“စစ်ကောင်စီတပ်စခန်းတွေရဲ့အခြေအနေကို ကြည့်မယ်ဆိုရင် သူတို့ဘာသာသူတို့တောင် အများပြည်သူ နေရာတွေကို လှုပ်ရှားသွားလာလို့ မရဘူး။ အပြင်မထွက်ရဲဘူးပေါ့။ ” တပ်မဟာ ၅ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဂီနွီး
(ဒီဇင်ဘာ ၂၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ)
တပ်မဟာ (၅) တပ်မဟာမှူး ဗိုလ်မှူးကြီးစောဂီနွီးနှင့် တွေ့ဆုံ မေးမြန်းချက်
ပုံစာ – KNLA တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဂီနွီး (Photo – KIC)
ကရင်အမျိုးသားအစည်းအရုံး – KNU တပ်မဟာ (၅) နယ်မြေတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နှစ်ဖက် တိုက်ပွဲ များ ပြင်းထန်လာခဲ့ပြီး စစ်ကောင်စီကြောင့် ဒေသခံပြည်သူများသည် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို ခံစားနေရသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဘက်ကလည်း မိမိတို့နယ်မြေအတွင်း အကြမ်းဖက်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီတပ်စခန်းများကို ယနေ့အချိန်ထိ တိုက်ခိုက်လျက်ရှိနေသည်။
တပ်မဟာ (၅) နယ်မြေအတွင်း ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်စခန်း အခြေအနေများ၊ စစ်ဘေးကြုံတွေ့ နေရသည့် ဒေသခံပြည်သူလူထုအခြေအနေနှင့် နယ်မြေအတွင်း စစ်ကောင်စီတပ်ကင်စင်ရေး မျှော်မှန်းချက်များကို သိရှိနိုင်ရန် KNLA တပ်မဟာ (၅) ၏ တပ်မဟာမှူး ဗိုလ်မှူးကြီးစောဂီနွီးကို တွေ့ဆုံမေးမြန်းထားပါသည်။
မေး။ ။ တပ်မဟာ (၅) ရဲ့ လက်ရှိစစ်ရေးအခြေအနေကို ပြောပြပါဦး။
ဖြေ။ ။ ကျနော်တို့ တပ်မဟာ (၅) မှာ မြို့နယ် ၃ ခု ရှိတယ်။ လူသောမြို့နယ်၊ ဘူးသိုမြို့နယ်၊ ဒွယ်လိုးမြို့နယ် တို့ ဖြစ်တယ်ပေါ့နော်။ ကျနော်တို့မြို့နယ် ၃ ခုမှာ စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုအခြေအနေကို ပြန်ကြည့်မယ် ဆိုရင် ဘူးသိုမှာ ဖာပွန်ဗျူဟာစစ်ကောင်စီတပ်စခန်း တစ်ခုပဲ ရှိပါတော့တယ်။
အဲဒီမှာတော့ တပ်ရင်းက ၂ ခု ပေါင်းနေတာပေါ့။ ခမရ ၃၄၀ နဲ့ ခမရ ၃၄၁။ လူသောမြို့နယ်မှာတော့ စစ်ကောင်စီ တပ်စခန်း ၁၀ ခု ဝန်းကျင်လောက်ရှိတယ်။ ဒွယ်လိုးမှာတော့ ၅ ခု ၆ ခုလောက် ကျန်ရှိသေးတယ်။ မြို့နယ် ၃ ခုလုံး နှိုင်းယှဥ်ရင် လူသော မြို့နယ်မှာတော့ စစ်ကောင်စီတပ်စခန်းက အများဆုံး ဖြစ်နေတာပေါ့။
