ထားသည့် လူငယ်အမျိုးသမီးက ယခုလိုပြောသည်။
“အခု ခရစ္စမတ်ပိတ်ရက်ပြန်ဖို့လုပ်နေတယ်။ အဖွားကလည်း ပြန်လာဖို့ မှာနေတယ်။ ဒါပေမဲ့ လှိုင်သာယာ ကား ဂိတ်မှာ ဆွဲတယ်ကြားတော့ ပြန်ဖို့ ကြောက်နေတယ်။ ဒါပေမဲ့ မဖြစ်မနေ ပြန်ရမှာဆိုတော့ တစ်ခုခု တော့ စီစဉ်ရမယ်” ဟု ကေအိုင်စီ သို့ ပြောသည်။
စစ်ရေးအရေးနိမ့်နေသည့် စစ်ကောင်စီ အနေဖြင့် တပ်အင်အားဖြည့်ဆည်းနိုင်ရန် စစ်မှုထမ်းဥပဒေကို ပြဌာန်း ပြီးနောက်ပိုင်းကျေးရွာများတွင် တပ်သားသစ် စုဆောင်မှုများ ပြုလုပ်နေသလို ရန်ကုန်လို မြို့ကြီးတွင်လည်း ပုံစံမျိုးစုံဟန်ဆောင်၍ ဖမ်းဆီးမှုများပြုလုပ်နေကြောင်း အခြေအနေကို သိရှိသည့် ရန်ကုန်မြို့ခံများက ပြောသည်။
အထူးသဖြင့် Taxi ကားသမားများဟန်ဆောင်၍ နယ်ဝေပြန်မည့် လူငယ်များကို ပစ်မှတ်ထားကာ တပ်အတွင်း သို့ လိမ်လည်ပို့ဆောင် ရောင်းစားသည့် ပုံစံများလည်း ရှိနေကြောင်း မှော်ဘီမြို့နယ်ရှိ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ယခုလို ပြောသည်။
“အထူးသဖြင့် ယောက်ျားလေးတွေကို ပစ်မှတ်ထားတယ်။ Taxi သမားဟန်ဆောင်ပြီး ဆွဲတာ။ အဲ့လိုလုပ်နေတာ တော့ကြာပြီး။ ဒါပေမဲ့ အခုရက်ပိုင်းက ပိုဆိုးတယ်။ အသိညီမတစ်ယောက်လှမ်းပြောတာ ကားဂိတ်မှာ နေ့တိုင်း ဆွဲ တယ်တဲ့။ တော်တော်များများပါ သွားကြတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
အလားတူ ရန်ကုန်မြို့၏ ရပ်ကွက်နေရာများနှင့် လမ်းသွားလမ်းလာများတွင် ကင်းပုန်းဝပ်၍ ညနေပိုင်း နှင့် ည အချိန် ည(၈) နာရီကျော်ကာလများတွင် လူငယ်များကို စစ်ဆေးဖမ်းဆီးမှုများလည်း ပြုလုပ်နေကြောင်းလည်း အဆိုပါ အမျိုးသမီးက ဆက်ပြောသည်။

ပြီးခဲ့သည့်လကလည်း ရန်ကုန်မှ ဧရာဝတီတိုင်းသို့ ပြန်မည့် လူငယ် ၃ ဦးကို Taxi ကားသမား ဟန်ဆောင်ထား သည့် စစ်ကောင်စီထောက်ခံအားပေးသူ ပျူစောထီး အဖွဲ့ဝင်တစ်ဦးက လှိုင်သာယာ ကားဂိတ် လိုက်ပို့ပေးမည်ဟု ဆိုကာ အဆိုပါ လူငယ် ၃ ဦးကို စစ်တပ်ထံသို့ လိမ်လည်ခေါ်ဆောင်သွားခဲ့သည့် ဖြစ်စဉ် ဖြစ်ခဲ့သေးသည်။
အသက် ၂၀ ဝန်းကျင်ရှိသည့် အဆိုပါ လူငယ် ၃ ဦးသည် ပန်းတနော်မြို့နယ်မှ ဒေသခံလူငယ်များဖြစ်ပြီး တစ်ဦး ကို မိဘများက ငွေကျပ် သိန်း ၁၀၀ ဖြင့် ပြန်လည် ရွေးယူခဲ့ရပြီး ကျန် ၂ ဦးမှာ စစ်တပ် လေ့ကျင့်ရေး ကျောင်း များသို့ ရောက်ရှိသွားပြီးဖြစ်၍ ပြန်လည်ခေါ်ယူနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်ကြောင်း နီးစပ်သည့် ဆွေမျိုးများက ပြောသည်။
အဆိုပါ နယ်ဝေးပြန်မည့် လူငယ်များကို အရပ်သား ဟန်ဆောင်ထားသည့် စစ်ကောင်စီအဖွဲ့ဝင်များက အတင်း အဓမ္မပုံစံဖြင့် ဆွဲဖမ်းခြင်းရှိသလို လူငယ်များ မူးမေ့နိုင်သည့်တို့ဆေး(ဆေးထိုးခြင်း)နည်းလမ်း များ အသုံး ပြု၍ လည်း လိမ်လည်ခေါ်ဆောင်သွားသည့် ဖြစ်စဉ်များ ကြားနေရကြောင်း ပုသိမ်မြို့ခံ အမျိုးသမီးက ပြောသည်။
၎င်းက “အခု ရန်ကုန်ကနေပြန်လာမဲ့ လူငယ်တွေကို လှိုင်သာယာအဝေးပြေးကားဂိတ်မှာ စောင့်ဖမ်းနေ ကြတာ အများကြီးပဲ။ အခု ဒီဇင်ဘာလတွင်း ခရစ္စမတ် ပြန်လာလည်ကြမဲ့သူတွေကို အဓိက စောင့်ဖမ်းနေတယ်။ တို့ဆေးတွေ သုံးပြီးတော့လည်း ဖမ်းနေတယ်တဲ့။ ကျမအသိ သားတစ်ယောက်ပါသွားတယ်။ ပိုက်ဆံ သိန်း တစ်ရာပေးပြီး ရွေးဖို့လုပ်တာ အရွေးမခံဘူး။” ဟု ၎င်းအမျိုးသမီးတစ်ဦးက ယမန်နေ့က ပြောသည်။
ယခုလို လူငယ်အများအပြားအတင်းအဓမ္မ ဖမ်းဆီးခံနေရကြောင့် သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် လာသော်လည်း မည်သူမည်ဝါ အဖမ်းဆီးခံရကြောင်းကို ကေအိုင်စီ အနေဖြင့် အသေးစိတ်သိရှိနိုင်ရန် လိုက်လံ စုံစမ်းနေဆဲ ဖြစ်သည်။
ရန်ကုန်မြို့သည် နယ်ဝေးဒေသအသီးသီးမှ လူငယ်အများအပြား အလုပ်အကိုင် နှင့် ပညာရေးအခွင့် အလမ်းများ အတွက် လာရောက်နေထိုင် အလုပ်လုပ်ကိုင်နေကြသူ သိန်းနှင့်ချီရှိနိုင်ပြီး ယခုလို ဒီဇင်ဘာလ ခရစ္စမတ် နှင့် နှစ်သစ်ကူး ကာလများတွင် ပိတ်ရက်ကြောင့် နေရပ်အသီးသီး ပြန်လေ့ရှိကြသည်။



















