Home သတင်း တပ်မဟာ-၄ ရှိ မောတောင်-ရေဖြူလမ်း ပြန်စိုးမိုးရန် အောင်တံခွန်စစ်ကြောင်းထိုး တိုက်ပွဲပြင်းထန်နေ

တပ်မဟာ-၄ ရှိ မောတောင်-ရေဖြူလမ်း ပြန်စိုးမိုးရန် အောင်တံခွန်စစ်ကြောင်းထိုး တိုက်ပွဲပြင်းထန်နေ

1058

ဒီဇင်ဘာ ၁၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ၊ တပ်မဟာ-၄၊ ဘိတ်-ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ် မောတောင်-ရေဖြူလမ်းကို ပြန်စိုးမိုးရန် စစ်ကောင်စီက အောင်တံခွန်စစ်ဆင်ရေးအမည်တပ်ကာ စစ်ကြောင်းထိုးနေပြီး ဒေသတွင်းရှိ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA တပ်တို့နှင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသည်ဟု ကေအဲန်ယူ၊ တပ်ပိုင်းဆိုင်ရာ သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီက မောတောင်နယ်စပ်လမ်းကို ပြန်စိုးမိုးရန် အောင်တံခွန်စစ်ဆင်ရေး အမည်တပ်ထားသည့် စစ်ကြောင်း၌ တပ်ရင်း ၅ ရင်းမှ တပ်ဖွဲ့ဝင်အင်အား ၄၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

ထိုစစ်ကြောင်းကို KNLA တပ်ရင်း ၁၁ နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက အဆိုပါလမ်းပေါ်တွင် ဒီဇင်ဘာ ၁၈ ရက်နေ့က ရေဖြူတွင် တစ်ကြိမ်၊ ထုံခါတွင် တစ်ကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ လေကြောင်း စစ်ကူ ပစ်ခတ်မှုလုပ်ဆောင်ခဲ့သည်။ လက်ရှိ သံကွင်းကျေးရွာ၌ တပ်စွဲထားပြီး ယနေ့ ဒီဇင်ဘာ ၁၉ ရက်နေ့အထိ တိုက်ပွဲပြင်းထန် နေဆဲဖြစ်ကြောင်း တနင်္သာရီမြို့နယ်ရှိ ကေအဲန်ယူ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“စစ်ကောင်စီတပ်က သံကွင်းမှာရောက်ပြီး သူတို့ရှေ့တိုးလို့ မရဘူး။ မနေ့တုန်းကတော့ လေယာဉ်နဲ့စစ်ကူလာပစ် တယ်။ ဒီနေ့မနေ့ကတော့ လေယာဉ်တော့မလာဘူး။ တိုက်ပွဲတော့ ဖြစ်သေးတယ်။ ကျနော်တို့ဘက်ကတော့ ပဒေသာမိုင်းနဲ့လည်းဆွဲတယ်။ ပြီးတော့ ဒရုန်းတွေနဲ့လည်းပစ်တယ်။ ထိခိုက်မှုတော့ မသိရသေးဘူး။ ရှေ့တိုးရင် တော့ သူတို့ကိုထပ်ပစ်ရမှာပဲ”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

စစ်ကြောင်းထိုးလာသည့် အောင်တံခွန်စစ်ဆင်ရေးစစ်ကြောင်းသည် မောတောင်နယ်စပ်ရှိ စစ်ကောင်စီ တပ်ရင်း နှစ်ရင်းကို အင်အားဖြည့်ရန်နှင့် တပ်ချိန်း၊ တပ်ပြောင်းလုပ်ရန်နှင့် မောတောင်နယ်စပ်လမ်းကို ထိန်းချုပ်ရန်ဖြစ် သည်ဟု ကေအဲန်ယူ တပ်မဟာ-၄ ဘက်က ပြောဆိုသည်။

အဆိုပါ အောင်တံခွန်စစ်ကြောင်းကို စကခ-၁၃ ဦးဆောင်ကာ ခြေလျင်၊ ခြေမြန် တပ်ရင်း ၄ ရင်း၊ အမြောက် လက်နက်ကြီး တပ်ရင်းတစ်ရင်းနှင့် အထူးဒရုန်း တပ်ဖွဲ့ ၃ ဖွဲ့ပါသည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

အောင်တံခွန်စစ်ကြောင်းသည် လက်ရှိအချိန်တွင် ထိုင်း-မြန်မာနယ်စပ် မောတောင်လမ်းအပြင် မော်လမြိုင်-ရေး-ထားဝယ် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးကိုလည်း အောင်တံခွန်စစ်ဆင်ရေးအမည်နှင့် စစ်ကြောင်းထိုး တိုက်ခိုက် နေသည်ဟု ကေအဲန်ယူ၊ တပ်မဟာ-၄ ဘက်က ပြောသည်။