Home ဆောင်းပါး မြစ်ဝကျွန်းပေါ်ဒေသ၌ မှေးမှိန်လာသည့် ၂၇၆၄ ကရင့်နှစ်သစ်ကူးပုံရိပ်များ

မြစ်ဝကျွန်းပေါ်ဒေသ၌ မှေးမှိန်လာသည့် ၂၇၆၄ ကရင့်နှစ်သစ်ကူးပုံရိပ်များ

157

မြစ်ဝကျွန်းပေါ်ဒေသ၌ မှေးမှိန်လာသည့် ၂၇၆၄ ကရင့်နှစ်သစ်ကူးပုံရိပ်များ

စောအယ်ကလူတော

(၂၈ ဒီဇင်ဘာ ၂၀၂၄)

၂၇၆၄ နှစ်၏ ကရင်နှစ်သစ်ကူးနေ့ကိုရောက်ရန် ရက်ပိုင်းအတွင်းသာ လိုတော့သည်။ ကရင်နှစ်သစ်ကို ကြိုဆို ရန် ကရင်ပြည်နယ်၏ စစ်မဖြစ်ရာဒေသများတွင် အကြီးအကျယ် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြပြီးဖြစ် သည်။

ကရင့်နှစ်သစ်ကို ကြိုဆိုရာတွင် မပါမဖြစ် ကရင်ရိုးရာ ဒုံးအကများကိုလည်း ကြိုတင်လေ့ကျင့်နေကြပြီးဖြစ် သလို အထိမ်းအမှတ် ဘောလုံး အပါအဝင် အားကစားပွဲများမှာလည်း လူစည်ကားနေသည်။ ဒေသတွင်း ဩဇာညောင်းသည့် ကရင့်လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဘာသာရေး ခေါင်းဆောင်များ၏ ဦးဆောင် ကျင်းပမည့် ကရင့်နှစ်သစ်ကူးပွဲက ပိုစည်ကားလေ့ရှိသည်။

ကျေးရွာအလိုက် စုပေါင်းပြုလုပ်ကျင်းပမည့် နှစ်သစ်ကူးပွဲများရှိသလို ဘာသာရေးခေါင်းဆောင် (ကရင်ဘုန်း တော်ကြီး)များ ဦးဆောင်၍ နှစ်သစ်ကူးပွဲများလည်းရှိပြီး ကရင့်လက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်များ က ဦးဆောင်ကျင်းပသည့် ကရင်နှစ်သစ်ကူးပွဲများတွင်လည်း ရိုးရာဒုံးအကများဖြင့် ပြိုင်ဆိုင်လေ့ရှိကြသည်။

ယခုလို နှစ်သစ်ကူး မတိုင်ခင် တစ်လနီးပါးအလိုတွင် ကျေးရွာများတွင် ဒေသခံ ကရင်လူငယ်များမှ ဒုံးအက တိုက်လေ့ကျင့်ကြသူများရှိသလို နှစ်သစ်ကူး ရန်ပုံငွေအတွက် ကရင်လူငယ်များစုဖွဲ့၍ တစ်အိမ်ဝင် တစ်အိမ် ထွက် လိုက်လံနိုးဆော်ရင်း နှစ်ကူးသီချင်းများကို သီဆို ကပြဖျော်ဖြေသည့် အလေ့အထလည်း ပြုလုပ်လေ့ရှိ ကြသည်။

သို့သော် ကရင်လူမျိုးအများစု နေထိုင်ရာ ဧရာဝတီတိုင်းဒေသတွင်မူ ကရင့်နှစ်သစ်ကူးအတွက် ယခင်လို တက်တက်ကြွကြွ မရှိကြတော့ပေ။ အကြောင်းက နှစ်သစ်ကူးအတွက် ဦးဆောင်ကြမည့် လူငယ်များ ကျေးရွာများတွင် ရှားပါးသွားပြီဖြစ်သည်။

“အခုအနေအထားက မပျောက်သွားအောင်ပဲ ထိန်းနေရတယ်။ မြှင့်တင်တာတွေ မလုပ်နိုင်တော့ဘူး။ အဓိက ကတော့ ဦးဆောင်ပါဝင်မဲ့လူငယ်တွေ မရှိကြတော့ဘူး။ ရွာမှာဆို တစ်ခုခုလုပ်ဖို့ဆို လူငယ်တွေကိုပဲ အားကိုး ရတာ။ အခုက နိုင်ငံခြားတွေ ရောက်သွားကြတာများတယ်။”ဟု ကျောင်းကုန်းမြို့နယ်က အမျိုးသားရေး ဦးဆောင်သူ မန်းသစောင်က အခြေအနေကို ပြောပြသည်။

