၂၀၂၄ ခုနှစ်အတွင်း KIC ပြုစုထားသော ထူးခြားဖြစ်ရပ် မှတ်တမ်းများ
ဒီဇင်ဘာ ၂၉၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
၂၀၂၄ ခုနှစ်အတွင်း မြန်မာပြည်၏ စစ်ရေး၊ နိုင်ငံရေး ပဋိပက္ခသည် လျော့ကျလာခြင်းမရှိဘဲ ပို၍ပင် ပြင်း ထန်လာသည်။ ထို့အတူပင် စစ်ရေးပဋိပက္ခကြောင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး နယ်မြေတွင် စစ်ရှောင်ရသည့် အရပ်သား ပြည်သူ တစ်သန်းကျော်အထိရှိလာသလို ကရင်ဒေသအတွင်း စစ်ရေး၊ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှု များစွာဖြစ်ပေါ်ခဲ့သည်။
ထို့ကြောင့် ၂၀၂၄ ခုနှစ်အတွင်း ဖြစ်ပေါ်နေသော ကရင့် စစ်ရေး၊ နိုင်ငံရေး ထူးခြားဖြစ်ရပ်အချို့ကို ကေအိုင်စီ-ကရင်သတင်းဌာနက အပိုင်း ၅ ပိုင်းခွဲကာ ထုတ်နုတ်သုံးသပ်ဖော်ပြလိုက်ပါသည်။
တစ်မြို့လုံး စစ်ဒဏ်ခံခဲ့ရသည့် ကော့ကရိတ်
၂၀၂၄ ခုနှစ် ပထမလေးလပတ် ဇန်နဝါရီမှ ဧပြီလထိ ကော့ကရိတ်မြို့ပေါ်တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး မြို့ပေါ်ရှိ အိမ်အလုံး ၃၀၀ ကျော် လက်နက်ကြီးထိမှန်ခြင်းနှင့် မီးလောင်ပျက်စီးခဲ့ကာ မြို့ပျက်ကြီးသဖွယ်ဖြစ်ခဲ့ သည့်အတွက် ယခုနှစ် ဖြစ်ရပ်မှတ်တမ်းများ ပြုစုရာတွင် ကော့ကရိတ်မြို့ စစ်ဘေးသင့်ခဲ့မှုများကို ပထမဦးဆုံး ဖော်ပြလိုပါသည်။
ကော့ကရိတ်မြို့၏ နောက်ခံသမိုင်းအကျဉ်းချုပ်ကို ပြန်ကြည့်မည်ဆိုလျှင် ကုန်းဘောင်ခေတ်၊ ဘကြီးတော် (စစ်ကိုင်းမင်း)လက်ထက် ၁၈၂၄ ခုနှစ်၊ မတ် ၅ ရက်မှ ၁၈၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်ထိ ဖြစ်ပွားသည့် အင်္ဂလိပ်- မြန်မာ ပထမစစ်အပြီး ရန္တပိုစာချုပ်အရ ရခိုင်၊ တနင်္သာရီကမ်းရိုးတန်းတလျှောက်၊ သံလွင်မြစ် အရှေ့ဘက်နှင့် မုတ္တမ၊ အာသံ၊ မဏိပူရ စသည်တို့ကို အင်္ဂလိပ်တို့အား ပေးခဲ့ရသည့်အတွက် ကော့ကရိတ်မြို့နယ်သည်လည်း အင်္ဂလိပ် လက်အောက်သို့ ကျရောက်ခဲ့သည်။
ထိုစဉ်က ဟောင်သရောမြို့နယ်အနေဖြင့်သာရှိခဲ့ရာမှ ၁၉၀၁ ခုနှစ်တွင် ဟောင်သရောမှ ခွဲထုတ်ပြီး ကော့ကရိတ် မြို့ကို အင်္ဂလိပ်တို့က မြို့အုပ်တစ်ဦးခန့်အုပ်ချုပ်ခဲ့သည်။ ကော့ကရိတ်မြို့မှ ဒေါနတောင်တန်းကို ကျော်လျှင် မြဝတီမြို့သို့ရောက်ရှိပြီး ယခင်က ထိုတောင်ကျော်လမ်းကို အတက်ကားတစ်ရက်၊ အဆင်းကားတစ်ရက် သီးခြား ခွဲထား၍ ကော့ကရိတ်တွင် ကုန်စည်နှင့်ခရီးသွားတို့ တစ်ထောက်နားခိုလေ့ရှိကာ စီးပွားရေးကောင်းမွန်သည့် မြို့ဖြစ်သည်။
ယခင်ကတည်းက ကရင်တော်လှန်ရေးတပ်ဖွဲ့များ အခြေစိုက်သည့် ဒေသဖြစ်သလို ၂၀၂၁ ခုနှစ် စစ်တပ်အာဏာ သိမ်းပြီးနောက် နိုင်ငံတဝှမ်းလုံး စစ်အာဏာရှင်ကို တော်လှန်ရေးစစ်ပွဲများသည်လည်း ကော့ကရိတ်သို့ ရောက်ရှိ လာသည်။
တကျော့ပြန် ကော့ကရိတ်မြို့သိမ်းတိုက်ပွဲသည် ၂၀၂၃ ဒီဇင်ဘာကတည်းက အစပြုခဲ့ပြီး ၂၀၂၄ ဖေဖော်ဝါရီ ၅ ရက် နေ့တွင် ကေအဲန်ယူ၊ ကရင်အမျိုးသားတပ်မတော်-KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ ကော့ကရိတ်မြို့ တွင်း တိုက်ပွဲ ပြင်းထန်ခဲ့သည်။ ထိုတိုက်ပွဲတွင် မြို့တွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ မြို့တွင်းမှ ဆုတ်ခွာသွားရသလို မြို့တွင်းရှိ ခြေလျင်တပ်ရင်း(ခလရ-၉၇) တပ်ဝန်းအတွင်းသို့ ပြောင်းရွှေ့ခံစစ် ပြင်ခဲ့ရသည်။
ထို့နောက် ဖေဖော်ဝါရီလအတွင်း အဆိုပါ ခလရ-၉၇ တပ်ရင်းကို တော်လှန်ရေးတပ်ဖွဲ့များက မကြာခဏ ဝင်ရောက်တိုက်ခိုက်ခဲ့သလို စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးများ မြို့ပေါ်ရပ်ကွက်သို့ ပစ်ခတ်မှုများ ပြန်လည် ပြုလုပ်ခဲ့သည်။
ထိုအချိန်က ကော့ကရိတ်မြို့တွင်း၌ တော်လှန်ရေးတပ်ဖွဲ့များ တပ်စခန်းချနေရာယူထားသလို စစ်ကောင်စီတပ်က လည်း မြို့တွင်း ခလရ-၉၇ အခြေပြုပြီး စခန်းကုန်းများမှ ၎င်းတို့ အားသာသည့် လက်နက်ကြီးများ ပစ်ခတ်ခုခံ တိုက်ခိုက်ခဲ့ပြီး မြို့တွင်း၌ နှစ်ဖက်တပ်များရှိနေသည့် အခြေအနေဖြစ်ခဲ့သည်။
စစ်ကောင်စီဘက်ကလည်း ကော့ကရိတ်မြို့မကျရေးအတွက် ကျုံဒိုးမှတစ်ဆင့် ချောင်းဖျား၊ ကျုံဘိုင်းကျေးရွာ ထို့နောက် နဘူး၊ မြပတိုင်လမ်းက ရင်ကွဲတောင် ကြောဘက်မှ ကော့ကရိတ်ရေလယ်ကုန်းရွာကို လမ်းလျှောက် စစ်ကြောင်းဖြင့် မြို့ထဲရှိ ၎င်းတို့ တပ်ဖွဲ့ထံ စစ်ကူနှင့် လက်နက်ခဲယမ်း ပို့ဆောင်ကာ ခုခံကာကွယ်ခဲ့သည်။
ထိုသို့ နှစ်ဖက်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး ဧပြီ ၃ ရက်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်များ က ခလရ-၉၇ ကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီက လက်နက်ကြီးများ ပြန်လည်ပစ်ခတ်သည့်အတွက် ကော့ကရိတ် မြို့ပေါ်ရပ်ကွက်များရှိ နေအိမ်များ မီးလောင်ပျက်စီးခဲ့သည်။
သို့သော် တော်လှန်ရေးတပ်ဖွဲ့များ အဆိုပါ ခလရ- ၉၇ တပ်ရင်းကို သိမ်းယူနိုင်ခြင်းမရှိသလို စစ်ကောင်စီ တိုက်လေယာဉ်ဖြင့် လေကြောင်းမှ ဗုံးကြဲပစ်ကူးပေးခြင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများဆက်တိုက် ပြုလုပ် ခုခံသည်။ ထို့ကြောင့် အဆိုပါ ၄ လကြာ တိုက်ပွဲတွင် ကော့ကရိတ် မြို့ပေါ် ရပ်ကွက် ၇ ခုမှ နေအိမ် ၃၀၀ ကျော် မြို့ထက်ဝက်ခန့် နေအိမ်များ မီးလောင်သွားသည်။
