Home သတင်း ထိုင်းတွင် တစ်နေ့လုပ်ခ ဘတ်(၄၀၀)ကို ခရိုင် (၅)ခုတွင်သာ တိုးမြှင့်ပေးထား

ထိုင်းတွင် တစ်နေ့လုပ်ခ ဘတ်(၄၀၀)ကို ခရိုင် (၅)ခုတွင်သာ တိုးမြှင့်ပေးထား

335
Photo: Saw Mort

ဒီဇင်ဘာ ၂၆ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် လာမည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှစ၍ တစ်ရက်အနိမ့်ဆုံး လုပ်ခလစာ ဘတ်(၄၀၀)ကို ခရိုင် (၅)ခုတွင်သာ တိုးမြှင့်ပေးထားပြီး ကျန်ခရိုင်များ တွင်လည်း အနည်းငယ်တိုးမြင့်ထားကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ယခုလ ၂၄ ရက်နေ့ ထုတ်ပြန်ထားချက်အရ သိရသည်။

ဖူးခစ်၊ ချွန်ပူရီ၊ လယောင်၊ ချာ့ချင်စောင်နှင့် ဆူရတ်ဌာနီ(ကော့စမွီးမြို့နယ်သာ) စသည့် ခရိုင် (၅) ခရိုင်တွင်သာ တစ်နေ့လုပ်ခ ဘတ်(၄၀၀)တိုးမြှင့်သွားမည်ဖြစ်သည်။ ကျန်ခရိုင်များတွင်လည်း ခရိုင်အလိုက် သတ်မှတ်နှုန်းထားအတိုင်း တိုးမြှင့်ပေးထားကြောင်း ဒီဇင်ဘာ ၂၃ ရက်နေ့က ပြုလုပ်သည့် လပတ်အစည်းအဝေးအပြီး ထိုင်းအလုပ်သမားဝန်းကြီးဌာန၏ ပြောဆိုထုတ်ပြန်ထားချက်အရ သိရသည်။

ယခုလက်ရှိ ပေတုန်တန်(ဝန်ကြီးချုပ်) အစိုးရအနေဖြင့် ရွေးကောက်ပွဲမတိုင်ခင်က ရွှေ့ပြောင်း အလုပ် သမားတိုင်းအနိမ့်ဆုံး လုပ်ခ တစ်နေ့ ဘတ် ၄၀၀ ပေးသွားမည်ဟု ကတိပြုပြောဆိုခဲ့သော်လည်း ၎င်းကတိအတိုင်း ဘတ် ၄၀၀ ကို ခရိုင်အားလုံးကို ပေးဆောင်ခြင်းမျိုးမဟုတ်သလို လုပ်ခလစာ အနည်း ငယ်ကိုသာ တိုးမြှင့်ပေးခြင်းဖြစ်ကြောင်း အလုပ်သမားအရေးဆောင်ရွက်သူ မြန်မာပြည်သားများ အရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုး ပြောသည်။

၎င်းက “အခု ဘတ်(၄၀၀) ဆိုတာက အကုန်လုံးကို ပေးမှာမဟုတ်ဘူး။ အရင်တုန်းက သူတို့ပြောတဲ့ ပုံစံက အကုန်လုံးကို တပြေးညီပေးမယ့်ပုံစံပြောထားတာ။ အခုဟာက ခရိုင် (၇၇)ခုကို ပိုင်းခြားပြီးတော့ ခွဲခြမ်းစိတ်ဖြာ ပြီးတော့ပေးမှာ။ အဲ့ဒါကြောင့် လက်ရှိ အစိုးရသစ်က ရွေးကောက်ပွဲ မတိုင်ခင်က ကတိက ဝတ်အတိုင်း တည်ကြည်စွာ မလုပ်ပေးတဲ့ အစိုးရဖြစ်တယ်” ဟု ကေအိုင်စီ သို့ ပြောသည်။

