Home တွေ့ဆုံမေးမြန်းခန်း “တချို့စခန်းတွေဆို စစ်ကြောင်းတောင် မလှုပ်ရှားနိုင်တော့တာ၊ အင်အားလည်းမရှိတော့ ရုပ်သိမ်းလိုက်တာလည်းရှိတယ်။ ” ဗိုလ်မှူးချုပ် စောစိုးမြင့်ထွေး

“တချို့စခန်းတွေဆို စစ်ကြောင်းတောင် မလှုပ်ရှားနိုင်တော့တာ၊ အင်အားလည်းမရှိတော့ ရုပ်သိမ်းလိုက်တာလည်းရှိတယ်။ ” ဗိုလ်မှူးချုပ် စောစိုးမြင့်ထွေး

402

“တချို့စခန်းတွေဆို စစ်ကြောင်းတောင် မလှုပ်ရှားနိုင်တော့တာ၊ အင်အားလည်းမရှိတော့ ရုပ်သိမ်းလိုက်တာလည်းရှိတယ်။ ” ဗိုလ်မှူးချုပ် စောစိုးမြင့်ထွေး

(ဒီဇင်ဘာ ၂၄ရက်၊ ၂၀၂၄)

တပ်မဟာ ၁ နယ်မြေတွင်း စစ်ရေးအခြအနေနှင့်ပတ်သက်၍ တပ်မဟာမှူးနှင့် တွေ့ဆုံမေးမြန်းခြင်း

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၁) နယ်မြေ/ဒူးသထူ(သထုံ)ခရိုင်အတွင်း အာဏာသိမ်း စစ်တပ် နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA တို့အကြား တကျော့ပြန် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့ပြီး နယ်မြေစခန်းသိမ်းတိုက်ပွဲများအထိ ပေါ်ပေါက်လာခဲ့သည်။

လတ်တလောအချိန်ထိ အဆိုပါဒေသတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ပြီး နယ်မြေ၏ ပကတိအခြေအနေနှင့် လတ်တလော စစ်ရေးလှုပ်ရှားမှုအခြေအနေများကို တပ်မဟာ(၁)၊ တပ်မဟာမှူး ဖြစ်သူ ဗိုလ်မှူးချုပ် စောစိုးမြင့်ထွေးနှင့် ကေအိုင်စီ-ကရင်သတင်းဌာန တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

ကေအိုင်စီ ။ ။ အခု တပ်မဟာ (၁) နယ်မြေထဲမှာ စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှု အခြေအနေလေး သိပါရစေ။
ဗိုလ်မှူးချုပ် စောစိုးမြင့်ထွေး ။ ။ အဓိက လှုပ်ရှားတာက ကျိုက်ထိုမြို့နယ်၊ သထုံမြို့နယ် နဲ့ ဖားအံမြို့နယ် အာရှလမ်းမကြီးမှာပဲရှိတော့တယ်။ ဘီးလင်းမြို့နယ်မှာတော့ စစ်ကြောင်းမရှိတော့ဘူး၊ ဝင်လာတာ လည်းမရှိတော့ဘူး။ ကျိုက်ထိုမြို့နယ်မှာကျတော့ လမ်းမကြီးနဲ့ နီးတယ် မြို့နဲ့လည်း နီးတော့ အခုအချိန် မှာတော့ သူတို့ လှုပ်ရှားမှု ပိုများတယ်။ ဒါပေမဲ့ တက်လာလိုက် ပြန်ဆင်းသွားလိုက်ပဲ။ မြို့နယ်က ထိန်းချုပ်တဲ့ အထဲထိတော့ မရောက်ဘူး။

ကေအိုင်စီ။ ။ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း နယ်မြေတွင်း စစ်ဘက်၊ အရပ်ဘက်အုပ်ချုပ်ရေး ပြောင်းလဲလာမှု အခြေအနေလေး ဘယ်လိုရှိလဲ။
ဗိုလ်မှူးချုပ် စောစိုးမြင့်ထွေး ။ ။ အခြေအနေကတော့ အတော်လေး ပြောင်းလဲသွားတယ်။ အရင်က ဒီနေရာမှာ သူတို့စစ်စခန်းတွေလည်း များတယ်။ စစ်ကြောင်းတွေလည်း ပုံမှန်ထွက်ကြတယ်။ အခုက စစ်ကြောင်းထွက်တာလည်း မရှိတော့ဘူး။ အပြင်လည်း မထွက်ကြဘူး။ စခန်းထဲမှာပဲ နေနေကြတယ်။ သူတို့ တာဝန်ပေးထားတဲ့ အုပ်ချုပ်ရေးမှူးတွေကိုလည်း ဆက်မလုပ်ဖို့ ကျနော်တို့ဘက်က အမိန့် ပေးထားတယ်။ ပညာရေးဆိုလည်း CDM အကုန်ပဲ။ အစိုးရကျောင်းဆိုတာမရှိတော့ဘူး။ သူတို့ အုပ်ချုပ်ရေးမှူးလည်း မရှိတော့ဘူး။