အချိန်ကြာလာသည်နှင့်အမျှ စစ်ကောင်စီက လက်နက်နှင့် စစ်ကူများ ကော့ကရိတ်သို့ ပို့ဆောင်နိုင်ခဲ့ပြီး ဧပြီ ၁၁ ရက်နေ့တွင် မြို့တွင်းသို့ ခလရ-၉၇ အခြေပြု စစ်ကောင်စီတပ်များ ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ဧပြီ ၂၀ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များရှိသည့် ကော့ကရိတ်မြောက်ပိုင်းသို့ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များလည်း တပ်ပြန်ဆုတ်ရသည့် အခြေအနေသို့ ရောက်ရှိသွားသည်။
ထို့နောက် ဧပြီလကုန်ပိုင်းတွင် စစ်ကောင်စီက ကော့ကရိတ်မြို့ပေါ်ကို နယ်မြေရှင်းလင်းကာ ပြန်လည်စိုးမိုး နိုင်ခဲ့ပြီး မြို့ပေါ်ဌာနဆိုင်ရာလုပ်ငန်းများ မေလ ၁ ရက်နေ့မှစ၍ ပြန်လည်ပတ်ရမည်ဟု စစ်ကောင်စီက ညွှန်ကြား ကာ ၄ လကျော်ကြာ ကော့ကရိတ်မြို့သိမ်းတိုက်ပွဲ တစ်ခန်းရပ်သွားသည်။
၎င်းအပြင် စစ်ကောင်စီက မြို့တွင်းမှ စစ်ရှောင်များကို မြို့သို့ ပြန်လာနေထိုင်ရန် ဖိတ်ခေါ်ခဲ့ပြီး စစ်ရှောင် ၈၀၀ ခန့် ကနဦး ပြန်နေထိုင်ကြသလို စစ်ကောင်စီက စစ်ရှောင်များအား စားနပ်ရိက္ခာများ မြို့နယ်ခန်းမ၌ ပေးဝေမှုများပြု လုပ်ခဲ့ကြောင်းသိရသည်။
စစ်ပွဲရပ်သွားပြီးနောက် ကော့ကရိတ်မြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်သည့် အိမ်ခြေ ၁,၀၀၀ ကျော်ရှိ အမှတ် (၇) ရပ်ကွက်၌ လူနေအိမ် (၃) ပုံ ပုံလျှင် (၂) ပုံခန့်မှာ မီးလောင်ပျက်စီးနေပြီး ကျန်ရှိရပ်ကွက်အမှတ် (၂) နှင့် အမှတ် (၄) ရပ်ကွက်တို့တွင်လည်း ပျက်စီးမှုများရှိနေ၍ လူနေထိုင်မှုမရှိကြောင်း နေအိမ်ပြန်ကြည့်သည့် စစ်ရှောင်တစ်ချို့ ထိုစဉ်က ပြောခဲ့သည်။
ထိုသို့ တိုက်ပွဲ ရပ်သွားစဉ် ယခင်က စည်ကားလေ့ရှိသည့် ကော့ကရိတ်မြို့ပေါ်တွင် ဈေးဆိုင်များ မရှိတော့သလို ရေဝယ်သောက်၍ မရဖြစ်ခဲ့ရပြီး ရေတွင်းများလည်း ပျက်စီးနေသည်ဟု ဒေသခံတို့က ပြောသည်။
ကော့ကရိတ်မြို့မသိမ်းနိုင်ရသည့် အကြောင်းအရင်းများမှာ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှု အများအပြား ပြုလုပ်ခြင်း၊ တိုက်လေယာဉ်များဖြင့် ဗုံးကြဲစစ်ကူတိုက်ခိုက်ခြင်း၊ စစ်ကူတပ်များရောက်ရှိလာခြင်း စသည့်အချက် များကြောင့် ဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုခဲ့သည်။ လက်ရှိ ကော့ကရိတ် မြို့ကို စစ်ကောင်စီ အုပ်ချုပ်ရေး ယန္တရားလည်ပတ်နိုင်သော်လည်း မြို့ပေါ်တွင်သာဖြစ်ပြီး အနီးအနားကျေးရွာများတွင်မှု စိုးမိုးထိန်းချုပ် ထားနိုင်ခြင်းမရှိ ဖြစ်နေသည်။
အသွင်ပြောင်းမည့် သတင်းများနှင့် လှုပ်ခတ်ခဲ့သည့် BGF
၂၀၂၄ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ကရင်နယ်ခြားစောင့်တပ် (BGF) အသွင်ပြောင်းမည့် သတင်းများပေါ်ထွက်ခဲ့ ပြီးနောက် ပြည်တွင်းပြည်ပရှိ မြန်မာအရေးလေ့လာသူများ၊ နိုင်ငံရေး စိတ်ဝင်စားသူများအကြားတွင် BGF ကို အလေးထားစောင့်ကြည့်မှုများ ယခုနှစ်အတွင်း မြင့်တက်လာခဲ့သည်။ ထို့ကြောင့် ၂၀၂၄ ခုနှစ်၊ ဖြစ်ရပ်မှတ်တမ်း ကဏ္ဍတွင် BGF ကို သီးခြားထုတ်နုတ် ဖော်ပြလိုသည်။
ယခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့တွင် BGF အနေဖြင့် စစ်ကောင်စီထံမှ ရိက္ခာနှင့် လစာမယူတော့ဘဲ သီးခြားရပ်တည် သွားမည်ဟု ကနဦးသတင်းထွက်ပေါ်လာခဲ့သည်။ ထိုသတင်းထွက်ပေါ်ရခြင်း နောက်ခံအကြောင်းအရင်းမှာ စစ်ကောင်စီအနေဖြင့် ထိုင်းနိုင်ငံအစိုးရနှင့် ပူးပေါင်း၍ မြန်မာ-ထိုင်းနယ်စပ်ရှိ တရားမဝင် လောင်းကစား လုပ်ငန်း များကို နှိမ်နင်းသွားမည်ဟု သဘောတူခဲ့ပြီးနောက် ယခုလို နယ်ခြားစောင့်တပ်-BGF မှ စစ်ကောင်စီထံလစာ မယူ ဘဲ သီးခြားရပ်တည်သွားမည့် သတင်းများကို ထိုင်းသတင်းဌာန(Thai PBS)က ပထမဦးဆုံး ဖော်ပြခဲ့သည်။
ထိုသို့ သတင်းများထွက်ပေါ်လာပြီးနောက် စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် တပ်ဖက်တာဝန်ရှိသူတို့ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ နေထိုင်ရာ လှိုင်းဘွဲမြို့နယ်ရှိ ကြာအင်ကျေးရွာသို့ လာရောက်တွေ့ဆုံညှိနှိုင်းခဲ့ကြောင်း၊ ထို့နောက် ညှိနှိုင်းမှု အဆင်မပြေသောကြောင့် ဒုစစ်ခေါင်းဆောင် ကိုယ်တိုင် ဇန်နဝါရီ ၂၂ ရက်နေ့တွင် ထပ်မံလာရောက် တွေ့ဆုံ ညှိနှိုင်းခဲ့သည်ဟု သတင်းများထွက်ပေါ်လာခဲ့သည်။
ထိုသို့ ဒုစစ်ခေါင်းဆောင်နှင့် ဖားအံမြို့၌ လာရောက်တွေ့ဆုံညှိနှိုင်းသော်လည်း မည်သည့် ရလဒ်မျှမရခဲ့ဟု ထိုစဉ် က BGF ဥက္ကဋ္ဌ ဖြစ်သူ ဗိုလ်ချုပ်စောထွန်းလှိုင်းက ယခုလို ပြောဆိုခဲ့သည်။
“ကျနော်တို့ကတော့ ကိုယ်နယ်မြေ ဒေသကိုပဲ ကာကွယ်သွားမယ်လို့ ပြောခဲ့တယ်။ သူတို့နဲ့ပူးပေါင်းလုပ်ဆောင် လာတာလည်း နှစ်ပေါင်း ၃၀ လောက်ရှိပြီးဆိုတော့ အချင်းချင်းကြားလည်း မတိုက်ခိုက်ချင်တော့ဘူး။ ကျနော်တို့ ပြောတာက ငြိမ်းချမ်းရေးတပ်ပုံစံလောက်ပဲ နေသွားတော့မယ်။ သူတို့ လစာမစားတော့ သူတို့ခိုင်းတာလည်း လုပ်စရာ မလိုတော့ဘူးပေါ့။” ဟု ၎င်းက ပြောခဲ့သည်။
