နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်ထဲရှိ ကျေးရွာတစ်ချို့တွင် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှု အန္တရာယ်တို့ကြောင့် ကျောင်းများဖွင့် သော်လည်း ကျောင်းထဲ၌ စာမသင်ရဲဖြစ်နေသည်ဟု မြို့နယ် ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန (KECD)က ပြောသည်။
ဝင်းရေးမြို့နယ် အတွင်းရှိ အနန်းကွင်းဗျူဟာကုန်း၌ တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က အရပ်သားများနေထိုင်သည့် ကျေးရွာများထဲသို့ လက်နက်ကြီးနှင့် လေကြောင်းပစ်ခတ်မှု လုပ်ဆောင်ခြင်း များရှိသည့်အတွက် ကျေးရွာအချို့တွင် ကျောင်းထဲ၌ စာသင်မရဲဖြစ်နေခြင်းဖြစ်သည်ဟု မြို့နယ် KECD ပညာရေးမှူး မန်းရှားထူးဝေါ်က ယခုလို ပြောဆိုသည်။
“စာသင်ကျောင်းမှာကျောင်းတက်ရတာ ကလေးတွေ မလုံခြုံတော့ လုံခြုံမှုရှိတဲ့နေရာမှာ ပြောင်းဖွင့်ရ တာပေါ့။ ပြောရမယ်ဆိုရင် စာသင်ကျောင်းက ဖွင့်တယ်။ ဒါပေမယ့် ကျောင်းထဲမှာ စာသင်မရဲဘူး။ စစ်ကောင်စီတပ်က သူတို့ ပစ်မှတ်ရန်သူကိုမပစ်ဘဲ ပြည်သူလူထုတွေကို ခြိမ်းခြောက်ပြီး ပြည်သူ လူထုရွာတွေမှာ အမြောက်လက်နက်တို့ ပစ်တဲ့အခါကျတော့ သူတို့ကို မယုံရဲဘူးပေါ့။ တိုက်ပွဲဖြစ်တာ တစ်နေရာ၊ သူတို့က လက်နက်ကြီးပစ်တာတစ်နေရာ လုပ်တယ်” ဟု ၎င်းက ပြောသည်။
ဝင်းရေးမြို့နယ်ထဲရှိ နှစ်အိမ်ရွာ စာသင်ကျောင်းကိုလည်း ယခုနှစ် ဧပြီလ ၂၄ ရက်နေ့က တိုက်လေ ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရသည့်အတွက် စာသင်ကျောင်းဆောင်တစ်ခုလုံးပျက်စီးသွားခဲ့ရသည်။ လက်ရှိအချိန်တွင် အဆိုပါ စာသင်ကျောင်းကို ဆက်လက်ဖွင့်လှစ်နိုင်သော်လည်း စာသင်ကျောင်း ဆောင်အဖြစ် လူနေအိမ်များကို ပြန်အသုံးပြုနေရခြင်းများလည်း ရှိကြောင်း သိရသည်။

အလားတူ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်ရှိ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရသည့် မိတန် ကျေးရွာ စာသင်ကျောင်းကိုလည်း လေယာဉ်ရန်ကြောက်ကြသည့်အတွက် စာသင်ကျောင်း၌ စာမသင်ရဲဘဲ လူနေအိမ်ထဲတွင် ပြောင်းရွှေ့စာသင်ရခြင်းလည်းများ ရှိကြောင်း သိရသည်။
ထို့အပြင် အနန်းကွင်းနှင့် အနီးအနားဝန်းကျင် ကျေးရွာလူထုများစစ်ရှောင်နေသည့် လှိုဏ်ဂူထဲတွင်လည်း ကျောင်းသူကျောင်းသားများ စာသင်နိုင်ရန်အတွက် စစ်ရှောင်ကျေးရွာတာဝန်ရှိသူဘက်မှ လှိုဏ်ဂူအပြင်ဘက်တွင် စာသင်ပေးမှုများ ပြုလုပ်ပေးခြင်းရှိသော်လည်း လုံခြုံမှုမရှိကြောင်း မြို့နယ် ပညာရေးမှူး မန်းရှားထူးဝေါ်က ဖြည့်စွက် ပြောသည်။
၂၀၂၃-၂၀၂၄ခုနှစ် ပညာသင်နှစ်တွင် ဝင်းရေးမြို့နယ်အတွင်း KECD လက်အောက် စာသင်ကျောင်း ၁၀၅ ကျောင်း ဖွင့်လှစ်နိုင်ခဲ့သည်။ ထိုအထဲတွင် အထက်တန်းကျောင်း ၆ ကျောင်းရှိသည့်အနက် ၄ ကျောင်းသာ အထက်တန်းစံချိန်စံညွှန်း ပြည့်မီပြီး ကျန်သည့် ၂ ကျောင်းမှာ ကျောင်း သားဦးရေနည်းနေသည်ဟု မြို့နယ် KECD တာဝန်ရှိသူထံမှ သိရသည်။



















