စစ်အုပ်စုရဲ့အရှုံးနိဂုံးဟာ တော်လှန်ရေးရဲ့အောင်ပွဲနိဒါန်း ဖြစ်တယ်
မောင်ကျော်စွာ
(၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ရက်)
(၂၁-၁၂-၂၀၂၄) ရက်နေ့က ပေးပို့သော ပြည်ထောင်စုမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာထဲမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို (၂၀-၁၂-၂၀၂၄)ရက်နေ့မှာ အာရက္ခတပ်တော်(AA) က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီလို့ ဖော်ပြပါရှိပါတယ်။
နောင်မှာ ၂၀၂၄ ခုနှစ်ကို (ရမခ) နဲ့ (နပခ) စစ်တိုင်းဌာနချုပ် (၂)ခုကို လူမျိုးစုလက်နက်ကိုင် တပ်မတော်များ က လက်ရသိမ်းပိုက်ရရှိခဲ့တဲ့ နှစ်အဖြစ် အများက အမှတ်ရနေကြပေတော့မယ်။
အခုလောလောဆယ် အနေအထားအရဆိုရင် ဗိုလ်မင်းအောင်လှိုင် ဦးစီးတဲ့ အကြမ်းဖက် (စကစ)စစ်အုပ်စုက ထိန်းချုပ်တဲ့ တိုင်းစစ်ဌာနချုပ် (၁၄)ခုရှိတဲ့အနက် (၂)ခုကိုတော့ လက်လွှတ်လိုက်ရပြီလို့ ပြောရမှာပါ။
ပြည်ပကနေ ကမကထလုပ်တဲ့ ဆွေးနွေးပွဲ ၂ခုလည်း ရေရာတိကျတဲ့ အဖြေ ဘာမှ မရရှိဘဲ ပြီးဆုံးသွားတာကို လည်း အားလုံးက သတိပြုမိကြမှာပါ။ ပထမတစ်ခုက တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ပြုလုပ်တာဖြစ်ပြီး ဒုတိယတစ်ခုက တော့ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့မှာ ပြုလုပ်တာပါ။
ဒီလိုဆွေးနွေးပွဲတွေဟာ ရှေ့မှာ မကြာမကြာ ပေါ်လာနိုင်တယ်ဆိုတာကိုလည်း အားလုံးက သတိပြုထားကြရ မှာဖြစ်ပါတယ်။ တရုတ်နိုင်ငံ၊ ကူမင်းမြို့က ဆွေးနွေးပွဲဟာ တရုတ်နိုင်ငံအကျိုးစီးပွားနဲ့ တိုက်ရိုက်ဆက်စပ်ပြီး ပေါ်ပေါက်လာတဲ့ ဆွေးနွေးပွဲဖြစ်ပြီး ထိုင်းနိုင်ငံ ဗန်ကောက်မြို့က နိုင်ငံခြားရေးဝန်ကြီးများအဆင့် “အလွတ်သဘော ဆွေးနွေးပွဲ”ကတော့ အိမ်နီးချင်း ၅နိုင်ငံဖြစ်တဲ့ (တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ လော၊ ဘင်္ဂလားဒေ့ရှ်)တို့ရဲ့ အကျိုးစီးပွားနဲ့ တိုက်ရိုက်ဆက်စပ်နေတာပါ။ “မတည်မငြိမ်ဖြစ်မှု” က ဘယ်လိုရင်းနှီးမြှုပ်နှံမှုကိုမဆို အကျိုးစီးပွား မဖြစ်ထွန်းနိုင်ရုံမက ထိခိုက်ဆုံးရှုံး ပျက်ပြားစေနိုင်ပါတယ်။ ဒါကြောင့် မိမိမြှုပ်နှံထားတဲ့ အကျိုးစီးပွားပမာဏ အပေါ်မူတည်ပြီး သက်ဆိုင် ရာတိုင်းပြည်တွေကတော့ “ငါ့ဝမ်းပူဆာ မနေသာ” ဆိုသလို အလေးထားမှုမျိုးစုံနဲ့ မဖြစ်မနေ ပါဝင်စွက်ဖက်လာနေကြ ပါတယ်။ ဒါတွေက အိမ်နီးချင်းနဲ့ ဒေသတွင်းက ပါဝင်စွက်ဖက်မှုတွေပါ။ ဒါ့အပြင် အမေရိကန်လို ဂျပန်လို အင်အားကြီး နိုင်ငံတွေကလည်း သူတို့နည်းသူတို့ဟန်နဲ့ (တိုက်ရိုက်/သွယ်ဝိုက်၊ ဗြောင်/လျှို့ဝှက်) စွက်ဖက်နေကြတာပါ။
ဒါ့ကြောင့် လာတော့မယ့် ၂၀၂၅ခုနှစ်ထဲမှာ သက်ဆိုင်ရာပြည်ပနိုင်ငံတွေကလည်း သူတို့ရဲ့ အကျိုးစီးပွား ငါ့ဝမ်း ပူဆာ မနေသာတဲ့ အကြောင်းအချက်တွေအရဖြစ်စေ၊ (စကစ)စစ်အုပ်စုရဲ့ အာဏာလက်မလွှတ်ရရေး ဦးတည်ချက်အ တွက်ဖြစ်စေ “ဆွေးနွေးပွဲ” ဆိုတာတွေဟာ ခေါင်းစဉ်မျိုးစုံနဲ့ ပေါ်ထွက်လာစရာ အကြောင်းအချက်နဲ့ အလားအလာတွေ ရှိနေပါတယ်။
(စကစ)စစ်အုပ်စုကတော့ အချိုသပ်တဲ့ အကောက်ကြံတဲ့ ဟန်ပြဆွေးနွေးပွဲတွေအပြင် အတိုင်းအတာကြီးမား တဲ့ထိုးစစ်ကြီးတွေလည်း တွဲဖက်ဆင်နွှဲလာစရာရှိတာမို့ အင်အားစုတိုင်းဟာ မိမိအခြေပြုထားတဲ့ မိမိသိမ်းပိုက်စိုးမိုး ထားတဲ့ မိမိလှုပ်ရှားစစ်ကစားနေတဲ့ စစ်နယ်မြေတွေမှာ စစ်ရေးသတိရှိကြဖို့နဲ့ စစ်အတွက် လိုအပ်သလို ပြင်ဆင်ထား ကြဖို့ လိုအပ်ပါလိမ့်မယ်။
(စကစ)စစ်အုပ်စုအတွက် အဆုံးအရှုံးက ကြီးမားသလောက် ကျယ်ပြန့်ပါတယ်။ ၁၉၈၈ခုနှစ်နောက်ပိုင်းမှာ အကြီးမားဆုံး လက်လွတ် ဆုံးရှုံးမှုကြီးတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ကျနော်တို့ဟာ (စကစ)စစ်အုပ်စုရဲ့ ဆုံးရှုံးမှု ကို လိုအပ်တာထက်ပိုပြီး မချဲ့ကားမိဖို့နဲ့ (စကစ) စစ်အုပ်စုရဲ့အင်အားနဲ့လှုပ်ရှားနိုင်စွမ်းကိုလည်း လိုအပ်တာထက် ပိုပြီး လျှော့မတွက်မိဖို့ အရေးကြီးပါတယ်။ စစ်အုပ်စုအဆက်ဆက်ဟာ အင်မတန်မှ ကောက်ကျစ် ယုတ်မာပြီး ပရိယာယ် ဝေဝုစ်များလှပါတယ်။ ဒါကြောင့် အခိုင်အမာအခြေအနေကို အခိုင်အမာအချက်အလက်များနဲ့ သုံးသပ်အကဲဖြတ်ကြဖို့ သိပ်ကို လိုအပ်ပါတယ်။