ထို့အပြင် ယခုလို ဘတ် ၄၀၀ အထိတိုးမြှင့်ပေးသော်လည်း လက်ရှိ အလုပ်သမားများ ရင်ဆိုင်နေရသည့် ကုန်စျေးနှုန်းကြီးမြှင့်လာမှုနှင့် နှိုင်းယှဉ်လျှင် ထူးခြားသည့်အပြောင်းအလဲမဟုတ်ဘဲ အလုပ်သမားများ၏ အထွေထွေကုန်ကျစရိတ်အရ အလုပ်သမားတစ်ဦးစီအနေဖြင့် ဘတ်(၅၅၀)မှ ဘတ်(၈၀၀) ကြား ရရှိသင့် ကြောင်းလည်း ဦးမိုးကြိုးက ဆက်ပြောသည်။

“လက်ရှိဖြစ်ပေါ်နေတဲ့ ကုန်စျေးနှုန်းနဲ့ အလုပ်သမားတွေ သူတို့ရဲ့ ရင်သွေးတွေနဲ့ အထွေထွေ ကုန်ကျ စရိတ်ကို ပေါင်းလိုက်ရင် အလုပ်သမားတစ်ဦးစီမှာ ဘတ် ၅၅၀ ကနေ ၈၀၀ကြား နေ့စားခနဲ့ အထိုက် တန်ဆုံးဖြစ်ပါတယ်။ ထိုင်းလူ့ခွင့်ရေးအဖွဲ့တွေအလုပ်သမား သမဂ္ဂတွေ နဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားပူးပေါင်းအဖွဲ့တွေရဲ့ တောင်းဆိုချက်တွေကို အလေးအနက်ထား သုံးသပ်ပြီး တော့ ပေးဖို့တော့အချိန်တန်ပြီး” ဟု ဦးမိုးကြိုးက ဖြည့်စွက်ပြောသည်။

ယခင်ထိုင်းအစိုးရလက်ထက်အဆက်ဆက်ကတည်းက ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းအလုပ်သမား များအနေဖြင့် တစ်နေ့လုပ်ခလစာ အနည်းဆုံး ဘတ် ၅၅၀ မှ ဘတ် ၈၀၀ အကြား တိုးမြှင့်ပေး သင့်ကြောင်း ထိုင်းလူ့အခွင့်အရေး အဖွဲ့အစည်းများ၊ အလုပ်သမားသမဂ္ဂ များနှင့် မြန်မာရွှေ့ ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူများ ပူးပေါင်း၍ တောင်းဆိုခဲ့ဖူးသည်။

ဘန်ကောက်မြို့တွင် ဆောက်လုပ်ရေးလုပ်သားလုပ်ဆောင်နေသူ အမျိုးသမီးတစ်ဦးက “အခု တိုးမှာ ကလည်း ဘတ် ၂၀ ၊ ၄၀ လောက်ပဲဆိုတော့ ကျမတို့အတွက် ဘာမှ ထူးခြားပြီး မပြောင်းလဲသွား ပါဘူး၊ ပုံမှန်ပါပဲ။ အခုက နေ့စားဆိုတာကလည်း နေ့တိုင်းအလုပ်ရှိတာမဟုတ်ဘူး။ အလုပ်ရှိမှ နေ့စားခ ရတာ” ဟု ကေအိုင်စီသို့ ပြောသည်။

ကျန်ခရိုင်နှင့်မြို့နယ်အသီးသီးတွင်လည်း တစ်နေ့လုပ်ခလစာ နှုန်းထားကို ယခင်လုပ်ခနှုန်းထားထက် အများဆုံး ဘတ် ၄၀ မှ အနည်းဆုံး ၇ ဘတ်အထိ တိုးမြှင့်ပေးထားပြီး နာလာထိဝတ်၊ ပတ်တာနီ နှင့် ယလာ စသည့်ခရိုင်များတွင် တစ်နေ့လုပ် ဘတ် (၃၃၇) ဘတ်သာရရှိမည်ဖြစ်ပြီး ကျန်ခရိုင်များထက် လုပ်ခလစာ အနိမ့်ဆုံးခရိုင်များဖြစ်သည်။

ယခုနှစ်ကုန်တွင် ထိုင်းနိုင်ငံတစ်ဝှမ်းလုံးတွင် အနည်းဆုံး လုပ်ခလစာ ဘတ် (၄၀၀) အထိ တိုးမြှင့်ပေး သွားမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီး ဖီဖတ်ရက်ချာကစ်ဖရန်ခန်က ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ပြောဆိုထားခဲ့သေးသည်။