နိုဝင်ဘာ ၁၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်၊ တပ်မဟာ(၃)နယ်မြေရှိ လယ်ဒို (ကျောက်ကြီး) မြို့နယ်နှင့် မူး(မုန်း)မြို့နယ်တို့တွင် ၃ ရက်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခြင်း ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဒေသခံအမျိုးသမီး ၁ ဦး၊ သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။
လက်ရှိ ခလယ်လွီထူခရိုင်တွင် စစ်ကောင်စီက အရပ်သားနေထိုင်သည့် ကျေးရွာများထဲသို့ လက်နက်ကြီးအပြင် ဒရုန်းဖြင့် ဗုံးကြဲမှုများ တိုးလုပ်လာနေသည်ဟု ခရိုင်တွဲဖက်အတွင်းရေးမှူး ပဒိုစောနဲထူးဗျိုင်းက ယခုလို ပြောသည်။
“အခုလက်ရှိမှာတော့ ဒဏ်ရာရထားတဲ့သူတွေဆေးကုသမှု ခံယူနေတယ်။ အခုက လက်နက်ကြီးတွေထက် စစ်ကောင်စီက ဒရုန်းတွေကိုပိုပြီး သုံးလာတာတွေ့ရတယ်။ အခုဖြစ်နေတဲ့ကိစ္စတွေက ဒီဖက်က စစ်တပ်ကိုသွားပြီး မပစ်ဘူး။ နှစ်ဖက်တိုက်ပွဲလည်း မရှိဘဲနဲ့ ခဏခဏလာပစ်နေတာမျိုး တွေ့ရတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ လယ်ဒိုမြို့နယ်တွင် ပြီးခဲ့သည့်နိုဝင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်နေ့တို့တွင် နှစ်ရက်ဆက်တိုက် ပိန်းဇလုပ် အခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း (ခလရ-၂၆၄) တပ်ရင်းမှ ကျောက်ကုန်း ကျေးရွာတွင်းသို့ ဒရုန်းဖြင့်ဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာနေအသက် ၈ နှစ်နှင့် အသက် ၆ လအရွယ် ကလေးငယ်(၂)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
အလားတူ မုန်းမြို့နယ်(စစ်ကောင်စီ သတ်မှတ်နယ်မြေ ကျောက်ကြီးမြို့နယ်)တွင်လည်း နိုဝင်ဘာလ (၁၁)ရက် နေ့နှင့် နိုဝင်ဘာလ(၁၂) ရက်နေ့ နံနက်(၈)အချိန်တွင် အာဏာသိမ်း စစ်ကောင်စီခြေမြန်တပ်ရင်း (ခမရ-၄၃၉) တပ်ရင်းမှ ဒရုန်းဖြင့် မျက်နီကွင်းကျေးရွာတွင်းသို့ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကျေးရွာနေ နော်မူစေးဖိုး အသက် (၂၀) နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ရပြီး အခြားအမျိုးသမီး ၂ ဦးထပ်မံထိခိုက်ဒဏ်ရာများ ရရှိသွားသည်ဟု ကေအဲန်ယူက သတင်းထုတ်ပြန်ထားသည်။
အဆိုပါ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများနှင့် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်မှုများကြောင့် ဒေသခံ များ ထိခိုက်သေဆုံးခဲ့ရသည့်အပြင် (၃)ရက်အတွင်း ပြည်သူပိုင်နေအိမ်(၂)လုံး လက်နက်ကြီးထိမှန်၍ ထပ်မံပျက်စီး မှုများရှိခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုက ယနေ့တွင် ပြောဆိုထားသည်။



