ယခုလို သတင်းများ ထွက်ပေါ်လာသည့်အတွက် ကရင့်နိုင်ငံရေး၊ တော်လှန်ရေးအသိုင်းအဝိုင်းနှင့် ပြည်တွင်း ပြည်ပမှ မြန်မာ့အရေးလေ့လာစောင့်ကြည့်သူများအကြား BGF အသွင်ပြောင်းမည့်အရေးကို အထူးစိတ်ဝင်စားမှု မြင့်တက်လာခဲ့သည်။
ထိုစဉ်က BGF နှင့် တပ်ဖွဲ့ဝင်များ ၎င်းတို့ဌာနချုပ်တည်ရှိရာ မြဝတီမြို့နယ်ထဲရှိ ရွှေကုက္ကိုလ်မြို့၌ ခံစစ်ပြင်ဆင် နေသည်ဟုသတင်းများ ထွက်ပေါ်လာခဲ့သလို ဒေသအသီးသီးရှိ ၎င်းတို့တပ်ဖွဲ့ဝင်များကလည်း ဆိုင်ရာတပ်စခန်း များတွင် ဆက်ရှိမရှိနှင့် ပတ်သက်၍ မည်သို့ ဆက်လုပ်ကိုင်ရမည်ကို အထက်အမိန့်များစောင့်ဆိုင်း နေခဲ့သည့် အခြေအနေမျိုးထိ သတင်းများထွက်ပေါ် လာခဲ့သေးသည်။
ယခုလို တပ်စခန်းအသီးသီးရှိ BGF တပ်ဖွဲ့ဝင်များ တပ်ပြန်ဆုတ်သွားပါက အမှန်တကယ် ခက်ခဲသွားမည့်သူမှာ မြန်မာစစ်တပ်သာ ဖြစ်သည်ဟု မဟာဗျူဟာ နှင့် မူဝါဒလေ့လာရေးအဖွဲ့ -ISP ၏ ပြည်ပဆက်ဆံဆက်သွယ်ရေး ဒါရိုက်တာတစ်ဦးလည်းဖြစ်သူ ဦးအောင်သူငြိမ်းကို ထိုစဉ်က ကေအိုင်စီ-ကရင်သတင်းဌာနမှ ဆက်သွယ်မေးမြန်း ချက်အပေါ် မှတ်ချက်ပြု ပြောဆိုခဲ့သည်။
“ကျနော်တို့ လေ့လာမိသလောက်တော့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက မြန်မာစစ်တပ်က သူစစ်ဆင်ရေး လုပ်မယ်ဆိုရင် သူ့ဘာသာသူ လုပ်နိုင်တဲ့ အနေအထားခက်သွားတယ်ဗျာ့။ အဲ့တော့ BGF တွေရှိရင် ပူးတွဲပြီးတော့ ရှေ့တန်းထွက်တာတို့၊ စစ်ဆင်ရေး လုပ်တာတို့ စခန်းထိုင်တာတို့ ဒါမျိုးတွေ ရှိတာပေါ့။ တကယ့်လို့သာ ဒီ ကရင် BGF စခန်းတွေ နောက်ဆုတ်လိုက်ရင် သူ့ရဲ့ စခန်းတော်တော်များများက မတိုက်ရဘဲ နောက်ပြန် ဆုတ်ရမယ့် ကိန်းမျိုးတွေ ရှိနိုင်တယ်လို့ထင်တယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။
ယခုလို BGF အသွင်ပြောင်းမည့်ဟု ထွက်ပေါ်လာသည့် နောက်ခံအကြောင်းအရင်းသည် တရားမဝင် အွန်လိုင်း ငွေလိမ်လုပ်ငန်းဖြစ်သည့် ကျားဖြန့် လုပ်ငန်းများကို စစ်ကောင်စီက ထိုင်း၊ တရုတ်တို့နှင့် ပူးပေါင်းနှိမ်နှင်းမည့် သတင်းများနှင့် ဆက်စပ်နေသည်ကို တွေ့ရသည်။
ထိုစဉ်က ရှမ်းမြောက်တွင် ကျားဖြန့်လုပ်ငန်းများ နှိမ်နှင်းခံရပြီး တရုတ်နိုင်ငံသားအများအပြားကို တရုတ်နိုင်ငံသို့ ပြန်လွှဲပေးနေမှုများ ရှိနေသည့် အချိန်အခါလည်းဖြစ်ကာ မြန်မာပြည်အရှေ့တောင်ပိုင်းဒေသထိ ဂယက်ရိုက်ခတ် လာခဲ့သည်။ ထိုင်း-မြန်မာ နယ်စပ်ရှိ မြဝတီ၊ ရွှေကုက္ကိုလ်၊ မယ်ထော်သလေး၊ ကျောက်ခက်၊ ဘုရားသုံးဆူ၊ ဝေါလေ ဒေသများတွင် တရားမဝင် ကာစီနိုလောင်းကစားရုံနှင့် အွန်လိုင်းငွေလိမ်လုပ်ငန်းများ ရှိနေသည်ဟု သတင်းထွက် ပေါ်နေသည်မှာ ကြာခဲ့ပြီးဖြစ်သည်။
ထိုလုပ်ငန်းများတွင် တရုတ်နိုင်ငံသားများ လာရောက်လုပ်ကိုင်နေမှုများရှိပြီး အများစုသည် အိမ်နီးချင်းထိုင်းနိုင်ငံ မှတစ်ဆင့် ဝင်ရောက်လာခြင်းဖြစ်သည်ဟု BGF တာဝန်ရှိသူများက ပြောသည်။ ထိုသို့ ကျားဖြန့်လုပ်ငန်းလုပ်သူ များကို ထိုစဉ်က ၁,၄၈၀ ဦးကျော်ထိ BGF က ပြန်လွှဲပို့ ခဲ့သေးသည်။
အကျိုးဆက်အနေဖြင့် ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF ခေါင်းဆောင်ဗိုလ်မှူးချုပ်စောချစ်သူ၊ ဗိုလ်မှူး စောမုတ်သုန်၊ ဗိုလ်မှူး စောတင်ဝင်းနှင့် BGF ပိုင် ချစ်လင်းမြိုင် (CTM) ကုမ္ပဏီကို ဥရောပသမဂ္ဂ (EU)က အရေး ယူသည့်အနေဖြင့် ဒဏ်ခတ်ပိတ်ဆို့ကြောင်း ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်နေ့တွင် ထုတ်ပြန်သည်။
မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်အပါအဝင် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် အွန်လိုင်းငွေကြေးလိမ်မှုလုပ်ငန်း၊ မူးယစ်ဆေဝါး၊ နိုင်ငံဖြတ်ကျော် လူကုန်ကူးမှုများနှင့် အတင်းအဓမ္မခိုင်းစေမှုများ စသည့်တရားမဝင်လုပ်ငန်း များတွင် BGF ခေါင်းဆောင် ပုဂ္ဂိုလ်များနှင့် ချစ်လင်းမြိုင်ကုမ္ပဏီတို့က အကျိုးအမြတ်ယူသည့်အတွက် အီးယူ အနေဖြင့် ယခုလို ဒဏ်ခတ်ပိတ်ဆို့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ယခုလို EU အရေးယူပိတ်ဆို့မှု ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ကိစ္စကြီးကြီးမားမား မဟုတ်သလို ကိုယ့်နိုင်ငံ အတွင်း နေထိုင်သည့်အတွက် မည်သူမှ လာရောက်အရေးယူ၍မရဟု BGF က တုန့်ပြန်သည်။
လူကုန်ကူးမှုများနှင့်ပတ်သက်၍ BGF အဖွဲ့အနေဖြင့် တိုက်ဖျက်မှုလုပ်ဆောင်နေသလို ၎င်းတို့ ထိန်းချုပ်သည့် နယ်မြေဒေသထဲတွင် သိရှိပါက လူကုန်ကူးသူများကို ဖမ်းဆီးမှုများလည်း လုပ်ဆောင်လျက်ရှိပြီး လူကုန်ကူး ခံရသူ များကိုလည်း သက်ဆိုင်ရာနိုင်ငံသို့ မကြာခဏပြန်ပို့ဆောင်မှု များလုပ်ဆောင်ခြင်း ရှိနေသည်ဟု EU ဒဏ်ခတ် ပိတ်ဆို့မှု စာရင်းထဲတွင်ပါဝင်သည့် BGF တပ်နယ်-၂ ဗျူဟာမှူး ဗိုလ်မှူးစောတင်ဝင်းက ထိုစဉ်က ပြောခဲ့သည်။