မေး။ ။ အာဏာသိမ်းပြီးနောက်ပိုင်း ဖာပွန်ခရိုင်ထဲက စစ်ကောင်စီတပ်စခန်းအခြေအနေက ဘယ်လိုရှိနေလဲ။
ဖြေ။ ။ အာဏာသိမ်းပြီးနောက်ပိုင်း မူတြော်ခရိုင်ထဲမှာ စစ်ကောင်စီတပ်စခန်း ၆၉ လုံး ရှိတယ်။ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က သွားတိုက်ယူရတာက ၁၁ ခု ရှိတယ်။ ကျန်တာကတော့ သူတို့ရဲ့အခြေအနေအမျိုးမျိုးကြောင့် မခံနိုင်လို့ စခန်းစွန့်ခွာသွားတာ ၃၅ လုံး ရှိပါတယ်။ လက်ရှိမှာတော့ စခန်းအသေးလေးတွေပါ အပါပေါ့။ စခန်း ၃၀ ဝန်းကျင်လောက်တော့ ကျန်ရှိနေပါတယ်။
မေး။ ။ ကျန်နေတဲ့စခန်းတွေမှာ ဘယ်စခန်းက အချက်အချာကျဆုံးစခန်းတွေပါလဲ။
ဖြေ။ ။ ဖာပွန်ဗျူဟာရယ် ပေါခေးခို့စခန်းတို့က အင်မတန်အရေးကြီးတဲ့စခန်းတွေ ဖြစ်တယ်။ ဗျူဟာကျတဲ့ စခန်းတွေပေါ့။
မေး။ ။ လက်ရှိမှာ ကျန်တဲ့စခန်းတွေရဲ့လှုပ်ရှားမှုက ဘာတွေရှိလဲ။
ဖြေ။ ။ အခုကတော့ ကျန်နေတဲ့စစ်ကောင်စီတပ်စခန်းတွေမှာ ဖာပွန်ဗျူဟာစခန်းကတော့ ပစ်တာခတ်တာ တော်တော်ဆိုးတယ်။ လက်နက်ကြီး ၁၂၂ မမ တို့ ၈၁ မမ တို့ ၆၀ မမ တို့နဲ့ ပြည်သူလူထုအပေါ် ပစ်တာတွေ လုပ်တယ်။ ကမမောင်းဘက်ခြမ်းမှာ ဆိုရင်လည်း ၁၂၂ တို့ ၈၁ တို့ သုံးပြီးတော့ ပစ်တာတွေ ရှိတယ်။
အဲဒီအုပ်စုက ပစ်တာက မူတြော်ခရိုင်ထဲမှာရှိနေတဲ့ ပြည်သူတွေဆီကို ပစ်တာတင်မကပဲ၊ တပ်မဟာ (၁) သထုံ ခရိုင်ထဲက ဒေသခံရွာတွေထဲကိုလည်း ပစ်ချတာရှိတယ်။ ဒီလိုပဲ ပေါခေးခို့စခန်းဆိုရင်လည်း လက်နက်ကြီးတွေ ပစ်တယ်။ ခုနပြောသလို ၁၂၂ တို့ ၈၁ တို့တွေသုံးတယ်။ ပြည်သူလူထုနေတဲ့ နေရာတွေတင်မကဘဲ လူထုလုပ်ကိုင် စားသောက်တဲ့ လုပ်ငန်းခွင်နေရာတွေအထိ ပစ်တာရှိတယ်။
မေး။ ။ မူတြော်ခရိုင်ထဲမှာ စစ်ကောင်စီစခန်း ကင်းစင်ရေးနဲ့ပတ်သက်ပြီး လာမယ့်နှစ်မှာ ဘာတွေမျှော်လင့်လို့ရပါလဲ။
