Home သတင်း တပ်မဟာ- ၄ တွင် KNLA နယ်မြေရှင်းလင်းရေးလုပ် KTLA တပ်ဖွဲ့ ၁၄ ဦးကို ဖမ်းဆီးထား

တပ်မဟာ- ၄ တွင် KNLA နယ်မြေရှင်းလင်းရေးလုပ် KTLA တပ်ဖွဲ့ ၁၄ ဦးကို ဖမ်းဆီးထား

725
Photo- ဗိုလ်စောအယ်ကွီးနှင့် KTLA တပ်ဖွဲ့ဝင်များ ( Photo -KTLA)

ဒီဇင်ဘာ ၂၀၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ၊ တပ်မဟာ(၄)၊ ဘိတ်-ထားဝယ်ခရိုင်၊ လယ်ဒိုစိုးနှင့် ကစယ်ဒိုမြို့နယ်အတွင်း နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA က နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပြီး ကော်သူးလေးအာမီ- KTLA တပ်ဖွဲ့ဝင် (၁၄)ဦးကို ဖမ်းဆီးရရှိထားမိသည်ဟု ခရိုင်တာဝန်ရှိသူက အတည်ပြု ပြောသည်။

ထိုဒေသတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း(၁၀) နှင့် တပ်ရင်း(၁၂) တပ်ဖွဲ့ဝင်များ မကြာခဏ ပစ်ခတ်ခံရပြီး လုံခြုံမှုမရှိသောကြောင့် မိမိကိုယ်ကိုယ် ပြန်လည်ကာကွယ်သည့်အနေဖြင့် KTLA တပ်ဖွဲ့ ဝင်များရှိသည့် နေရာ ၃ နေရာကို ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ဘိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုအယ်နာက ယခုလို ပြောသည်။

“သူတို့က ကျနော်တို့ နယ်မြေထဲမှာရှိတယ်။ ကျနော်တို့က ရန်သူကို တိုက်ဖို့ လုပ်ရတာတွေရှိတယ်။ တစ်ဖက်မှာ လည်း သူတို့က ကြားမှာရှိပြီး ကျနော်တို့ ခေါင်းဆောင်၊ တပ်ဖွဲ့ဝင်တွေကို ပစ်ခတ်နေတာရှိတော့ ကျနော်တို့ ဘက်ကလည်း သူတို့ကို ရှင်းရတာပေါ့” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ခရိုင်အတွင်း ကေအဲန်ယူလက်အောက်ခံ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA က ယခုလို နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဉ် ဒီဇင်ဘာ ၁၈ ရက်နေ့တွင် KTLA တပ်ဖွဲ့ဝင်တို့နှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး KTLA တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာ၊ ၁၄ ဦးကို ဖမ်းဆီးရမိသလို လက်နက် ၁၇ လက်ကိုလည်း သိမ်းဆည်းရခဲ့သည်ဟု ဒေသတွင်း သတင်းများအရ သိရသည်။

ယခုဖြစ်စဉ်အပေါ် ကော်သူးလေးအာမီ စစ်ဦးစီးချုပ်၊ ဗိုလ်ချုပ်နယ်ဒါးမြထံသို့ ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရသေးသလို နှစ်ဘက်ပစ်ခတ်မှုသည် KTLA လက်အောက် စောအယ်ခွီး(ကော်လာဖိုး) ဦးဆောင် သည့် လောက်အောက်ခံ တပ်ဖွဲ့များနှင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ထို့အပြင် ဒီဇင်ဘာ ၈ ရက်နေ့တွင် အစည်းအဝေးတက်မည့်သူကို ဆိုင်ကယ်နှင့် သွားပို့ပြီး ပြန်လာသည့် ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA၊ တပ်ရင်း(၁၂)၊ တပ်ခွဲ(၄)မှ ဒုတပ်ခွဲမှူးစောဖားဂျိုးကို KTLA က ပစ်ခတ်ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခဲ့မှု ဖြစ်ပွားခဲ့သည်။

အလားတူ ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်းက အဆိုပါ KNLA၊ တပ်ရင်း (၁၂) နယ်မြေတွင် KNLA တပ်ဖွဲ့ ဝင်များ စီးလာသည့်ကားကို ကော်သူးလေအာမီ-KTLA တပ်ဖွဲ့က ပစ်ခတ်သည့်အတွက် KNLA မှ စစ်ဘက်ရေးရာ ကွပ်ကဲ ရေးမှူး ဗိုလ်မှူးစောဖိုးစီနှင့်အတူ ရဲဘော် တစ်ဦးကျဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရမှု ဖြစ်ပွားခဲ့သေးသည်။

ဘိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ(၄)တွင် KNLA နှင့် KTLA တပ်ဖွဲ့ကြား ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ကတည်းကစ၍ နှစ်ဖက်တင်းမာမှုဖြစ်ပွားကာ ထိပ်တိုက်ပစ်ခတ်မှု မကြာခဏ ဖြစ်ပွားလေ့ရှိပြီး KTLA တပ်စခန်းနေရာများကို KNLA ဘက်က သွားရောက်ရှင်းလင်းခဲ့မှုများလည်း ရှိခဲ့ဖူးသည်။ ထို့အပြင် KTLA တပ်ဖွဲ့ဝင်တစ်ချို့က KNLA နှင့် လက်တွဲ လုပ်ဆောင်မှုများလည်း ရှိကြောင်း သိရသည်။