BGF အသွင်ပြောင်းမည့်ကိစ္စသည် ထိုမျှနှင့် မပြီးသွားခဲ့။ ၂၀၂၄ ခုနှစ် မတ်လကုန်တွင် ကရင်ပြည်နယ်၊ နယ်ခြား စောင့်တပ်-BGF ကို ကရင်အမျိုးသားတပ်မတော် (Karen National Army-KNA) အဖြစ်ပြောင်းလဲ ဖွဲ့စည်းမည်ဟု ထိုအချိန်က BGF တာဝန်ရှိသူက ထုတ်ဖော်ပြောခဲ့သေးသည်။ ထိုသို့ ပြောင်းလဲဖွဲ့စည်းနေမှုအပေါ် မည်သည့် အတိုင်းအတာထိ ရောက်ရှိနေသည်ကိုမူ ယခုနှစ်ကုန်ပိုင်းအချိန်ထိ တိတိပပ ပြောဆိုထားခြင်း မရှိသေးသည်ကို တွေ့ရသည်။
BGF နောက်ခံ သမိုင်းကို ပြန်ကြည့်မည်ဆိုလျှင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ မြန်မာနိုင်ငံတွင် တပ်မတော် တစ်ခုတည်းသာ ရှိရမည်ဟု သတ်မှတ်ထားသည်။ ထို့အတွက် ငြိမ်းချမ်းရေးယူထားသည့် ယခင်က တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-DKBA ကို နယ်ခြားစောင့် အဖြစ်အသွင်ပြောင်းရန် ထိုစဉ်က နအဖ စစ်အစိုးရက ဖိအားပေးခဲ့သည်။ ထို့ကြောင့် DKBA မှ တစ်ချို့ ၂၀၁၀ ပြည့်နှစ်တွင် စစ်တပ်လက်အောက်ခံ အဖြစ်ပြောင်းလဲ ရပ်တည်ခဲ့ရပြီး ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF အဖြစ် စတင် ပေါ်ပေါက် လာခဲ့ခြင်းဖြစ်သည်။
လက်ရှိ BGF တွင် တပ်နယ် (၄) နယ်၊ တပ်ရင်း ၁၃ ရင်းဖြင့် ဖွဲ့စည်းထားသည်။ လှိုင်းဘွဲမြို့နယ်တွင် အမှတ် ၁၀၁၁၊ ၁၀၁၂၊ ၁၀၁၅၊ ၁၀၁၆ တပ်ရင်းတို့ အခြေချလှုပ်ရှားသလို ဖာပွန်မြို့နယ်တွင် အမှတ် ၁၀၁၃၊ ၁၀၁၄ တပ်ရင်း၊ မြဝတီမြို့နယ်တွင် အမှတ် ၁၀၁၇၊ ၁၀၁၈၊ ၁၀၁၉၊ ၁၀၂၀၊ ၂၀၂၂ တပ်ရင်းများနှင့် ကြာအင်းဆိပ်ကြီး မြို့နယ်တွင် အမှတ် ၁၀၂၁၊ ၁၀၂၃ တပ်ရင်းတို့ အခြေချလှုပ်ရှားလျက်ရှိသည်။ လက်ရှိတပ်ဖွဲ့ဝင်အင်အား ၇,၀၀၀ ကျော်ရှိသည်ဟု လေ့လာသူများက ခန့်မှန်းပြောဆိုထားသည်။
သို့သော် ယခုနှစ်အတွင်း စစ်ကောင်စီ စစ်မှုထမ်းဥပဒေကို ရှောင်ရှားလိုသည့် လူငယ်များ BGF တပ်ဖွဲ့ထံသို့လည်း ဝင်ရောက်သွားခြင်းများရှိသည့်အတွက် လက်ရှိတပ်ဖွဲ့အင်အားတိုးလာမည်ဖြစ်သည်။
ယခုနှစ်တွင် BGF အသွင်ပြောင်းမည့်သတင်းများနှင့် အများစိတ်ဝင်စား စောင့်ကြည့်ခံရမှုများခဲ့သလို EU က လောင်းကစားအပါအဝင် တရားမဝင်လုပ်ငန်းများလုပ်သည့်အတွက် ဒဏ်ခတ်ပိတ်ဆို့မှုများကိုလည်း ရင်ဆိုင်ခဲ့ရ သည်။ တခြားတစ်ဖက်တွင်မူ ၎င်းတို့ ဒေသ၌ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့် အခြေခံအ ဆောက် အဦးများ တိုး၍ ပြုလုပ်ပေးမှု၊ ကရင်စာပေ၊ ယဉ်ကျေးမှုနှင့် အနုပညာ စသည့် ဘက်စုံအမျိုးသားရေးကဏ္ဍ များတွင်လည်း ပူးပေါင်းပါဝင်ခဲ့မှုများဖြင့်လည်း ထင်ရှားခဲ့သည်။
တိုက်ယူပြီး ပြန်လက်လွှတ်လိုက်ရသည့် မြဝတီမြို့
ယခင်က မြန်မာနိုင်ငံ၏ ဒုတိယအကြီး နယ်စပ်ကုန်သွယ်ရေးစခန်းရှိရာ မြဝတီမြို့ကို ၂၀၂၄ ခုနှစ် ပထမ လေးလ ပတ်တွင် KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA နှင့် တော်လှန်ရေးပူးပေါင်း တပ်တို့က တိုက်ခိုက်သိမ်းယူခဲ့သည်။
သို့သော်ရက်ပိုင်းအတွင် ပြန်လက်လွှတ်လိုက်သည့် အခြေအနေဖြစ်ပေါ်ခဲ့ သည်။ ထိုသတင်းကို နိုင်ငံတဝှမ်းလုံးက စိတ်ဝင်စားမှု၊ သုံးသပ်ပြောဆိုမှု၊ ဝေဖန်မှုများလည်းရှိခဲ့သည့်အတွက် ၂၀၂၄ ဖြစ်ရပ်မှတ်တမ်းတွင် ကဏ္ဍတစ်ခု အနေဖြင့် ဖော်ပြလိုသည်။
စစ်တပ်အာဏာသိမ်းမှု ၃ နှစ်ပြည့်ချိန် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်နေ့ ညနေပိုင်းမှစ၍ မြဝတီမြို့ သင်္ဃန်းညီ နောင်၊ ရွာသစ်ကုန်း၊ ကုန်သွယ်ရေးဇုန် နေရာများရှိ စစ်တပ် အခြေစိုက်ကင်းစခန်းများကို ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် မဟာမိတ် ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းတွင် ရွာသစ် /သင်္ဃန်းညီနောင် အာရှလမ်းပိုင်အား KNLA မဟာမိတ် PDF ပူးပေါင်းတပ်များ ထိန်းချုပ်လိုက်သည်။ ထိုအချိန်မှစ၍ မြဝတီမြို့သိမ်း တိုက်ပွဲစတင်ခဲ့သည်ဟု ဆိုနိုင်သည်။
ထို့နောက် မြဝတီ၊ သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း -ခမရ ၃၅၅ တပ်နှင့် စစ်ဗျူဟာကုန်းနေရာ များတွင် ယမန်နေ့ မတ်လ ၇ ရက် နံနက်ပိုင်းမှ KNLA မဟာမိတ် ပူးပေါင်း PDF တပ်တို့က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ညပိုင်းတွင် အပြီးသိမ်းယူနိုင်ခဲ့သည်။
ထိုသို့ တိုက်ပွဲများ ဖြစ်ပေါ်နေချိန်တွင် စစ်ကောင်စီက မြဝတီမြို့ အနီးဝန်းကျင်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် မှုများ ပြုလုပ်ခဲ့သည်။ ထို့အတွက် ရပ်သားများ ထိခိုက်သေဆုံးမှု ဖြစ်ပေါ်ခဲ့သေးသည်။
ထို့နောက် မြဝတီမြို့မြောက်ဘက် သင်္ဃန်းညီနောင်ကျေးရွာရှိ စစ်ကောင်စီတပ်၏ ခြေမြန်တပ်ရင်း-ခမရ ၃၅၆၊ ခမရ ၃၅၇ ကို မတ်လ ၁၅ ရက်၊ နံနက်အစောပိုင်းက KNLA မဟာမိတ်ပူးပေါင်း တပ်များ ဝင်ရောက် တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ထိုတပ်များက သင်္ဃန်းညီနောင် စစ်ဗျူဟာ၌ စုပေါင်း ခုခံပြန်တိုက်ခိုက်သည်။
