Home သတင်း ကော်သူးလေတွင် ကူးစက်မြန်ကာလဝမ်းရောဂါ ကာကွယ်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်

ကော်သူးလေတွင် ကူးစက်မြန်ကာလဝမ်းရောဂါ ကာကွယ်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်

698
Photo: KDHW

ဒီဇင်ဘာ ၂၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကော်သူးလေနယ်မြေအတွင်း ကူးစက်မြန်ကာလဝမ်းရောဂါ ကာကွယ်ရေးလုပ်ငန်းများ စတင် လုပ်ဆောင်နေပြီးဟု ကော်သူးလေကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာန၊ ဌာနမှူးပဒိုစောဒိုင်းမွန်းခင်က ပြောသည်။

ကရင်နယ်ခြားစောင့်တပ်-BGF ထိန်းချုပ်နယ်မြေ၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့၌ ကူးစက်မြန် ကာလဝမ်းရောဂါ ဖြစ်ပွားနေသည့်အတွက် ကော်သူးလေနယ်မြေအတွင်း ကူးစက်ပျံ့နှံ့မှု ထပ်မံမ ပေါ်ပေါက်စေရန် ယခုလိုကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု ပဒိုစောဒိုင်းမွန်းခင်က ပြောသည်။

“အခုက ကြိုတင်ကာကွယ်ရေးလုပ်ဆောင်မယ့်အစီအစဉ်စတော့မယ်။ ပြီးရင် ခရိုင်အားလုံးနဲ့ ပူးပေါင်းရမယ်။ လမ်းညွှန်ချက် စာတွေပို့မယ်။ ပြီးရင်ခရိုင်ကနေ မြို့နယ်အသီးသီးမှာ လိုက်နာ ဆောင်ရွက်ရမယ့် ရောဂါကာကွယ်မှုတွေကို လူထုတွေကို အသိပေးသွားရမယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ယခုပွင့်လင်းရာသီ ပွဲလမ်းသဘင်များ ရှိနေသည့်အတွက် ကော်သူးလေနယ်မြေအတွင်း အလှူ အတန်းများ ပြုလုပ်လေ့ရှိပြီး ဧည့်ခံကျွေးမွေးရာတွင် အစားအသောက်သန့်ရှင်းမှုကို အထူး သတိထားရန်လိုကြောင်းလည်း ဌာနမှူးက ဖြည့်စွက်ပြောသည်။

ကာလဝမ်းရောဂါ ကူးစက်မှု မဖြစ်စေရေးအတွက် ကျိုချက်ပြီး သန့်ရှင်းသည့် သောက်သုံးရေများ သောက်သုံးရန်၊ ယင်နားစာများ မစားကြရန်နှင့် ယင်လုံအိမ်သာများကို သန့်ရှင်းစွာထားရန် အထူးဂရုစိုက်ပြုလုပ်ရန် ကျန်းမာရေး ဌာနများက လမ်းညွှန်ထားသည်။

ရွှေကုက္ကိုလ်တွင် တရုတ်အမျိုးသား တစ်ဦးထံမှ ကာလဝမ်းရောဂါ ကူးစက်မှုစတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး လက်ရှိ လူ ၃၀၀ ကျော်သို့ ရောဂါကူးစက် ပျံ့နှံ့နေပြီး သေဆုံးမှုများလည်း ရှိသည်ဟု သတင်းထွက်ပေါ်နေသည်။ လက်ရှိ ဖြစ်ပွားနေသည့် နေရာကို Lockdown ချ ဝင်ထွက်သွား လာခွင့်ကန့်သတ်ထားသည်ဟုလည်း ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများထံမှ သိရသည်။

ကူးစက်မြန်ကာလဝမ်းရောဂါလက္ခဏာများမှာ ၃ ကြိမ်နှင့် အထက်ဝမ်းအရည်များ သွားခြင်း၊ ဆန်ဆေး ရေကဲ့သို့ ဝမ်းအရည်ဖြူများ သွားခြင်း၊ အော့အန်ခြင်း စသည့်တို့ ကနဦးဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

ယခုလို နယ်စပ်ဒေသ၊ ရွှေကုက္ကိုလ်တွင် ကူးစက်မြန် ကာလဝမ်းရောဂါ ဖြစ်ပွားနေသည့်အတွက် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင်လည်း ရောဂါကာကွယ်ရေး အသိပညာပေးမှုများ စတင်လုပ် ဆောင်လျက်ရှိသည်။

ထို့အတူ ရွှေကုက္ကိုလ်မြို့တွင် ပျံ့နှံ့နေသော ကာလဝမ်းရောဂါကို တားဆီးရန်အတွက် တာ့ခ်ခရိုင်တွင် အရေးပေါ်ဆေးကုသမှုဌာန (EOC) ကို ဖွင့်လှစ်ထားသလို ထိုင်း-မြန်မာနယ်စပ် ၁ လကြာ ပိတ်ထားရန် ထိုင်းကာကွယ်ရေးဝန်ကြီး Phumtham Wechayachai က အမိန့်ထုတ်လိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။