ကေအိုင်စီ။ ။ နယ်မြေထဲမှာ အဓိက စစ်ကောင်စီစစ်စခန်းတွေ ဘယ်လောက်ကျန်သေးလဲ။
ဗိုလ်မှူးချုပ် စောစိုးမြင့်ထွေး ။ ။ ပြောရမယ်ဆိုရင် တပ်မဟာ(၁) နယ်မြေထဲမှာ သထုံ၊ ကျိုက်ထို၊ ကျိုက်ကော်၊ ဘီးလင်း အဲ့မှာတော့ သူတို့ တပ်ရင်း ဌာနချုပ်ရှိတာပေါ့။ အမြောက်တပ်လည်းရှိတာပေါ့ မြို့ထဲမှာကျတော့။ ဒါပေမဲ့ တောပိုင်းမှာကျတော့ မယ်ပရေးခီး၊ လေးကေ၊ တာပေါ၊ ပိန္နဲတော အဲ့ဒီ စခန်းလေးခုတော့ အကြီးဆုံးပဲ။ ကျန်တာတော့ မရှိတော့ဘူး။ ကားလမ်းမဘေးတွေမှာတော့ တပ်ရင်းဌာနချုပ်အများကြီးရှိသေးတယ်။ တချို့စခန်းတွေဆို စစ်ကြောင်းတောင် မလှုပ်ရှားနိုင် တော့တာ၊ အင်အားလည်းမရှိတော့ ရုပ်သိမ်းလိုက်တာလည်းရှိတယ်။

ကေအိုင်စီ။ ။ နယ်မြေအတွင်း စစ်ရေးဖော်ဆောင်တဲ့အခါမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေက ဘာတွေဖြစ်မလဲ။
ဗိုလ်မှူးချုပ် စောစိုးမြင့်ထွေး ။ ။ သူတို့(စစ်တပ်)ဘက်က လက်နက်ကြီးတွေ လေယာဉ်တွေနဲ့ ပြန် ပစ်တာ။ ပြီးတော့ အတင်းအဓမ္မလည်း ဖမ်းဆီးတာလုပ်တယ်။ အဲ့တော့ ပြည်သူလူထုအတွက်လည်း ကြည့်ပေးရတယ်။ လူထုနောက်မီးဆွဲလို့ ပြောကြပေမဲ့ ကြည့်ပြီး ပစ်ရတာပေါ့။ ရွာသားတွေကို ဒုက္ခပေး တယ်။ အဲ့တော့ အခြားစိန်ခေါ်မှုက ရွာသားတွေအတွက် လည်းကြည့်ပေးရတယ်။ ပြေးစရာမြေက သိပ်မရှိဘူး။ မြို့ပေါ်လည်းပြေးမရ နယ်စပ်လည်း အလှမ်းဝေးတယ်။ ဒီ ၃ နှစ် ကျော်ကာလထဲမှာတော့ ဒေသခံ ရွာသားတွေ ထိခိုက်သေဆုံးမှု စာရင်းတော်တော်များများ ကျနော်တို့ မှာရှိတယ်။