သို့သော် ဧပြီ ၅ ရက်နေ့တွင် သင်္ဃန်းညီနောင် အခြေချဗျူဟာ၊ ဗျူဟာမှူး ဗိုလ်မှူးကြီးထွန်းထွန်းလတ် ဦးဆောင်၍ အရာရှိအဆင့် ၆၇ ဦး၊ အခြားနှင့် တပ်သားအဆင့် ၄၁၀ ဦး၊ ရဲမေ ၅၉ ဦးနှင့် တပ်မိသားစုဝင် ၈၁ ဦးတို့အပါအဝင် စုစုပေါင်း ၆၁၇ ဦးလက်နက်ချခဲ့ပြီးနောက် ဗျူဟာကုန်းသိမ်းပွဲ ပြီးဆုံးသွားသည်။ ထိုဗျူဟာကုန်းမှ လက်နက် ကြီး၊ လက်နက်ငယ်များနှင့် ခဲယမ်းမီးကျောက်မြောက်များစွာကိုလည်း သိမ်းပိုက်ရရှိခဲ့ပါသည်ဟု ပြောသည်။
အဆိုပါ လက်နက်ချအညံ့ခံခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဘေးကင်းလုံခြုံသည့်နေရာတွင် ထားရှိကာ နိုင်ငံ တကာ စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားသည်ဟု ကေအဲန်ယူက ထိုအချိန်တွင် ပြောသည်။
ယခုလို ဗျူဟာမှူးအပါအဝင် စုစုပေါင်း ၆၁၇ ဦး လက်နက်ချခြင်းသည် ယခုနှစ်တွင် ကေအဲန်ယူနယ်မြေအတွင်း အများအပြား စုပေါင်းလက်နက်ချသည့် ဖြစ်စဉ်လည်း ဖြစ်သည်။ စစ်ကောင်စီဘက်ကလည်း ဗျူဟာမှူးပါ လက် နက်ချ အသိမ်းခံရမှုအပေါ် ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးသီးများ ကြဲချတိုက်ခိုက်ပြီး လက်တုန့် ပြန်သည်။
ယခုလို သင်္ဃန်းညီနောင်၊ စစ်ဗျူဟာကို တိုက်ခိုက်သိမ်းပိုက်ရခြင်းသည် အဆိုပါ စစ်ဗျူဟာကုန်းရှိသည့်အတွက် နယ်မြေတွင်းနေထိုင်ကြသော ကရင်လူမျိုးနှင့် အခြားလူမျိုးများ၏ စီးပွားရေး၊ ပညာရေး၊ လူမှုရေးများကို ထိခိုက် ကျဆင်းစေသည့်အပြင် ရိုးရာယဉ်ကျေးမှုများလည်း ပျက်စီးပျောက်ကွယ်စေခဲ့၍ ဖြစ်သည်ဟု ကေအဲန်ယူက ထိုအချိန်က ထုတ်ပြန်ပြောဆိုထားသည်။
“ရာပေါင်းများစွာရှိတဲ့ အသက်တွေကို မိသားစုတွေရော၊ ကလေးတွေရော၊ လူနာတွေရော ကျနော်ကယ်တင် နိုင်တယ်ပေါ့။ ဒီလိုကယ်နိုင်တာဖြစ်တဲ့အတွက် ကျနော်ဘဝတော့ ပေးဆပ်ရမှာပေါ့။ ပေးဆပ်ရတဲ့အပေါ်ကိုလည်း ကျနော်ခံယူရမှာပေါ့လေ။ ဘာလို့ဆို ကျနော်က လူကြီးကို။ ကျနော် ဒါကိုပေးဆပ်ရဖို့အတွက် ဆုံးဖြတ်ရတာပေါ့။ ခက်ခက်ခဲခဲ ကျနော် ဆုံးဖြတ်ပြီးသွားပြီ။ အဲ့ဒီတော့ ဘဝမှာတော့ အသက်ပေါင်းများစွာကို ကယ်ခဲ့တဲ့အတွက် နိုင်ငံတော်ကပေးတဲ့ အပြစ်ကိုတော့ ခံယူရမှာပေါ့” ဟု လက်နက်ချခဲ့သူ ဗျူဟာမှူး၊ ဗိုလ်မှူးကြီးထွန်းထွန်းလတ် က သူဆုံးဖြတ်ချက်အပေါ် ရှင်းလင်း ပြောဆိုသည်။
ထို့နောက် မြဝတီမြို့ပြင်ရှိ မြို့စောင့်တပ် ခြေလျင်တပ်ရင်း (ခလရ ၂၇၅) ဧပြီ ၈ ရက်နေ့တွင် KNLA နှင့်တော်လှန် ရေးမဟာမိတ်တပ်တို့က လက်နက်မချ၍ ဝင်တိုက်ခိုက်ခဲ့ပြီး ဧပြီ ၁၀ ရက်နေ့ ည ၁၁ ကျော်ချိန် တွင် စစ်ကောင်စီ တို့ တပ်ရင်းစခန်းကို စွန့်ခွာပြီး ထိုင်း-မြန်မာ နယ်စပ်အမှတ် ၂ ချစ်ကြည်ရေးတံတားကုန်ကားဝင်း၌ ခံစစ်ပြင်သည်။
ထိုဖြစ်စဉ်သည် ၁၉၉၀ ကျော်ချိန်က ကေအဲန်ယူကို စစ်တပ်ကထိုးစစ်ဆင်ချိန်တွင် ထိုင်းနယ်စပ်အနီးထိတိမ်းရှောင် ခဲ့ရဖူးသည့် ကေအဲန်ယူကဲ့သို့ စစ်ကောင်စီတို့ နယ်စပ်အားကိုး ထွက်ပြေးခဲ့ရခြင်းလည်း ဖြစ်သည်။
သင်္ကြန်ပြီးကာလ ဧပြီ ၁၉ ရက်နေ့တွင်လည်း အဆိုပါ ချစ်ကြည်ရေးတံတား အနီးရှိ ခလရ-၂၇၅ တပ်ဖွဲ့ဝင်များကို တော်လှန်ရေး အင်အားစုတို့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နယ်စပ်တွင်တိုက်ပွဲ ပြင်းထန်သလို ထိုင်းဘက်ကလည်း နယ်စစ်တွင် စစ်အင်အားချ တပ်လှန့်ထားလိုက်သည်။
ယခုလို မြဝတီမြို့တွင် စစ်ကောင်စီကင်းစင်တော့မည်ဖြစ်ပြီး တော်လှန်ရေးအင်အားစုတို့ အောင်ပွဲခံရန် လက်တစ် ကမ်းအလိုတွင် ရုတ်တရက် အခြေအနေများ ရှုပ်ထွေးပြောင်းလဲ သွားပြန်သည်။
စစ်ကောင်စီက လက်လွှတ်ရတော့မည့် မြဝတီမြို့ကို ရက်ပိုင်းအတွင်း အကြိမ် ၁၅၀ ကျော်ဗုံးကြဲ တိုက်ခိုက်သည့် အတွက် ဧပြီ ၂၁ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့မှ မြဝတီ ချစ်ကြည်ရေး အမှတ်-၂ တံတားအနီးမှ စတင်တပ် ဆုတ်ခဲ့ပြီး တစ်စတစ်စဖြင့် မြဝတီမြို့ကို လက်လွှတ်လိုက်ရသည်။
ခလရ-၂၇၅ တပ်ဖွဲ့ဝင်များသည်လည်း BGF အချို့ အကူအညီဖြင့် ၎င်းတို့ တပ်ရင်းသို့ ပြန်ရောက်သွားခဲ့ပြီး အလံ ပြန်တင်သည့် ရုပ်သံဖိုင် လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ကာ တနိုင်ငံလုံးရှိ ပြည်သူတို့ အားမလိုအားမရ ဖြစ်ကာ သုံးသပ်ပြောဆို ဝေဖန်မှုများလည်း များစွာထွက်ပေါ်လာတော့သည်။
ကေအဲန်ယူကမူ မြဝတီမြို့ အခြေအနေသည် ရှုပ်ထွေးနေပြီး မြို့ကို အုပ်ချုပ်ရန် အဆင်မပြေသေးသည့်အတွက် ယခုလို ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။ ထို့အပြင် မြဝတီမြို့ကို ပြန်လက်လွှတ်လိုက်ခြင်းသည် စစ်ကောင်စီ၏ နိုင်ငံရေးထောင်ချောက်အတွင်း မကျမိစေရန် အတွက်လည်း ဖြစ်သည်ဟု ကေအဲန်ယူပြောရေး ဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောသည်။
ထူးခြားမှုအနေဖြင့် မြဝတီမြို့ကို စစ်ကောင်စီက BGF အကူအညီအဖြစ် ပြန်ရသွားသလို ဖြစ်ပြီးနောက်ပိုင်း ကျားဖြန့် လုပ်ငန်းများရှိသည့် ရွှေကုက္ကိုလ်ဒေသကို ရှင်းလင်းမည်ဟု ပြောဆိုသံများလည်း ငြိမ်သက်သွားခဲ့သည်။ ၎င်းအပြင် အရေးပါသည့် မြို့ကို သိမ်းပြီးနောက် မဟာမိတ်လက်နက်ကိုင်တို့အကြား မည်သို့ အုပ်ချုပ်သွားမည်ကို ကနဦး ကြိုတင် သဘောတူညီမှုများ ပြုလုပ်ထားရန်လည်း အရေးကြီးသည်ဟု ကရင့်နိုင်ငံရေးသုတေသီတို့က ပြောဆိုသည်။
