နိုဝင်ဘာလ ၁ ရက် ၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်ထဲရှိ အမျိုးသားသစ်တော ဥယျာဉ်ထဲတွင် ကရင်ရသေ့တစ်ပါး နှင့်အတူ ဖမ်းဆီးခံရသည့် ကရင်တိုင်းရင်းသား ကလေးနှင့် အမျိုးသမီးတချို့ကို ပြန်လွှတ်ပေးလိုက်သည်ဟု ဒေသ တွင်းရှိ ကရင့်အရေးလုပ်ဆောင်သူများက ပြောသည်။
ယခုလို ပြန်လွှတ်ပေးလိုက်သူများမှာ အပြစ်မရှိသည့် ကလေးနှင့် အမျိုးသမီးများဖြစ်ပြီး လွှတ်ပေးသည့် အရေအတွက် မသိရသေးသလို လွှတ်ပေးလိုက်သူများကို မည်သည့် ဒေသကို ပြန်လည်ပို့ ဆောင်ပေး မည်ကိုလည်း မသိရသေးကြောင်း ဒေသအတွင်း ကရင်အရေးလုပ်ဆောင်နေသူ စောထီ့ဝါးက ယခုလို ပြောသည်။
“အခုက အပြစ်မရှိတဲ့သူတွေကို သူတို့စစ်ဆေးပြီးတော့ တချို့ပြန်လွှတ်လိုက်ပြီး အပြစ်ရှိတဲ့လူတွေပဲ ကျန်တယ်။ ဘယ်ရက်နေ့တုန်းကလွှတ်တာလဲ၊ ဘယ်နှစ်ယောက်ပြန်လွှတ်လဲတော့ အတိ ကျမသိ ရသေးဘူး။ ဖိုးရသေ့၊ ပြီးတော့ သူ့ရဲ့လက်အောက်လူတွေတော့ ကျန်တယ်။ ကလေးတွေ ပြီးတော့ အမျိုးသမီးတွေကို အပြစ်မရှိဘဲ ဖမ်းထားတာလေ” ဟု ကေအိုင်စီသို့ ပြောသည်။
ထိုဖမ်းဆီးခံရသည့် ဖိုးရသေ့အပါအဝင် နောက်လိုက်များသည် တောထဲရှိသစ် တော ဥပဒေချိုးဖောက်သည့် အပြစ်သာရှိနိုင်ပြီး အခြားအပြစ် ကြီးကြီးမားမား မရှိသည့်အတွက် ကြီးမားသည့် အပြစ်ဒဏ်များကို ပေး၍ မရဟုလည်း ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်နေ့က ကန်ချနဘူရီခရိုင် အမျိုးသားသစ်တောဥယျာဉ် (Srinakarin Dam National Park) ထဲ၌ ကရင်ရသေ့အပါအဝင် အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၁၀ ဦး၊ ကလေး ၉ ဦးနှင့် ထိုင်းနိုင်ငံသား တစ်ဦးအပါအဝင် ၃၁ ဦးကို ထိုင်းသစ်တောဌာနနှင့် ဒေသအာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်ပြီး ကန်ချနဘူရီခရိုင်ရဲစခန်း အချုပ်ထဲ၌ ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်သည်။
ထို့နောက် အောက်တိုဘာလ ၂၁ ရက်နေ့တွင်လည်း ဖိုးရသေ့၏ နောက်လိုက်တစ်ဦးကို ထိုင်းသစ် တောဌာနဘက်မှ ထပ်မံဖမ်းဆီးလိုက်ကာ အဆိုပါ ဖမ်းဆီးခံရသူ၏ ဇနီးနှင့်ကလေးများကိုလည်း ဖိုးရသေ့နှင့်အတူ ဖမ်းဆီးရမိသည့် အချိန်တွင်ပါဝင်သည်ဟု ထိုင်းသတင်းဌာန ဖော်ပြချက်အရ သိရ သည်။
ထိုင်းသတင်းဌာန၏ ဖော်ပြထားချက်အရ ၎င်းတို့ကို သစ်တောဖျက်ဆီးမှု၊ အမဲလိုက်သည့် တရားမဝင် လက်နက် ကိရိယာများကိုင်ဆောင်မှု၊ နိုင်ငံအတွင်း တရားမဝင်နေထိုင်မှုနှင့် သစ်တောဥယျာဉ် လိုက်နာ ဆောင်ရွက်မှုမရှိသည့် အမှုများဖြင့် ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရသည့် ဖိုးရသေ့သည် ထိုင်းနိုင်ငံထဲတွင် ၎င်းကို ယုံကြည်သည့် ဒကာအများအပြားရှိသည်ဟု သိရှိရကာ အဆိုပါ ဒကာများသည် ထိုင်းနိုင်ငံသား ကရင်လူမျိုးများလည်းရှိသလို ထိုင်းနိုင်ငံသား မဟုတ်သည့် ကရင်လူမျိုးများလည်း ပါရှိကြောင်းသိရသည်။



















