Home သတင်း ထားဝယ် အရှေ့တောနယ်သို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုး၊ ဒေသခံများဖမ်းဆီးခံရ

ထားဝယ် အရှေ့တောနယ်သို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုး၊ ဒေသခံများဖမ်းဆီးခံရ

563
Photo: နွေဦးမေတ္တာစစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့

ဒီဇင်ဘာ ၂၃ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် အရှေ့တောနယ်ဒေသသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒီဇင်ဘာ ၂၁ ရက်နေ့မှ စ၍ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံများကို ဖမ်းဆီးကာ လူသားဒိုင်းကာအဖြစ် အသုံးပြု နေသည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

အဆိုပါ ဒေသသို့ အင်အား ၂၀၀ ခန့်ဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး လမ်းတစ် လျှောက်ရှိ ဒေသခံပြည်သူများကို ဖမ်းဆီးပြီး လူသားဒိုင်းကာအဖြစ် ခေါ်ဆောင်သွားသည်ဟု ဒေသခံအမျိုးသမီး တစ်ဦးက ယခုလို ပြောဆိုသည်။

“လမ်းမှာရှိနေတဲ့ ဒေသခံတော်တော်များများ ဖမ်းခံထိသွားတယ်။ လက်ရှိမှာတော့ ဖုန်းလိုင်းတွေ တချို့နေရာမှာ ဖြတ်ခံထိထားတယ်။ စစ်ကြောင်းထိုးရင် လိုင်းကတော့ အမြဲဖြတ်ခံထိတယ်။ အခုတော့ တောတောင်တွေဘက်မှာ လွှတ်တဲ့နေရာတွေမှာ ရှောင်နေရတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောဆိုသည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းကို ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပခပ်ကျေးရွာတစ်ဝိုက်တွင် ကြားဖြတ်တိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သော်လည်း တိုက်ပွဲအခြေအနေ အသေး စိတ်ကို ပြောဆို၍ မရသေးကြောင်း မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး ပြောသည်။

၎င်းက “တိုက်ပွဲအသေးစိတ်ကိုတော့ သေချာပြောလို့ မရသေးဘူး။ စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းကို နှစ်ကြိမ်ထက် မနည်းကြားဖြတ် ဖြတ်တိုက်မှုတွေ လုပ်ဆောင်ခဲ့တာ မျိုးတော့ရှိတယ်။ စစ်ကောင်စီဘက်က ထိခိုက်မှုတွေ ရှိပါတယ်” ဟု ပြောသည်။

ထို့အပြင် တနင်္သာရီမြို့နယ်အတွင်းရှိ တနင်္သာရီ-မောတောင်လမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ အင်အား ၃၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လျက်ရှိနေပြီး ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် သုံးရက်ဆက် တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု သိရသည်။

အရှေ့တောနယ်ဒေသတွင် လက်ရှိတွင်လည်း ကေအဲန်ယူလက်အောက်ခံ၊ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်-KNLA က နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် ဒီဇင်ဘာ ၁၈ ရက်နေ့တွင် KTLA တပ်ဖွဲ့ဝင်တို့နှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့သေးသည်။ ထိုပစ်ခတ်မှုတွင် KTLA တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာ၊ ၁၄ ဦးကို ဖမ်းဆီးရမိသလို လက်နက် ၁၇ လက်ကိုလည်း သိမ်းဆည်းရခဲ့သည်ဟု ဒေသတွင်း သတင်းများအရ သိရသည်။