(စကစ)စစ်အုပ်စုရဲ့ နိုင်ငံရေး/စစ်ရေးဆုံးရှုံးမှုတွေက စစ်အုပ်စုအတွင်းပိုင်းမှာ၊ စစ်တပ်ထဲမှာမတူတဲ့ အတိုင်းအ တာနဲ့ ဂယက်ရိုက်ခတ်နေတာပါ။ စစ်အုပ်စုထိပ်ပိုင်းတွေအတွင်းက (အထူးသဖြင့် စကခမှူး/တပ်မမှူး/တိုင်းမှူးနဲ့ အထက်) ရာထူးနေရာ အပြောင်းအလဲတွေကို ကြည့်မြင်အကဲခတ်သုံးသပ်တဲ့အခါမှာ (စကစ)စစ်အုပ်စုရဲ့ လတ်တ လော နိုင်ငံရေး/စစ်ရေး ဆုံးရှုံးမှုးတွေ၊ အကျပ်အတည်းဆိုက်မှုတွေနဲ့ မပျက်မကွက် ဆက်စပ်ကြည့်မြင်ကြမှာပါ။
“ဗိုလ်မင်းအောင်လှိုင် သို့မဟုတ် အခြားထိပ်တန်း စစ်ဗိုလ်ချုပ် အနည်းငယ်ကို အပြောင်းအလဲလိုက်ရုံနဲ့” ကျနော်တို့မျှော်မှန်းထားတဲ့ အောင်ပွဲရရှိအုံးမှာ မဟုတ်သေးပါဘူး။ အဲဒီလိုဟန်ပြ “ကာချုပ် – ဗိုလ်ချုပ် အပြောင်းအလဲ” လုပ်ပြတာမျိုးဟာ စစ်အုပ်စုရဲ့ အကြီးစားလှည့်စားမှုသာဖြစ်တယ်လို့လည်း ပြတ်ပြတ်သားသား မြင်ထားကြရမှာပါ။ ကျနော်တို့မျှော်မှန်းတဲ့ တကယ့်အောင်ပွဲဟာ “စစ် ၃စစ်နဲ့ ၂၀၀၈ အခြေခံဥပဒေ၊ ပြည်တွင်းစစ် ပေါ်လစီကို ချမှတ်အ ကောင်အထည်ဖော်နေတဲ့ လူနဲ့မူတွေကိုပါ အကုန်အစင် ဖယ်ရှားပစ်နိုင်မှသာ” လက်ဝယ်ပိုင်ပိုင် ရရှိနိုင်မှာပါ။ အဲဒီလို “စစ် ၃စစ်၊ ၂၀၀၈ အခြေခံဥပဒေ၊ ပြည်တွင်းစစ်ပေါ်လစီ၊ အဲဒီပေါ်လစီနဲ့ မူဝါဒကို အကောင်အထည်ဖော်နေတဲ့ လူ” ကို အကုန်အစင် ဖယ်ရှားပစ်နိုင်မှသာ ကျနော်တို့အောင်ပွဲဟာ အာမခံချက်ရှိပါလိမ့်မယ်။ စိတ်ချရပါလိမ့်မယ်။
ဒီလိုမှ မဟုတ်ရင်တော့ တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်နေဝင်းက (မဆလ) ပါတီဥက္ကဋ္ဌ ဦးနေဝင်းထံ အာဏာလွှဲပြောင်းပေးသလို၊ (နဝတ-နအဖ)စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်သန်းရွှေက ဗိုလ်သိန်းစိန်နဲ့ ဗိုလ်မင်းအောင်လှိုင် တို့ထံအာဏာလွှဲပြောင်းပေးသလို စစ်အုပ်စုအတွင်း မျိုးဆက်ဟောင်း စစ်အုပ်စုကနေ မျိုးဆက်သစ်စစ်အုပ်စုထံ အာဏာလွှဲပြောင်းပေးတဲ့ အပြောင်းအလဲမျိုးပဲဖြစ်နေပါလိမ့်မယ်။
အဲဒီလို “စစ်အုပ်စုထိပ်သီးအပြောင်းအလဲ”၊ “စစ်ဘုရင်အပြောင်းအလဲ” စတဲ့ အပြောင်းအလဲတွေ အောက်က နေ ပေါ်ပေါက်လာမယ့် “ပါတီစုံစနစ်၊ ပါတီစုံရွေးကောက်ပွဲ၊ နိုင်ငံရေးပါတီများရဲ့ ကံကြမ္မာနဲ့ ဖက်ဒရယ်စနစ်” တို့ဆိုတာ အတုအယောင်ပဲဖြစ်ပြီး ဘယ်အချိန်မှာ ဘယ်လိုလုပ်ကြံစွပ်စွဲချက်မျိုးနဲ့ ဖျက်သိမ်းခံရမှာလဲ၊ အာဏာသိမ်းခံရမှာလဲဆို တဲ့ စိုးရိမ်ထိတ်လန့်မှုနဲ့ ဘုရားတနေရမယ့် “ဒီမိုကရေစီ” မျိုးသာ ဖြစ်မြဲဖြစ်နေပါလိမ့်မယ်။