လတ်တလောတွင် အလုပ်အကိုင်ရှားပါးလာခြင်းနှင့်အတူ ကုန်စျေးနှုန်းများလည်း မြင့်တက်လာခြင်းကြောင့် စိုက်ပျိုးရေးတစ်ခုတည်းကို မှီခိုအားထားရန် မဖြစ်နိုင်တော့သည့် ဧရာဝတီတိုင်းရှိ လူငယ်များသည် ပြည်ပ ထွက်ခွာ အလုပ်လုပ်ကိုင်ရန်သာ ရွေးချယ်လာကြသည်။

၂၀၂၁ခုနှစ် အာဏာသိမ်းမှုဖြစ်စဉ်သည်လည်း လူငယ်အများအပြားကို နေအိမ်ကို စွန့်ခွာရန် တွန်းအားပေးသ လို ဖြစ်စေခဲ့သည်။ အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လူငယ်အများစုမှာ တောခိုခဲ့ကြသလို အချို့မှာ ပြည်ပ ထွက်ခွာ အလုပ်လုပ်ကိုင်ကြသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ၂ နှစ်အကြာတွင် လက်နက်ကိုင်ခုခံတော်လှန်မှုကို အပြင်းအထန် ခံစားရပြီး မြေပြင်တွင် အရေးနိမ့်လာသည့် စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ယခုနှစ် ဖေဖော်ဝါရီလ ၁၀ရက်နေ့က အသက်သွင်းအမိန့်ထုတ်ပြန်လိုက်ကာ သတ်မှတ်ထားသည့် အသက်အရွယ်ပြည့်မီသူများကို စစ်မှုထမ်းစေခဲ့သည်။

အဆိုပါ စစ်မှုထမ်းဥပဒေကြောင့်ပင် လူငယ်အများအပြား နောက်ထပ်တဖန် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်း ရှောင်ရန် အကြောင်းအရင်းဖြစ်လာပြန်တော့သည်။ အများစုမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များရှိရာ နယ်စပ်ဒေသများသို့ သွားရောက်ကာ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ရန် ရွေးချယ်ကြသလို အချို့မှာလည်း ပြည်ပထွက်ခွာရန် ကြိုးပမ်းကြတော့သည်။

“အာဏာသိမ်းပြီးတဲ့နောက်ပိုင်း သိသာလာတယ်။ ရွာတွေမှာ နှစ်သစ်ကူးကို အဖြစ်သဘောပဲ လုပ်ကြတော့ တယ်။ အခု စစ်မှုထမ်းဥပဒေ ထွက်လာတဲ့နောက်ပိုင်းကျတော့ ပိုဆိုးသွားတယ်။ နိုင်ငံခြားတွေ အခြားနေရာ တွေ အကုန်ပြေးကုန်တော့ ရွာမှာလူငယ်တွေ မရှိကြတော့ဘူး။ ရှိတဲ့လူငယ်တွေကလည်း အမျိုးသားရေးအ တွက် အရှေ့မထွက်ရဲကြတော့ဘူး။” ဟု ရန်ကုန်တွင် အလုပ်သွားရောက် လုပ်ကိုင်နေသည့် ပန်းတနော်မြို့ နယ်က ကရင်လူငယ်တစ်ဦးက ဆိုသည်။

၎င်းလူငယ်အနေဖြင့် စစ်မှုထမ်းရမည့် အသက်အရွယ်၌ အကျုံးဝင်သော်လည်း စစ်မှုမထမ်းလိုသောကြောင့် ရန်ကုန်မြို့တွင် အလုပ်သွားရောက်လုပ်ကိုင်ရင်း စစ်မှုထမ်းရှောင်နိုင်ရန် လစဉ် ငွေကြေးပေးဆောင်နေရ ကြောင်းလည်း ဆက်ပြောပြသည်။

လက်ရှိအချိန်တွင် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ အခြေမချနိုင်သေးသည့် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသတွင် စစ်မှုထမ်းဥပဒေကို အသုံးချပြီး လူငယ်များကို ပုံစံမျိုးစုံဖြင့် အတင်းအဓမ္မ စစ်မှု ထမ်းခေါ်ခိုင်းသလို အကြောက်တရားကို အသုံးချပြီး ငွေညစ်တောင်းခံသည့် ပုံစံများလည်း တွေ့ရသည်။

