Home သတင်း မြန်မာပြည်သူများအတွက် စားနပ်ရိက္ခာအကူအညီများကို EU ထပ်မံပေးအပ်

မြန်မာပြည်သူများအတွက် စားနပ်ရိက္ခာအကူအညီများကို EU ထပ်မံပေးအပ်

623
Photo: WFP

နိုဝင်ဘာ ၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံ၏ ရေဘေးသင့် ပြည်သူများအတွက် အရေးပေါ်ဆက်လက်လိုအပ်နေသေးသည့် စားနပ်ရိက္ခာ အကူ အညီများအတွက် ဥရောပသမဂ္ဂ(EU) အနေဖြင့် ယူရိုငွေ ၁ ဒသမ ၂ (၁.၂)သန်း (အမေရိကန်ဒေါ်လာ (၁.၃)သန်း) ကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) တဆင့် ပေးအပ်ခဲ့ကြောင်း ပူးတွဲထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ငွေကြေးတောက်ပံ့မှုကို EU ၏ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးဌာန(ECHO) မှတဆင့်ပေးအပ်ခဲ့ပြီး ရေကြီးရေလျှံမှုဒဏ် ထိခိုက်ခံစားခဲ့ရသည့် မြန်မာပြည်သူ ၂ သန်းကျော်အတွက် လိုအပ် သည့် အသက်ကယ်စားနပ်ရိက္ခာများကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း EU နှင့် WFP က ယမန်နေ့ အောက်တိုဘာ ၃၁ ရက်နေ့တွင် ပူးတွဲသတင်းထုတ်ပြန်လာခြင်းဖြစ်သည်။

လတ်တလော ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများအပြင် သဘာဝဘေးနှင့် ငွေကြေး ဖောင်းပွမှုဒဏ်များ ကြောင့် မြန်မာနိုင်ငံ၏ လူဦးရေ (၁၃.၃) သန်းသည် စားနပ်ရိက္ခာအခက်အခဲ ကြုံတွေ့နေရပြီး ၎င်းထဲမှာမှ လူဦးရေ (၂.၇) သန်းသည် အရေးပေါ် စားနပ်ရိက္ခာ အခက်အခဲကြုံနေရကြောင်း ပူးတွဲထုတ်ပြန်ချက်ပါ အချက်အလက် များက ဆိုသည်။

မြန်မာနိုင်ငံအတွက် EU ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီ ကြီးကြပ်သူ Mr. Luc Verna က “ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာထောက်မှုဆိုင်ရာ အခြေအနေတွေက တကယ့်ကို စိုးရိမ်စရာပါ။ လက်ရှိ ဖြစ်ပွား နေတဲ့ ပဋိပက္ခတွေက နယ်မြေသစ်တွေဆီ ဆက်လက်ကူးစက်မှုနဲ့အတူ ထပ်တလဲလဲ ဖြစ်နေတဲ့ သဘာဝ ဘေး အန္တရာယ်တွေကြောင့် အရပ်သားပြည်သူတွေအဖို့ တစ်ပူပေါ် နှစ်ပူဆင့်နေကြရရှာပါတယ်။ လက်ရှိ မြန်မာ နိုင်ငံရဲ့ လူဦးရေ ၄ ပုံ ၁ ပုံဟာ စားနပ်ရိက္ခာ မလုံလောက်တဲ့ အခြေအနေကို ရင်ဆိုင်နေရပါတယ်။ EU အနေနဲ့ အခုလို ဆိုးရွားတဲ့ အခြေအနေမှာထိခိုက်အလွယ်ဆုံးသော အရပ်သားပြည်သူတွေကို ပံ့ပိုးကူညီဖို့ ကတိကဝတ် ပြုထား ဆဲပါ” ဟု ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

Photo: WFP

ထို့အပြင် အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိမြန်မာနိုင်ငံတစ်ဝှမ်းဖြစ်ပွားနေသည့် စစ်ကောင်စီနှင့် တော်လှန်ရေး အင်အားစုအကြား လက်နက်ကိုင်ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ (၃.၄) သန်းခန့်ရှိ နေပြီး ယခင်နှစ်ထက်နှိုင်းယှဉ်လျှင် ကုန်စျေးနှုန်းမှာလည်း (၅၀) ရာခိုင်နှုန်းတိုးမြင့်လာကြောင်းလည်း ၎င်းတို့က ဆိုသည်။

ယခုလို ရိုက်ခတ်မှုမျိုးစုံကြုံတွေ့နေရပြီး စားနပ်ရိက္ခာဖူလုံမှုအခြေအနေသည် မြန်မာနိုင်ငံ၏ ခေတ်သစ်သမိုင်း တစ်လျှောက်တွင် မကြုံစဖူးအဆိုးရွားဆုံးအခြေအနေဖြစ်နေပြီး သန်းပေါင်းများစွာသော ပြည်သူများ၏ ဒုက္ခ များကို ဖြေလျှော့နိုင်ရန် EU၏ လှူဒါန်းမှုများအပြင် နိုင်ငံတကာအသိုင်းအဝိုင်း၏ ပံ့ပိုး ကူညီမှုများကိုလည်း အားကိုးအားထားပြုကြောင်း WFP၏ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ် Mr. Mattei က လည်း ထုတ်ပြန် ချက်တွင် ပြောဆိုထားသည်။

EU ၏ ယခုလို ထပ်မံလှူဒါန်းသည့် ရံပုံငွေအပါအဝင် ယခုနှစ်အတွင်း စုစုပေါင်း ထောက်ပံ့မှု ပမာဏသည် ယူရိုငွေ (၇.၂)သန်း(အမေရိကန်ဒေါ်လာ ၈ သန်း)ရှိပြီးဖြစ်ကာ မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူဦးရေ နှစ်သန်းကျော်အတွက် အ သက်ကယ်ဆယ်ရေး စားနပ်ရိက္ခာနှင့် အဟာရများ ပေးအပ်ကူညီသွားမည့် WFP ၏ အထောက်အပံ့ လုပ်ငန်း များ တွင် ပံ့ပိုးသွားမည်ဟုသိရသည်။

WFP အနေဖြင့် ယခုလိုကူညီထောက်ပံ့လာသည့် အကူအညီများကို ဒေသခံပြည်သူလူထုများထံသို့ တိုက်ရိုက် ရောက်ရှိစေရန် စေတနာ့ ဝန်ထမ်းများအပြင် အစိုးရမဟုတ်သော အဖွဲ့အစည်း(NGO) များနှင့် လက်တွဲ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

Photo: WFP