အဆုံးရဲ့အစကို ကျနော်တို့ အခု ပြက်ပြက်ထင်ထင် မြင်နေကြရပြီ မဟုတ်ပါလား။
စစ်အုပ်စုအဆက်ဆက်က ကုပ်ခွစီးထားတဲ့ စစ်တပ်ကြီးဟာ တိုက်စိတ်ခိုက်စိတ် ပျက်ပြားကျဆင်းနေတာကို စစ်မျက်နှာတိုင်းလိုလိုမှာ တွေ့နေကြရပြီ မဟုတ်ပါလား။ ထိထိမိမိ၊ ဖိဖိစီးစီး တိုက်မယ်ဆိုရင် ဒီစစ်တပ်ကြီးဟာ ကြာကြာခံနိုင်မှာ မဟုတ်ပါဘူး။ ပြီးတော့ ၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလနောက်ပိုင်း ပေါ်ပေါက်လာတဲ့ နိုင်ငံရေး အပြောင်း အလဲ သို့မဟုတ် အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူများရဲ့ နိုင်ငံရေးနိုးကြားမှုဟာ တော်လှန်ရေးကို အဆင့်ကာလသစ်ဆီသို့ တွန်းတင်ပေးခဲ့ပါပြီ။ ဒီအပြောင်းအလဲ ဒီနိုးကြားမှုက စစ်မျက်နှာတိုင်းမှာ ကျနော်တို့ရရှိနေတဲ့ အောင်ပွဲတွေအတွက် အခြေခံဖြစ်ပြီး အဲဒီအောင်ပွဲတွေကို ရေရှည် ခိုင်မြဲတည်တံ့စေမယ့် အာမခံချက်ဖြစ်တယ် ဆိုတာကိုလည်း သဘော ပေါက်ကြရမှာပါ။
ပြည်ပတိုင်းပြည်တွေ၊ အိမ်နီးချင်းတိုင်းပြည်တွေကလည်း သူတို့ အကျိုးစီးပွားမြော်မြင်ချက်နဲ့ ကျနော်တို့တော် လှန်ရေးတိုက်ပွဲတွေကို ရပ်စဲစေလိုကြတယ်။ “စစ် ၃စစ်နဲ့ ၂၀၀၈ အခြေခံဥပဒေတည်ရှိနေသမျှ” ကျနော်တို့ တိုက်ပွဲတွေ ကို ရပ်ဆိုင်းပစ်လို့ ရနိုင်မှာမဟုတ်ပါဘူး။ အတိုက်အခိုက် ယာယီရပ်စဲမှုတွေနဲ့ အတုအယောင် ငြိမ်းချမ်းရေးတွေဟာ ကျနော်တို့တိုင်းပြည်နဲ့ မျိုးဆက်သစ်များကို အကြီးမားဆုံး ထိခိုက်နစ်မွမ်းစေတယ်ဆိုတာကို ကျနော်တို့ သဘောပေါက် ကြဖို့ လိုပါတယ်။
ဘယ်နိုင်ငံ၊ ဘယ်သူတွေရဲ့ အကျိုးစီးပွား ထိန်းသိမ်းကာကွယ်ရေးအတွက် ကျနော်တို့ရဲ့တိုင်းပြည်၊ ပြည်သူနဲ့ တော်လှန်ရေးအကျိုးစီးပွားကို စတေးခံလို့မဖြစ်ပါဘူး။
(စကစ)စစ်အုပ်စုရဲ့အဆုံး သို့မဟုတ် စစ်အုပ်စုအဆက်ဆက်ရဲ့နိဂုံးနဲ့ ကျနော်တို့တော်လှန်ရေးရဲ့ အစ သို့မ ဟုတ် နိဒါန်းဟာ တစ်ဆက်ထဲဖြစ်ပါတယ်။
စစ်အုပ်စုအဆက်ဆက်ရဲ့ အရှုံးနိဂုံးဟာ ကျနော်တို့ တိုင်းပြည်နဲ့ အဖိနှိပ်ခံ လူမျိုးပေါင်းစုံပြည်သူများရဲ့ အောင်ပွဲ နိဒါန်းသာ အသေအချာဖြစ်ပါကြောင်း။