ကရင်ပြည်နယ်နည်းတူ စစ်အာဏာမသိမ်းခင်က ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် နှစ်သစ်ကူးမတိုင်ခင် ရက်ပိုင်းများ၌ ကျေးရွာအလိုက် တစ်အိမ်ဝင် တစ်အိမ်ထွက် ကရင်အမျိုးသားသီချင်းများ လိုက်လံသီဆို ဖျော် ဖြေရင်း ကရင်နှစ်သစ်ကူးနေ့ကို ကြိုဆိုရန် နှိုးဆော်ကြသလို ကျေးရွာအချို့တွင် ဒုံးအကများကို ကြိုတင်လေ့ ကျင့် ပြင်ဆင်ကြပြီးဖြစ်သည်။

ထို့အပြင် ကျေးရွာအတွင်း လူငယ်များ စုဝေးကြပြီး နယ်ဝေးကျေးရွာများသို့သွား၍ တစ်အိမ်ဝင် တစ်အိမ်ထွက် ကရင်အမျိုးသားအလံ လိုက်လံကပ်ရင်း နှစ်သစ်ကူး ရန်ပုံငွေရှာဖွေကြရင်း ကရင်နှစ်သစ်ကို ကြိုဆိုကြရန် နှိုး ဆော်ကြသည့် အစဉ်အလာလည်းရှိသည်။

သို့သော် လက်ရှိ အာဏာသိမ်းပြီးကာလနှင့် စစ်မှုထမ်းဥပဒေ ထွက်ပေါ်လာသည့်နောက်ပိုင်း အဆိုပါ အစဉ် အလာများမှာ လုံးဝနီးပါး ပျောက်ကွယ်သွားပြီး ကျန်ဒေသကျေးရွာအချို့တွင်သာ ပြုလုပ်နိုင်ကြတော့သည်။ အထူးသဖြင့် စစ်ကောင်စီနှင့်နီးစပ်သည့် ကရင်ခေါင်းဆောင်အချို့၏ ဦးဆောင်မှုဖြင့် ပြုလုပ်နေကြခြင်းဖြစ် သည်။

“နှစ်သစ်ကူးကတော့ အရင်လို မစည်တော့ဘူး။ မနှစ်က အလံတွေလှည့်တာ အလံတွေလိုက်ကပ်တာတွေ ရှိ သေးတယ်။ အခုက မလုပ်ရဲကြတော့ဘူး။ သွားတာလာတာတွေ မိဘတွေက စိတ်မချကြဘူး။ ဒါပေမဲ့ တချို့ အစဉ်အလာရှိတဲ့ ရွာတွေတော့ နိုင်ငံခြားရောက်နေတဲ့ လူငယ်တွေရဲ့ ငွေကြေးအကူအညီနဲ့ လုပ်ကြတာတွေ တော့ရှိသေးတယ်။”ဟု ဝါးခယ်မမြို့နယ်က နောက်ထပ်ကရင်လူငယ်တစ်ဦးက မြေပြင်အခြေအနေကို ပြောပြသည်။

လက်ရှိတွင် စစ်ကောင်စီအစိုးရအဖွဲ့ဝင် မန်းငြိမ်းမောင် အပါအဝင် ခေတ်အဆက်ဆက် စစ်အစိုးရများနှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိခဲ့ကြသည့် ကရင်နိုင်ငံရေးပါတီများ၏ ဦးဆောင်မှုဖြင့်သာ တိုင်းအဆင့်နှင့် မြို့နယ်လုံးဆိုင်ရာ အမျိုးသားနှစ်သစ်ကူးပွဲကို ကျင်းပနိုင်ကြတော့သည်။

ထို့အပြင် အချို့သော မြို့နယ်ကျေးရွာများတွင် လက်ရှိ နိုင်ငံရေးအခြေအနေများအပေါ် အာရုံလွဲပြောင်းစေ ရန် ရည်ရွယ်ချက်ဖြင့် ဒေသတွင်း စစ်ကောင်စီ၏ လက်အောက်ခံ အုပ်ချုပ်ရေး တာဝန်ရှိသူများကိုယ်တိုင်က ပင် ကရင့်နှစ်သစ်ကူးအတွက် တက်တက်ကြွကြွ ဦးဆောင် ကျင်းပပေးသည့် ပုံစံများလည်းတွေ့ရသည်။

ပန်းတနော်မြို့နယ် ဒေသခံတစ်ဦးက “အခု နှစ်သစ်ကူးလုပ်ဖို့က ဒီမှာရှိတဲ့ ကရင်တွေက တစ်ယောက်မှ စိတ် မဝင်စားကြဘူး။ နိုင်ငံရေးက ဒီလောက်ဖြစ်ပျက်နေတာ။ ဒါပေမဲ့ ရွာက ဗမာအုပ်ချုပ်ရေးမှူးတွေ ရဲတွေက နှစ်သစ်ကူးလုပ်ဖို့ လိုက်ဦးဆောင်လုပ်နေကြတာ ထူးထူးဆန်းဆန်းပဲ။ အရင်တုန်းက ကိုယ်တွေလုပ်တုန်းက စိတ်တောင်ဝင်စားကြတာ မဟုတ်ဘူး။”ဟု ပြောသည်။