ဖြေ။ ။ စစ်ကောင်စီတပ်စခန်းတွေရဲ့အခြေအနေကို ကြည့်မယ်ဆိုရင် သူတို့ဘာသာသူတို့တောင် အများပြည်သူ နေရာတွေကို လှုပ်ရှားသွားလာလို့ မရဘူး။ သူတို့စခန်းထဲမှာပဲ ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီး နေရတာဖြစ်တယ်။ အပြင်မထွက်ရဲဘူးပေါ့။ ပြောချင်တာက သူတို့လည်း ကြောက်ရွံ့နေရတဲ့သဘောရှိတယ်။ မြေပြင်ကနေ တနေရာနဲ့ တနေရာ ခြေကျင်လမ်းကြောင်းနဲ့ အင်အားပို့ဖို့ မရှိတော့ဘူးလို့လည်း ပြောလို့ရတယ်။ တော်တော်ကြာမှ တခါလောက်ပဲ ရှိတယ်။ အဲဒါကြောင့် စားနပ်ရိက္ခာပိုင်းမှာလည်း လေကြောင်းကိုသာ အသုံးပြုနေရတယ်။
စားနပ်ရိက္ခာတင်မကဘဲ ဆေးဝါးတို့လက်နက်တို့လည်း ဒီအတိုင်းပါပဲ။ အခု လာပို့တယ်ဆိုတာကလည်း ရိက္ခာ ခြောက်ပဲ။ အဓိက စားနပ်ရိက္ခာဖြစ်တဲ့ ဆန်ကတော့ ပို့တာနည်းတယ်။ အရင်ကပို့တာတော့ ရှိနိုင်တာပေါ့လေ။ ဒါကြောင့် မေးခွန်းအရဆိုရင်တော့ စစ်ကောင်စီတပ်စခန်းအားလုံးကို လာမယ့် ၂၀၂၅ မှာ ပျောက်ကွယ် သွားအောင် လုပ်ဆောင်နိုင်မယ်လို့တော့ ယုံကြည်ပါတယ်။ ကျနော်တို့တစ်ဖွဲ့မဟုတ်ဘဲ အခြားအဖွဲ့တွေလည်း ပူးပေါင်းတိုက်နေတာဖြစ်လို့ အဲဒီလိုတော့ ယုံကြည်ထားတယ်။
မေး။ ။ တပ်မဟာ(၅)ရဲ့ စစ်ရေးမျှော်မှန်းချက်က ဘာများဖြစ်မလဲ။
ဖြေ။ ။ မူတြော်ခရိုင်မှာတော့ ကျနော်တို့ KNLA ရယ် အခြားတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက အမြဲတမ်း ကိုယ့်ကိုကိုယ်ကာကွယ်တဲ့အပိုင်းရော သူများကို သွားတိုက်တဲ့အပိုင်းမှာရော စစ်ရေးနဲ့ပတ်သက်ပြီး လုပ်ဆောင် နေတယ်။ ဒီလိုလုပ်ဆောင်ရတာကလည်း ပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ရဖို့အပြင် သူများရဲ့နယ်မြေကို သွားလုတာ မဟုတ်ဘဲ၊ ကျနော်တို့ရဲ့နယ်မြေကို ကျနော်တို့ကိုယ်တိုင် အုပ်ချုပ်နိုင်ဖို့ ဖြစ်တယ်။ အဓိကကတော့ ကိုယ်ပိုင်လွတ်လပ်ပိုင်ခွင့်နဲ့ ပြည်သူတွေ အေးချမ်းစွာနေထိုင်ရဖို့ ဖြစ်တယ်။
စစ်ကောင်စီရဲ့ အတင်းအဓမ္မ အုပ်ချုပ်မှုက နှစ်ပေါင်း ၇၀ လောက် ရှိနေခဲ့ပြီ။ ကျနော်တို့ မလွတ်လပ်ခဲ့ရဘူး။ တောက်လျှောက်ဆိုသလို ကြောက်ကြောက်လန့်လန့်နဲ့ နေထိုင်လှုပ်ရှား သွားလာနေရတယ်။ သွေးထွက်သံယို တွေလည်း တွေ့ကြုံခဲ့ရတယ်။ ပြည်သူတွေလည်း သေခြင်းတရားနဲ့ ရင်ဆိုင်နေရတယ်။ ဒါကြောင့် စစ်ရေး ရည်မှန်းချက်ကတော့ လွတ်လွတ်လပ်လပ်နဲ့ ကိုယ့်နယ်မြေမှာ ပြည်သူတွေအေးချမ်းစွာ နေထိုင်နိုင်ဖို့ ဖြစ်တယ်။
