ဒီဇင်ဘာ၂၇ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာ၌ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များကြား နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွား နေသည်ဟု စစ်ဘေးရှောင်ကူညီသူများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာတွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ ရက်နေ့မှ စတင်ပြီး ယနေ့အချိန်ထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ကုန်းကြောင်းအပြင် ရေကြောင်း၊ လေကြောင်းများဖြင့် စစ်ကြောင်းထိုးတိုက်ခိုက် လျက်ရှိနေကြောင်း စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ယခုလို ပြောသည်။
“လေးရက်လောက်ရှိပြီး တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတာ။ ဒီတစ်ခေါက်ဖြစ်တဲ့ တိုက်ပွဲက ရက်အကြာဆုံးပဲ။ ဒေသခံတွေ ထိခိုက်မှုရှိပေမဲ့ စာရင်းအတိအကျတော့ မရသေးဘူး။ ပင်လယ်နဲ့နီးတော့ စစ်သင်္ဘောကနေလည်း လက်နက်ကြီးပစ်ခတ်နေတာတွေရှိတယ်။ ဒေသခံနေအိမ်တွေ ထိခိုက်ပျက်စီးမှုတွေလည်းရှိပါတယ်”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များမှလည်း ကျောက်နီမော်ကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူ စောထီး စုစုပေါင်းအင်အား ၆၀ ဝန်းကျင်ဖြင့် အခြေချတပ်စွဲထားသည့် စခန်းကုန်း(၃)ခုကို ပြီးခဲ့သည့် ဒီဇင်ဘာ ၂၃ ရက်နေ့တွင် စတင်ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက်ပိုင်းတွင် စစ်ကောင်စီဘက်က ပြန်လည်တိုက်ခိုက်မှုများ လုပ်ဆောင်လာသည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပြန်ကြားရေးတာဝန်ခံ ရဲဘော်တစ်ဦးက ပြောသည်။
“စစ်ကောင်စီဘက်က စစ်ကူပို့ဆောင်နေတာတွေ ရှိတယ်။ ပြီးတော့ ၂၄ ရက် နေ့တုန်းက K-8w တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို နှစ်ကြိမ်ဆက်တိုက် လုပ်ဆောင်တာတွေရှိတယ်” ဟု ကေအိုင်စီသို့ ပြောဆိုသည်။
ယခုလိုစစ်ကောင်စီမှ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် ကျောက်နီမော် ကျေးရွာအနီးရှိ ဇလွတ်ရွာ၊ ကျောက်ဝပ်ပြင်ရွာ၊ အောက်ကျောက်ဝပ်ပြင်ရွာ၊ ကျောက်မတ်တပ်ရွာနှင့် အနီးရှိကျေးရွာများမှ ထောင်နှင့်ချီသည့် ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာများလည်း လိုအပ်လျက်ရှိနေသည်ဟု စစ်ဘေးရှောင် အနီးကပ်ကူညီနေသူများက ပြောသည်။
လောင်းလုံးမြို့နယ် ဖြစ်စဉ်နှင့်အလားတူ ထားဝယ်မြို့နယ် အရှေ့တောနယ်ဒေသသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အား ၂၀၀ ခန့်ဖြင့် ပြီးခဲ့သည့်ဒီဇင်ဘာ ၂၁ ရက်နေ့မှ စ၍ စတင်စစ်ကြောင်းထိုးနေပြီး လမ်းတစ်လျှောက်ရှိ ဒေသခံပြည်သူများကို ဖမ်းဆီးပြီး လူသားဒိုင်းကာအဖြစ်ခေါ်ဆောင်မှုများ လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောဆိုသည်။