သို့သော် အာဏာသိမ်းပြီးနောက်ပိုင်း ကျေးရွာများတွင် လူငယ်များနည်းပါးလာ၍ ကရင့်ရိုးရာဒုံးအကဖျော်ဖြေ ရန် ဒုံးအဖွဲ့ကို မဖွဲ့စည်းနိုင်ကြတော့ပေ။ ယခင် နှစ်အနည်းငယ်ကာလမျိုးလို ကရင်ရိုးရာဒုံးအကများကို များများစားစား မမြင်တွေ့ရတော့ဘဲ ကျောင်းနေအရွယ် ကလေးငယ်များ၏ ခေတ်ပေါ် ကရင် တေးသရုပ် ဖော်များဖြင့် အစားထိုးလာသည်ကိုသာ တွေ့ကြရသည်။

ကရင့်နှစ်သစ်ကူးနေ့၏ အနစ်သာရဖြစ်သည့် ကောက်သစ်စားခြင်းမျိုး ရိုးရာအကအလှများဖြင့် ဖျော်ဖြေခြင်း၊ ယှဉ်ပြိုင်ခြင်းများကို မလုပ်ဆောင်နိုင်ကြတော့ဘဲ ကရင့်နှစ်သစ်ကူးနေ့ မပပျောက်ရေးအတွက် သာ အဖြစ်သဘော လုပ်ဆောင်ကြရတော့သည်။

ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသသည် ယခင် လွတ်လပ်ရေးခေတ်နောက်ပိုင်းတွင် ကရင့်တော်လှန်ရေး အစပြုရာဒေသဖြစ်၍ အုပ်ချုပ်သူ ခေတ်အဆက်ဆက် စစ်အစိုးရလက်ထက်များတွင် ကရင်လူမျိုးများ ပုံစံမျိုး စုံ ဖိနှိပ်ခံခဲ့ရသည်။ အထူးသဖြင့် ကရင်စာပေကို တရားဝင် သင်ကြားခွင့်မရှိကြသလို ရိုးရာအမွေအနှစ် ထိန်း သိမ်းစောင့်ရှောက်ခွင့်များကိုလည်း အကန့်အသတ်ဖြင့်သာ လုပ်ဆောင်ခဲ့ကြရသည်။

ထို့အတွက် အင်္ဂလိပ် အစိုးရခေတ်လက်ထက်ကတည်းက တရားဝင် အသိအမှတ်ပြုခဲ့သည့် ကရင်နှစ်သစ်ကူး နေ့ကိုသာ အစိုးရ၏ တရားဝင် ရုံးပိတ်ရက်အနေဖြင့် ရရှိခဲ့ကြပြီး နှစ်စဉ် အနှစ်သာရမပျက် စည်ကားသိုက် မြိုက်စွာ ကျင်းပလာခဲ့ကြသည်။

ကရင့်နှစ်သစ်ကူးနေ့ကို မြန်မာသက္ကရာဇ် ပြာသိုလဆန်း ၁ရက်နေ့အဖြစ် သတ်မှတ်ထားကြပြီး များသော အားဖြင့် နှစ်တစ်နှစ်၏ အဆုံး သို့မဟုတ် နှစ်စပိုင်း လများအတွင်း ကျရောက်လေ့ရှိသောကြောင့် အေးမြသည့် ဆောင်းလရာသီနှင့်အတူ နှစ်သစ်ကူးနေ့တွင် အဝေးရောက်မိသားစုဝင်များ ပြန်လည်ဆုံဆည်းကြသလို နှစ်သစ်ကို ပျော်ရွှင်စွာ ကျင်းပဖြတ်တ်သန်းလေ့ရှိကြသည်။

သို့သော် အာဏာသိမ်းမှု နောက်ဆက်တွဲ ဖြစ်စဉ်ဖြစ်ရပ်များကြောင့်ပင် ယခုလာမည့် ၂၇၆၄ နှစ်သစ်တွင်လည်း အိမ်ဝေးသူများအဖို့ အိမ်မပြန်လာနိုင်ကြသေးသလို စစ်အာဏာရှင်တို့၏ အကြောက်တရားအောက် ရုန်းကန်ရှင်သန်နေရသည့် မြစ်ဝကျွန်းပေါ်ဒေသတွင် ကရင့်နှစ်သစ်ပုံရိပ်များ တဖြည်းဖြည်း မှေးမှိန်လာရပေတော့သည်။