ကေအိုင်စီ။ ။ ဒီဒေသမှာ လာခိုလှုံနေကြတဲ့ သူတွေနဲ့လည်းပူးပေါင်း လုပ်ဆောင်တာတွေရှိတယ်။ ဘယ်လို ပုံစံပူးပေါင်းလုပ်ဆောင်တာမျိုးရှိလဲဆိုတာကိုလည်း ရှင်းပြပါအုံး။
ဗိုလ်မှူးချုပ် စောစိုးမြင့်ထွေး ။ ။ ပြောရမယ်ဆိုရင် မြို့ပေါ်ကနေ ပြေးလာတဲ့ လူတွေနဲ့ အတူတကွ လုပ် ဆောင်ရတာ အတော်လေးထိရောက်တယ်။ အတွင်းပိုင်းအထိ တိုက်ကွက်ဖော်နိုင်တယ်။ သူတို့ဘက် ကလည်း စိတ်အားထက်သန်မှုရှိကြတယ်။ ကိုယ်တွေ သွားချင်တဲ့နေရာတွေအထိ သွားနိုင်တယ်။ တစ်ခုပဲ လက်နက်က မလုံမလောက်တဲ့ အခက်အခဲတော့ ရှိတာပေါ့။ ရှိပေမဲ့လည်း အတတ်နိုင်ဆုံး ကူညီထောက်ပံ့ပေးတယ်၊ သူတို့ကိုယ်တိုင်လည်း ရှာကြတယ်။ အခြားသော တပ်မဟာတွေကလည်း ဝိုင်းကူကြတယ်။ တပ်မဟာ(၃)၊ တပ်မဟာ (၅) တို့နဲ့လည်း လက်တွဲလုပ်ဆောင်ကြတယ်။

ကေအိုင်စီ။ ။ စစ်တပ်ဘက်က တခါတလေ တိုက်ပွဲမရှိလည်း လက်နက်ကြီးတွေ ရမ်းသမ်း ပစ်ခတ်တာမျိုးကြား မိတယ်။ အဓိက လူထုနေရာတွေကို ပစ်ခတ်တာမျိုးပေါ့။ သူတို့ အဲ့လို လုပ်ရတဲ့ ရည်ရွယ်ချက်က ဘာဖြစ်မလဲ။
ဗိုလ်မှူးချုပ် စောစိုးမြင့်ထွေး ။ ။ သူတို့က ကုလားမနိုင် ရခိုင်မဲဆိုတဲ့ သဘောပါပဲ။ ကျနော်တို့ ကရင် တွေကို ဖျက်ဆီးပစ်ဖို့ ရည်ရွယ်ချက်ရှိတယ်။ အရင်က ကရင်ရွာတွေပဲ သူတို့က ပစ်တာ။ အခုက အခြား ဗမာရွာတွေကိုပါ ပစ်တာ။ မြို့ပေါ် ဒေသတွေမှာလည်း လက်နက်ကြီး ပစ်တာပဲ။ သထုံမြို့ ရပ်ကွက် တွေထဲကိုလည်း ပစ်တယ်။ သူတို့ စဉ်းစားချက်က လူထုတွေကို ရည်ရွယ်တာက ကျနော်တို့ အတွက် လူထုကျောထောက်နောက်ခံ မရှိတော့အောင် တမင်ရည်ရွယ်ပြီးလုပ်တာပဲ။

ကေအိုင်စီ။ ။ ပြည်သူလူထုတွေ ဒီစစ်အာဏာရှင် စနစ်ဆိုးကြီးကနေ လွတ်မြောက်ဖို့အတွက် တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဘယ်လိုလုပ်ဆောင်သင့်လဲလို့ မြင်လဲ။
နိုင်ငံရေးပိုင်းမှာတော့ ကျနော်တို့ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးထားတာမျိုးရှိနေလောက်ပြီးလို့ ယုံကြည်တယ်။ ရှေ့တန်းက ကျနော်တို့ အနေနဲ့ကျတော့ အတူပူးပေါင်း တိုက်ရမှာပေါ့။ အခုဆို ကရင်နီတို့ မြောက်ပိုင်းဘက်မှာလည်း တညီတညွတ်တည်း တိုက်နေပြီး။ စားပွဲခုံ တိုက်ပွဲကော လက်နက်ကိုင် တိုက်ပွဲကော နှစ်ခုစလုံးတော့ သွားရမှာပဲ။