မေး။ ။ တပ်မဟာ (၅) နယ်မြေမှာ နယ်ခြားစောင့်တပ် (BGF) တွေရဲ့ လှုပ်ရှားမှုကရော ဘယ်လိုရှိနေပါလဲ။
ဖြေ။ ။ BGF က ကျနော်တို့နယ်မြေထဲမှာ သိပ်တော့အများကြီး မရှိဘူး။ တပ်ရင်းက ၂ ရင်းလောက်ပဲ ရှိတယ်။ ၁၀၁၃ တပ်ရင်းနဲ့ ၁၀၁၄ တပ်ရင်းပဲ ရှိတယ်။ အဲဒီတပ်ရင်းတွေ ရှိနေတဲ့အပေါ်မှာ ကျနော်တို့ရဲ့တာဝန်ရှိ ခေါင်းဆောင်တွေကလည်း ပြန်လည်ပေါင်းစည်းဖို့ ညှိနှိုင်းတာတွေ လုပ်ဆောင်တယ်။ ထို့အတူပဲ ကျနော်တို့ နယ်မြေရဲ့ အခြေအနေအဖက်ဖက်အရ ဒီတပ်ရင်းနှစ်ရင်းက KNLA တပ်ဖွဲ့ဝင်တွေနဲ့ ပွင့်ပွင့်လင်းလင်း လာရောက် ပူးပေါင်းလုပ်ဆောင်မှု အပိုင်းကတော့ မရှိဘူး။
စစ်ကောင်စီကိုလည်း သူတို့ကသွားပြီး ကူညီပံ့ပိုးတဲ့ပုံစံမျိုးကရှိပေမယ့် ပေါ်ပေါ်လွင်လွင်ရှိနေတာမျိုးလည်း မဟုတ်ဘူး။ သူတို့က စစ်ကောင်စီပေးတဲ့ လစာလည်း ယူထားတုန်းဆိုတော့ အတိအလင်း ရှောင်နိုင်တာမျိုး မဟုတ်ဘူး။ ဒါကြောင့် စစ်ကောင်စီရဲ့ အလုပ်တွေကို လုံးဝကြီး ရှောင်ဖယ်ပစ်လိုက်တာမျိုး လုပ်မရတာ။ တခါတ လေ လူနည်းစုအနေနဲ့ စစ်ကောင်စီကို လမ်းပြပေးရတာမျိုး ရှိတယ်။ လူအများကြီးနဲ့ ကူညီလုပ်ဆောင် တာမျိုးတော့ မဟုတ်ဘူးပေါ့။
မေး။ ။ အဲဒီ BGF တပ်ရင်း ၂ ရင်း အင်အားကရော ဘယ်လောက်ရှိပါလဲ။
ဖြေ။ ။ အတိအကျတော့ မပြောနိုင်ဘူး။ တပ်ရင်းတစ်ရင်းမှာတော့ ၁၀၀ ကနေ ၂၀၀ ကြားမှာတော့ ရှိနေနိုင်တယ်။
မေး။ ။ မူတြော်ခရိုင်ရဲ့ စစ်ရှောင်အခြေအနေနဲ့ ပတ်သက်ပြီးတော့ရော ပြောပြချင်တာမျိုးရှိလား။
ဖြေ။ ။ အခုကတော့ ကျနော်တို့နယ်မြေထဲမှာ ဖာပွန်မြို့ကို ပြန်ယူရတာရယ်၊ ဖာပွန် – ကမမောင်း လမ်းပိုင်းကို ပြန်စိုးမိုးနိုင်ဖို့ရယ်၊ တိုက်ပွဲတွေဖြစ်တော့ ပြေးလွှားရတဲ့ပြည်သူတွေ အများကြီးရှိတယ်။ အဝေးကြီးပြေးကြတာ တော့ မဟုတ်ဘူး။ အနီးအနားလောက်ပဲ ပြေးပုန်းနေရတာ။ ဘာကြောင့်လဲဆိုတော့ ခုနကပြောသလိုပဲ ကျနော် တို့ရဲ့ နယ်မြေအခြေအနေက တဖြည်းဖြည်း ကောင်းလာမှာဖြစ်လို့ အနီးအနားမှာပဲ လိုက်တိမ်းရှောင် နေကြရ တယ်။ အခက်အခဲကတော့ အများကြီးရှိမှာပါ။ ဒီနှစ်ထဲမှာဆို သဘာဝဘေးအန္တရာယ် အခက်အခဲကြောင့် စားနပ်ရိက္ခာပိုင်း အခက်အခဲတွေကို ပြည်သူတွေ တွေ့ကြုံခဲ့ရတယ်။