လက်ရှိတွင်မူ မြဝတီမြို့ BGF က အင်အား ၂၀၀၀ ဝန်းကျင်ဖြင့် လုံခြုံရေးယူထားပြီး မြို့ပေါ်တွင် စစ်ကောင်စီ အုပ်ချုပ်ရေး ယန္တရားတစ်ချို့ ပြန်လည်ပတ်နေပြီး ဖြစ်သည်။ မြဝတီစစ်ပွဲကြောင့် ထိုင်းနိုင်ငံမဲဆောက်သို့ စစ်ရှောင် သူအများစုလည်း မြို့သို့ ပြန်သွားခဲ့ပြီး ဖြစ်သည်။
အချိန်ကိုက် ထွက်ပေါ်လေ့ရှိသည့် နိုင်ငံရေး တိုက်ကွက် ဗျူဟာဟောင်း
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးစအချိန် ကရင့်တော်လှန်ရေးစတင်သည့် ၁၉၄၉ ခုနှစ်တွင် ရန်ကုန် အစိုးရဟုသာ ခေါ်ဆိုခဲ့ရသည့် အချိန်မှလွဲ၍ ယခုနှစ် ၂၀၂၄ ခုနှစ်သည် စစ်တပ်အတွက် စစ်ရေးရှုံးနိမ့်မှု သမိုင်းတွင်ခဲ့သည်မှာ အများအသိဖြစ်သည်။
ယခုနှစ်တွင် လာရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဌာနချုပ်(ရမခ)ကို ကိုးကန့်တပ်-NMDAA က ယခုနှစ် ဇူလိုင် ၂၅ ရက်နေ့တွင် တိုက်ခိုက်သိမ်းယူသွားသည်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)ကိုလည်း အာရက္ခတပ်တော် (AA)က ဒီဇင်ဘာ ၂၀ ရက်နေ့တွင် တိုက်ခိုက်သိမ်းယူလိုက်ပြန်သည်။ နိုင်ငံတဝှမ်းလုံးရှိ မြို့များ ကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းယူနေသလို ကရင်ပြည်နယ်တွင်လည်း ဗျူဟာများအပြင် စခန်းအများအပြား သိမ်းခံရကာ စစ်တပ်ကင်းစင်ဒေသများ ပေါ်ထွက်ခဲ့မှုများက သမိုင်းတွင် ဖြစ်ရပ်များ ဖြစ်သည်။
ယခုလို စစ်ရှုံးချိန်တွင် ယခင်အာဏာရှင်ဟောင်းများ ကျင့်သုံးလေ့ရှိသည့် နိုင်ငံရေးတိုက်ကွက် ဗျူဟာဟောင်းဟု ဆိုနိုင်သည့် စစ်ဆန့်ကျင်ပွဲများ၊ စစ်တပ်ထောက်ခံပွဲများ၊ ငြိမ်းချမ်းရေးဆွေးနွေးရန်တောင်းဆိုမှုများကို ပြည်သူ များအပြင် ဘာသာရေး ခေါင်းဆောင်များကို စစ်ကောင်စီက အသုံးချနေမှုများ ယခုနှစ်တွင် တွေ့ရသည်။ ထိုကိစ္စရပ်များကို အများသတိပြု မိစေရန် ရည်ရွယ်ကာ ၂၀၂၄ ဖြစ်ရပ်များ မှတ်တမ်းတွင် ကဏ္ဍတစ်ခုအနေဖြင့် ထည့်သွင်း တင်ပြလိုသည်။
၂၀၂၄ ခုနှစ် ဧပြီလတွင် မြဝတီမြို့သိမ်းပွဲ ဖြစ်ပွားနေချိန်တွင် မြဝတီမြို့ပြင်ရှိ တိုက်ပွဲများနှင့်ဆက်စပ်၍ မြဝတီမြို့ အတွင်း စစ်မဖြစ်ရန်နှင့် စစ်မဲ့ဇုန်အဖြစ်သတ်မှတ်ပေးရန် ဧပြီ ၉ ရက်ညနေပိုင်းတွင် မြဝတီမြို့ အမှတ်-၁ ရပ်ကွက် ဘောလုံးကွင်း၌ မြို့ခံနှင့် စစ်ရှောင်များက ဆန္ဒဖော်ထုတ် တောင်းဆိုမှု ပြုလုပ်ခဲ့သည်။
လက်နက်ကိုင်တပ်ဖွဲ့များထံ ဆန္ဒဖော်ထုတ် ရာတွင် “စစ်ဘေးရှောင်များခိုလှုံရာ မြဝတီမြို့ကိုချမ်းသာပေး” ၊ “ဆက်ပြေးစရာမြေမရှိတော့သည့်အတွက် မြဝတီမြို့ကို စစ်မဲ့ဇုန်အဖြစ်သတ်မှတ်ပေး” အစရှိသည့် စာတမ်းများကို ကိုင်ဆောင်၍ ဒေသခံ၊ စစ်ရှောင် အင်အား တစ်ရာကျော်ခန့်က ယခုပြုလုပ်ခဲ့သည်။
ထို့အပြင် ကရင်ပြည်နယ်တွင် စစ်ရေးအရှိန်မြင့်တက်နေချိန် ဧပြီ ၅ ရက်နေ့ ရက်စွဲဖြင့် ကရင်ပြည်နယ်ရှိ ဗုဒ္ဓ ဘာသာရဟန်းတော်များက လူသားချင်း ကိုယ်ချင်းစာနာထောက်ထားရေးကို ရှေးရှုလျက် ပဋိပက္ခဆောင် အချင်းချင်းတို့၏ ထာ၀ရငြိမ်းချမ်းရေး မဏ္ဍိုင် ပူးပေါင်းတည်ဆောက်နိုင်စေရေးနှင့် တစ်မျိုးသားလုံးအရေးအား ငြိမ်းချမ်းရေးအသွင် ဖော်ဆောင်နိုင်ကြစေရန် စစ်ကောင်စီနှင့် ကရင်တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များထံ မေတ္တာရပ်ခံစာပေးပို့ခဲ့သည်။
ထို မေတ္တာရပ်ခံစာကို ကရင်ပြည်နယ်၊ ဖားအံမြို့နယ် လှာကဒေါင်ကျေးရွာအုပ်စု လှိုင်ပုံကျေးရွာ လမင်းပရိယတ္တိ စာသင်တိုက်တွင် ဖားအံမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရဟန်းသံဃာတော်များက ရဟန်းရှင်လူ ပြည်သူ တစ်ရပ်လုံး၏ လိုလားတောင့်တချက် ဖြစ်သည့် ထာဝရငြိမ်းချမ်းရေးရရှိရန် ဦးတည်၍ အစည်းအဝေး ပြုလုပ်ကာ သဘောတူညီအရ ယခုလို မေတ္တာရပ်ခံစာ ပေးပို့ခြင်းဖြစ်သည်ဟု ဆိုသည်။
၎င်းမေတ္တာရပ်ခံချက်စာထဲတွင် ကရင်ပြည်နယ်ရှိ အထင်ကရ ဆရာတော်များဖြစ်သည့် တောင်ကလေးဆရာတော် ဘဒ္ဒန္တပညာသာမိ၊ ဗုဒ္ဓဂါယာဆရာတော် ဘဒ္ဒန္တစန္ဒာဝရ၊ မဲဆမိတ်ဆရာတော် ဘဒ္ဒန္တစန္ဒရ အပါအဝင် သံဃာတော် ၁၁ ပါး တို့က လက်မှတ်ထိုးထားသည်ကို တွေ့ရှိရသည်။
အဆိုပါ ဗုဒ္ဓဘာသာရဟန်းတော်များမေတ္တာရပ်ခံစာပေးပို့မှုဖြစ်ပေါ်လာခြင်းမှာ စစ်ကောင်စီ၏ ဖိအားပေးသည့် အပေါ် အကျိုးဆောင်ရခြင်းဖြစ်သည်ဟု နားလည်ကြောင်း၊ ကရင်လူမျိုးတို့၏ ရိုးသားဖြောင့်မတ်မှုကို စစ်အုပ်စုက အသုံးချလိုက်ခြင်းဖြစ်သည်ဟု မှတ်ယူကြောင်း ကေအဲန်ယူ ဘက်က တုန့်ပြန် ပြောဆိုခဲ့သည်။
ထို့အပြင် လက်ရှိဖြစ်ပေါ်နေသည့် ဒေသတွင်း စစ်ပွဲများကိုမလိုလားဘဲ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် အဖြေရှာရန် မေလ ၇ ရက်နေ့က လှိုင်းဘွဲမြို့နယ်၊ မဲဆမိတ်ကျေးရွာတွင် ပြုလုပ်ခဲ့သည့် ကရင်ဘာသာရေး ခေါင်း ဆောင်များ နှင့် လူထုတွေ့ဆုံပွဲအပြီး ဆန္ဒသဘောထား ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သေးသည်။
နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် အဖြေရှာရန် ကေအဲန်ယူအနေဖြင့် မူဝါဒကြီး ချမှတ်ထားသော်လည်း စစ်ရေးနည်းဖြင့် အဖြေရှာလိုသည့် ခေါင်းဆောင်တချို့ရှိနေ၍ လက်ရှိစစ်ပွဲများကြောင့် ပြည်သူလူထုများ၏ အိုးအိမ်များ၊ ဘာသာရေး အဆောက်အဦးများ၊ ရပ်ရွာများ မီးလောင်ပျက်စီးပြီး ထိခိုက်သေဆုံးနေရသည်ဟု သဘောထားထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထို့အတွက် ကေအဲန်ယူအနေဖြင့် ၎င်းတို့ ချမှတ်ထားသည့် မူဝါဒအတိုင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် အဖြေရှာသွားနိုင်ရေးနှင့်ကေအဲန်ယူက မျှော်မှန်းထားသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသို့ ရောက်ရှိ နိုင်ရေးအတွက် ရဟန်းရှင်လူ ပြည်သူနှင့် ခေါင်းဆောင်များက ပံ့ပိုးတွန်းအားပေးသွား မည်ဖြစ်ကြောင်းလည်း သဘောထားထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။
သို့သော် လက်ရှိ ဖြစ်ပေါ်နေသည့် စစ်ရေး နိုင်ငံရေး ပြဿနာများသည့် တစ်ပြည်လုံးအတိုင်းအတာဖြင့် ဖြစ်ပေါ် နေခြင်းဖြစ်သလို အုပ်စိုးသူ စစ်အုပ်စု၏ အာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်လာရသည့် နိုင်ငံရေး ပြဿနာနှင့် အကြမ်းဖက်မှုလုပ်ရပ်များကို အစုအဖွဲ့တစ်ခုတည်းကိုသာ ဖိအားပေးဖြေရှင်းခိုင်း၍ မရနိုင်ကြောင်း နိုင်ငံရေး ဆောင်းပါးများ ရေးသားနေသူ မောင်ကျော်စွာ သုံးသပ်ထောက်ပြထားသည်။
ထို့အပြင် ငါးနှစ်ကြာ ရပ်နားထားသည့် ကရင်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ကော်မတီ (KUPC) အစည်းအဝေးကို လာမည့် ၂၀၂၅ ခုနှစ်၏ ပထမနှစ်ဝက်ကာလအတွင်း ပြန်လည် ပြုလုပ်သွားမည်ဟု ဦးဆောင် စီစဥ်သူများက ပြောဆိုသည်။ ယခုလို ကရင့်အမည်နာမတပ်ထားသည့် ကော်မတီများ၊ အသင်းအဖွဲ့အများအနေ ဖြင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက စစ်အာဏာရှင်စနစ်ကို မလိုလားကြောင်း သိနှင့်ပြီး ဖြစ်မည်။ ၎င်းအပြင် နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရေးဟူသည် ဘန်းပြစကားလုံးသာ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလ ၂၀၁၀ မှ ၂၀၂၀ ပြည့်နှစ်အတွင်းက အမျိုး မျိုးသော ဆွေးနွေးပွဲများ ရလဒ်မထွက် ပေါ်ခဲ့ခြင်းက ဆင်ခြင်စရာ နမူနာဖြစ်ခဲ့သည်ဟု ဆိုနိုင်သည်။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းရန် ပြည်သူတို့က မဲဆန္ဒပြုခဲ့သော်လည်း အာဏာချုပ်ကိုင်လိုသူ စစ်တပ် ခေါင်းဆောင်ပိုင်းက အာဏာသိမ်းခဲ့ခြင်းဖြင့် ကွယ်ပျောက်ခဲ့ရပြီး ဖြစ်သည်။
မူဝါဒ ကိုယ်စီ ဆွဲကိုင်လျှောက်လှမ်းနေဆဲ နိုင်ငံရေးကဏ္ဍ
၂၀၂၄ ခုနှစ်အတွင်း မြန်မာပြည်နိုင်ငံရေးကဏ္ဍ ဖြစ်ပေါ်ခဲ့သည့် အခြေအနေများကို ပြန်ကြည့်မည် ဆိုလျှင် စစ်ရေး ပဋိပက္ခတိုးလာခဲ့ပြီး ထိုပဋိပက္ခအတွက် ဖြေရှင်းရေး အဖြေရှာမှုအရွေ့ နည်းနေသေးသည်။ ယခုနှစ်တွင် တော်လှန်ရေးအင်အားစုတို့ စုစည်းမှုအပိုင်း အစပြုနိုင်ခဲ့သလို အခြားတစ်ဖက်တွင် စစ်ကောင်စီဘက်သို့ အင်အားကြီး တရုတ်နိုင်ငံက ရပ်တည်ကာ ပဋိပက္ခဖြေရှင်းရေးလမ်းကြောင်းပေါ် ဆွဲတင်နေသည်ကို တွေ့ရသည်။
ယခုနှစ်အတွင်း ထင်ရှားသည့် နိုင်ငံရေးဆိုင်ရာ ဖြစ်ရပ်များကို ပြန်ကြည့်မည်ဆိုလျှင် ဇန်နဝါရီ ၃၁ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ကရင်အမျိုးသား အစည်း အရုံး-ကေအဲန်ယူနှင့် ချင်းအမျိုးသားတပ်ဦး(CNF)တို့က အာဏာရှင် စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ဘုံသဘောထား ရပ်တည်ချက်များကို ပူးတွဲထုတ်ပြန်ခဲ့သည်။
အဆိုပါ သဘောထားရပ်တည်ချက်တွင် ဦးတည်ချက် ၆ ခုပါဝင်သည်။ ယင်းတို့မှ စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန်၊ လက်နက်ကိုင် တပ်အားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ စီမံအုပ်ချုပ်မှုအောက်အပြည့်အဝ ထားရှိရန် ဟူ၍ဖြစ်သည်။
တတိယ အချက်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြီးတိုင် ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်အသက်သွင်းရန် ကြိုးပမ်းမှုဟူသမျှ တိုက်ဖျက်ရန်ဟု ပါရှိပြီးဆိုင်သူအားလုံး လက်ခံနိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အခြေခံ သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးဆွဲပြဌာန်းရန်ဟု ဖော်ပြထားသည်။ ထို့အတွက် အနာဂတ်မြန်မာနိုင်ငံကို ဖက်ဒရယ်ဖွဲ့စည်းပုံ အသစ်ဖြင့် ပုံဖော်ရန် K2C၊ NUG တို့က မျှော်မှန်းထားသည်မှာ ထင်ရှားသည်။
ကျန်ဦးတည်ချက်တို့မှာ ထွက်ပေါ်လာသည့် ဖက်ဒရယ် ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအသစ်အား တည်ဆောက်ရန်နှင့် ပဋိပက္ခအတွင်း မတရား ကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေး လုပ်ငန်းစဉ်ဖော်ဆောင်ရန် စသည်တို့ ဖြစ်သည်။