ကေအိုင်စီ။ ။ အခုနယ်မြေအတွင်းမှာ စစ်ကောင်စီတပ်တွေက သူတို့စခန်းထဲမှာ အခုအချိန်ထိ ဆက်နေနိုင်တာက ဘယ်လိုကြောင့်လဲ။
ဗိုလ်မှူးချုပ် စောစိုးမြင့်ထွေး ။ ။ တကယ်လို့ ကျနော်တို့ဘက်က ပြတ်ပြတ်သားသား ရိက္ခာဖြတ်လိုက်ရင် ကျနော်တို့ လူထုပါအထိနာမယ်။ ဘာဖြစ်လဲဆိုတော့ ဆန်ရိက္ခာတွေက မြို့ပေါ်ကနေပဲ လာရတယ်။ သူတို့လည်း လူထုဆီကနေပဲ ဖြတ်ယူတာ။ သူတို့စခန်းဆောက်ဖို့အတွက်လည်း လူထုဆီက ပစ္စည်းတွေ ယူတယ်။ လေယာဉ်ကနေ ရိက္ခာလာချဖို့ဆို တာကတော့ မလွယ်လောက်ဘူး။ သူတို့စခန်းက အဲ့လောက်မကျယ်ဘူး။ ချမယ်ဆိုရင်တော့ ဘေးပတ်ဝန်းကျင်ပဲ ကျမှာ။

ကေအိုင်င်စီ။ ။ စစ်တပ်ဘက်က လက်နက်ကြီး ပစ်တဲ့အခါကျရင် ဘယ်လို ဒေသခံက အထိခိုက်ခံရဆုံးလဲ။
ပွင့်လင်းရာသီရောက်တာနဲ့ ဒီကလူထုတွေ အချို့ကလိုက်ရှောင်ပုန်းအိပ်ရတယ်။ တပ်မဟာ ၆ နဲ့ တပ်မဟာ ၅ ကို လေယာဉ်နဲ့ သွားပစ်ပြီးဆိုရင် ဒီကအနီးကပ်ဆုံး ဖြတ်ပျံတော့ လူထုတွေကတော့ ကြောက်ကြတာပေါ့။ ဒါပေမဲ့ လမ်းမကြီး ဘေးနားက ဒေသခံတွေကတော့ ပိုခံရတယ်။ မြို့နဲ့ နီးတဲ့ အတွက် ဟိုကလက်နက်ကြီးနဲ့ ပစ်ရင်သူတို့ဆီကိုပဲ ပိုကျတယ်။ ဒေသခံတွေကတော့ မြို့ပေါ် တက်ပြေးကြတာလည်းရှိသလို တောထဲဝင်ပြေး ကြတာလည်းရှိတယ်။ အခုက ဒရုန်းလည်း လိုက်ပစ်ချတာရှိတော့ ဒရုန်းရန်လည်း ကြောက်ရတယ်။

ကေအိုင်စီ။ ။ အခုဆို ဗိုလ်ဘိ ဦးဆောင်တဲ့ DKBA အုပ်စုကလည်း စခန်းအခိုင်အမာ လာချ တာမျိုးလုပ်တော့ ဒီကိစ္စမျိုးကို ဘယ်လို ကိုင်တွယ်ဖြေရှင်းဖို့ရှိလဲ။
ဗိုလ်မှူးချုပ် စောစိုးမြင့်ထွေး ။ ။ ဗိုလ်ဘိဆိုတာက ကျနော်နဲ့ အတော်လေးရင်းနှီးတဲ့ ဆက်ဆံ ရေးရှိပါတယ်။ အရင်ကတည်းက ဆက်ဆံရေးကောင်းတွေ ရှိထားပါတယ်။ သူ့ကို ခေါ်တွေ့သေးတယ်။ ခရိုင်ဥက္ကဋ္ဌနဲ့ တွေ့ဖို့ ခေါ်တယ်။ သူ မလိုက်ဘူး။ လက်သုံးချောင်း(PDF)တွေက သူ့ကိုလုပ်ကြံမယ်ဆိုပြီး စိုးရိမ်တယ်ပေါ့။ နောက်ကျဘယ်ဟုတ်မလဲ အခြေအနေက ပိုဆိုးလာတယ်။ သင်တန်းတွေဖွင့် စခန်းတွေ အခိုင်အမာဆောက်လာတော့ အခြေအနေကို နားလည် လိုက်ပြီး။ ခရိုင်ဥက္ကဋ္ဌနဲ့ ပြောပြီး ဒီလူကို စည်းရုံး လို့မရတော့ဘူးဆိုတာ ပြောပြလိုက်တယ်။ သူလည်း ပြောထားတယ်လေ၊ ကျနော်တို့ကို ပြန်ပစ်မယ် ဆိုပြီး။ အဲ့တော့ ကျနော်တို့ဘက်ကလည်း ချေမှုန်းရမှာပဲ။ စည်းရုံးပြောဆိုလို့မှ မရတော့တာ။