ဒါပေမဲ့ ပြည်တွင်းပြည်ပ ကရင်လူထုအဖွဲ့အစည်းတွေက ကျနော်တို့ရဲ့ ဒုက္ခရောက်နေတဲ့ ကရင်ပြည်သူလူထု တွေကို ကူညီထောက်ပံ့မှုတွေ အများကြီး လုပ်ဆောင်နေတယ်လို့ ကျနော်ယုံကြည်ပါတယ်။ အခုလက်ရှိလည်း ကရင်လူမှုအဖွဲ့အစည်းတွေရဲ့ မေတ္တာနဲ့ ကူညီမှုတွေ လုပ်ဆောင်နေပြီးပြီ။ နောင်လာမယ့်နှစ်တွေမှာလည်း ကူညီကြဦးမှာဖြစ်လို့ လက်ရှိအခြေအနေနဲ့ဆိုရင် ပညာရေးဖြစ်စေ စားသောက်ရေးဖြစ်စေ အရမ်းကြီး ကြပ်တည်းမှု မရှိနိုင်တော့ဘူးလို့ ကျနော် မျှော်လင့်ယုံကြည်တယ်။ အရမ်းခက်ခဲ နေရင်တောင် ရှေ့ဆက်ခရီး အတွက် အခက်အခဲအများကြီး မဖြစ်တော့ဘူး။
မေး။ ။ နောက်ဆုံးအနေနဲ့ ပြည်သူကို ဘာစကားပါးချင်လဲ။
ဖြေ။ ။ ကျနော့်အနေနဲ့တော့ ပြည်သူကို တိုက်တွန်းစကားလေး ပြောချင်ပါတယ်။ လက်ရှိအခြေအနေကို ပြန်ကြည့်ရင် ကျနော်တို့ရဲ့ ကရင်လူမျိုးတွေကို စစ်ကောင်စီအစိုးရက ဖိနှိပ်အုပ်ချုပ်တဲ့အောက်မှာ နေခဲ့ရပြီးပြီ။ ဒီတကြိမ်မှာတော့ ပြန်ပြီးဖိနှိပ်မှုတွေကို တွန်းလှန်ဖို့နဲ့ ကိုယ့်ရဲ့ရပိုင်ခွင့်ကို ပြန်အရယူဖို့ အခွင့်အရေးကောင်း ဖြစ်တယ်ဆိုတာ ပြောချင်တယ်။ ဒါကြောင့် တစ်ကမ္ဘာလုံးမှာရှိတဲ့ ကရင်လူမျိုးအားလုံးကို ကိုယ်ရှိနေတဲ့ နေရာလေးကနေ အချင်းချင်းစည်းလုံးဖို့ တစ်ယောက်နဲ့တစ်ယောက် ကူညီဖေးမဖို့ တိုက်တွန်းချင်ပါတယ်။
ဒါ့အပြင် ကရင်လူမျိုးတွေရဲ့ ရပိုင်ခွင့်၊ ကိုယ်ကံကြမ္မာကိုယ်ဖန်တီးနိုင်ရေး လမ်းကြောင်းကို ဖွင့်နိုင်ပြီ၊ ပွင့်သွားပြီလို့ ကျနော်ထင်တယ်။ ဒီထက်ပိုပြီး ကျနော်တို့ရဲ့အုပ်ချုပ်ရေးယန္တရားပိုင်းက လုပ်ဖော်ကိုင်ဖက်တွေနဲ့ စစ်ရေးပိုင်းက တပ်ဖွဲ့ဝင်တွေလည်း အခက်အခဲကတော့ ကြုံနေရမှာဆိုပေမယ့် ကျနော်ကတော့ ပြည်သူတင်မကဘဲ အုပ်ချုပ်မှု ခေါင်းဆောင်ပိုင်းရော လူငယ်ပိုင်းရောကို အားသွန်ခွန်စိုက် လုပ်ဆောင်ဖို့နဲ့ အမျှော်အမြင်ကြီးကြီးထားပြီး ပေးဆပ်ကြမယ်လို့ ပြောချင်တယ်။