ထိုဘုံသဘောထား ရပ်တည်ချက် နောက်ဆက်တွဲအနေဖြင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်နေ့တွင် အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးတွင် ပြည်နယ်အားကောင်းရေးမှ ပြည်ထောင် စုအားကောင်းရေး (Bottom-up Federalism) မူအတိုင်းချဉ်းကပ်တည်ဆောက်သွားမည်ဟု သဘောထားထုတ်ပြန်ပြောဆိုခဲ့သည်။
ယခုထုတ်ပြန်တွင် အဖွဲ့အရေးအတွက် တိုးလာခဲ့ပြီး ပါဝင်သည့် အဖွဲ့များမှာ ကရင်အမျိုးသား အစည်းအရုံး-KNU၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP၊ ချင်းအမျိုးသားတပ်ဦး-CNF၊ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)(NMSP-AD)၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)၊ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ(TPCC) နှင့် အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ)-WLB စသည့် အဖွဲ့(၉)ဖွဲ့တို့ပါဝင်လာကို တွေ့ရသည်။
ထို့အပြင် K2C၊ NUG တို့သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စနှင့် ပတ်သက်၍ မေ ၁၄ ရက်တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ဂျပန်နိုင်ငံခြားရေး ဒုဝန်ကြီးနှင့်တွေ့ဆုံခဲ့သလို အမေရိ ကန်နိုင်ငံခြားရေး ဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် မစ္စတာတွမ်ဆူလီဗန်နှင့် ဩဂုတ် ၁၅ ရက်နေ့တွင် တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ ထို့အပြင် K2C နှင့် NUG တို့ ဘုံသဘောထားရပ်တည်ချက် ဖြစ်ပေါ်တိုးတက်မှုများအပေါ် နိုဝင်ဘာလဆန်းပိုင်းတွင် သတင်းစာရှင်းလင်းပါပွဲ ပြုလုပ်ခဲ့သေးသည်ကိုလည်း တွေ့ရသည်။
အခြားတစ်ဖက်တွင်မူ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ ဩဂုတ် ၁၄ ရက်နေ့တွင် နေပြည်တော်သို့ရောက် ရှိလာပြီးနောက် တရုတ်နိုင်ငံက မြန်မာ့အရေးဖြေရှင်းရေးရန် ဦးဆောင်လာသည့်အသွင် ဖြစ်ပေါ်ခဲ့သည်။
ခရီးစဉ် တွင် မစ္စတာဝမ်ယိက “မြန်မာနိုင်ငံက ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်အောက်တွင် ပြည်တွင်း နိုင်ငံရေး ပြန်လည်သင့်မြတ်မှုကို ကြိုးပမ်း ဖော်ဆောင်ကာ အထွေထွေရွေးကောက်ပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အဆင်ပြေချောမွေ့စွာကျင်းပပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်ကို ပြန်လည်စတင်ရန် အမြဲတစေ ထောက်ခံပါကြောင်း” ပြောဆိုခဲ့ပြီး စစ်ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်အပေါ် ထောက်ခံကြောင်း ပြောဆိုသည်ဟု မှတ်ယူနိုင်သည်။
မစ္စတာဝမ်ယိ ခရီးစဉ်ပြီးနောက် စစ်ရေးအရှိန်မြင့်တက်နေသည့် ရှမ်းမြောက်တွင် စစ်ရှိန်ရပ်သွားသလို တရုတ် နိုင်ငံက တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များကို ဖိအားပေးကာ ဆွေးနွေးရေး လမ်းကြောင်းပေါ် ဆွဲတင်နေသည် ကိုတွေ့နိုင်သည်။
ထို့အတူ စစ်ကောင်စီက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် စစ်ကောင်စီက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများ(EAOs)နှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကို စက်တင်ဘာ ၂၆ ရက်နေ့ တွင် တဖန်ကမ်းလှမ်းခဲ့သည်။
သို့သော် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့- ERO များကမူ ယခင် ၂၀၀၈ ဖွဲ့စည်းပုံအောက်မှ ဆွေးနွေးရန် ဖိတ်ခေါ် မှုကို အယုံအကြည်မရှိ လက်မခံဟု တုန့်ပြန်သည်ကို တွေ့ရသည်။ စစ်ကောင်စီ အာဏာသိမ်းယူမှု၊ အရေး ပေါ်ကာလ သက်တမ်းတိုးမှုများတွင် ၂၀၀၈ ဖွဲ့စည်းပုံကို လိုရာဆွဲ ပြုလုပ် နေသည့်ဟု ဥပဒေ ပညာရှင်များက ပြောဆိုထားပြီးဖြစ်ရာ စစ်ကောင်စီကို တော်လှန်ရေးအဖွဲ့အစည်းများက ယုံကြည်ရန် ခက်ခဲစေမည်သာဖြစ်သည်။
ထို့အတွက် နိုင်ငံရေး ကဏ္ဍအခြေအနေများကို ခြုံငုံသုံးသပ်ကြည့်မည်ဆိုပါက တော်လှန်ရေး အင်အားစုများက စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး၊ ဆိုင်သူအားလုံးလက်ခံနိုင်သည့် ဖက်ဒရယ်ဒီမို ကရေစီ စနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲပြဌာန်းကာ အနာဂတ်မြန်မာနိုင်ငံကို ဖက်ဒရယ်ဖွဲ့စည်းပုံ အသစ်ဖြင့် ပုံဖော်ရန် မူဝါဒ စွဲကိုင်လျှောက်လှမ်းနေသည်။
စစ်ကောင်စီကမူ ၂၀၀၈ ဖွဲ့စည်းပုံ အောက်မှနိုင်ငံရေး ပြဿနာကို ဖြေရှင်းရန်စွဲကိုင်ထားပြီး ၂၀၂၅ ခုနှစ်တွင် ရွေး ကောက်ပွဲ ကျင်းပမည်ဟု ထိုင်းနိုင်ငံက ကမကထပြုလုပ်သည့် ဒီဇင်ဘာ ၂၀ ရက်နေ့တွင် ပြုလုပ်သည့် မြန်မာ့ အရေး အလွတ်သဘော ဆွေးနွေးပွဲတွင် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့သည်။
၂၀၂၄ ခုနှစ်တွင် ယခုလို ကိုယ်စီမူဝါဒ စွဲကိုင်လျှောက်လှမ်းနေသော်လည်း လာမည့် ၂၀၂၅ ခုနှစ်တွင် နိုင်ငံ တကာမှ သော်လည်းကောင်း၊ အင်အားကြီးနိုင်ငံများက သော်လည်းကောင်း၊ ပြည်တွင်း၌ အရှိန်အဝါကြီးသူများကြောင့် သော်လည်းကောင်း တွေ့ဆုံဆွေးနွေးမှု နိုင်ငံရေး ကဏ္ဍပြောင်းလဲမှုများ အခြေအနေတစ်စုံတရာပေါ် မူတည်ပြီး ဖြစ်ပေါ်လာနိုင်သည့် အလားအလာများလည်း ရှိနေသည်ဟု သုတေသီတို့က မှတ်ချက်ပြုထားသည်။