အထူးသဖြင့်ကတော့ ကရင်လူငယ်လေးတွေကို တိုက်တွန်းချင်တာက အားစိုက်လုပ်ဆောင်ကြဖို့ပါ။ လူငယ်ဆိုတာ နောင်တချိန် လူကြီးဖြစ်လာရမှာ ဖြစ်တယ်။ လူငယ်တွေအနေနဲ့လည်း ကိုယ်ကအသက်ငယ်သေးတယ်ဆိုတဲ့ မိမိ ကိုယ်မိမိ အထင်သေးမှုမျိုးကိုဖျောက်ပြီး ရောက်ရာနေရာမှာ ဦးဆောင်နိုင်ရမယ်ဆိုတဲ့စိတ်ကို မွေးမြူနိုင်ရမယ်။ အခြေခံဖြစ်စေ၊ အလယ်ကဖြစ်စေ၊ အမြင့်ပိုင်းကဖြစ်စေ ကိုယ်တတ်နိုင်တာကို လုပ်ဆောင်ရမယ်။ ပြီးတော့ ကျနော်တို့ ကရင်လူမှုအဖွဲ့အစည်းတွေ အနေနဲ့လည်း ကျနော်တို့ကို လက်ရှိမှာပံ့ပိုးပေးနေတယ်ဆိုပေမယ့် ရှေ့ဆက်ပံ့ပိုးဖို့ ပြောချင်တယ်။
ဆိုရှယ်မီဒီယာခေတ်ဆိုတော့ ကောလာဟလတွေ အများကြီးရှိနေတယ်ဆိုပေမယ့် တစ်ဦးနဲ့တစ်ဦး အပြစ်မမြင်ဘဲ စည်းလုံးကြမယ်။ တိုက်ခိုက်တာမျိုး မလုပ်ကြဘဲ အမှားအမှန်ကို မိမိဘာသာဆန်းစစ်ကြပါ။ ကွဲလွဲနေတဲ့ အမြင်တွေက ကျနော်တို့ကရင်လူမျိုးစုထဲမှာ အများကြီးရှိပြီးဖြစ်လို့ ရှေ့ဆက်စိတ်သဘောထားကွဲလွဲမှုတွေ နည်းသွားအောင် ကောင်းတဲ့အတွေးအမြင်လေးတွေရှိဖို့ လိုအပ်ပါတယ်။ နောက်တစ်ခုက ကျနော်တို့ တပ်မဟာ (၅) ထဲက ပြည်သူတွေကိုဆိုရင် အားရတဲ့အချက်လေးတွေ ရှိတယ်။
ဒါက ကျနော်တို့ စစ်ရေးဖော်ဆောင်နေပေမယ့်လည်း ကျနော်တို့ရဲ့ပြည်သူတွေက ကျနော်တို့ကိုချစ်တယ်။ သူတို့က ကျနော်တို့ရဲ့စိတ်ပိုင်း ကိုယ်ပိုင်းဆိုင်ရာမှာ တစ်ဦးချင်းသော်လည်းကောင်း၊ အုပ်စုလိုက်သော် လည်းကောင်း ပံ့ပိုးမှုပေးကြတယ်။ တစ်ယောက်ချင်း ပြောပြလို့တောင် မကုန်ပါဘူး။ ကျနော်တို့မှာတော့ စာရင်းဇယားနဲ့ ရှိပါတယ်။ အသိအမှတ်လည်း ပြုပါတယ်။ ပြည်သူတွေဆီက ရရှိလာတဲ့ခွန်အားက ကျနော်တို့ အတွက် အားတစ်ခုဖြစ်စေတယ်။ အချို့ဆိုရင် သူတို့ ငွေရေးကြေးရေးပိုင်းမှာ တတ်နိုင်သလောက် ကူညီပေး တာတောင် အများကြီးပေးဖို့ မတတ်နိုင်ဘူးဆိုတာ မျက်နှာငယ်လေးနဲ့ ပြောသွားတာရှိတယ်။
ဒါကလည်း ကျနော်သူတို့ကို ပြောချင်တာက ကူညီပံ့ပိုးမှုဆိုတာ အကြီးကြီးမှ မဟုတ်ဘူး၊ အသေးမွှားလေးကအစ တန်ဖိုးရှိတယ်။ ကျနော်ဆောင်ထားတဲ့ ဆောင်ပုဒ်အရပေ့ါ။ တကယ်လို့လူတစ်ယောက်ကို ပံ့ပိုးချင်တယ်ဆိုရင် ရွှေ၊ ငွေ ပံ့ပိုးတာမဟုတ်ဘဲ စကားတစ်ခု အမှုအရာ တစ်ခုခုဖြစ်ဖြစ် ပံ့ပိုးလိုက်တာကလည်း တန်ဖိုးရှိတဲ့အရာ ဖြစ်တယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ကိုယ်ကအများကြီးကူနိုင်မှ တန်ဖိုးရှိတာမဟုတ်ဘဲ ကိုယ့်စိတ်ရင်းအတိုင်း တတ်နိုင်တဲ့ဘက်က ကူညီတာက တန်ဖိုးရှိပါတယ်။