Home သတင်း မြိုင်ကြီးငူ၌ ကရင်နှစ်သစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပရန် BGF ပြင်ဆင်နေ

မြိုင်ကြီးငူ၌ ကရင်နှစ်သစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပရန် BGF ပြင်ဆင်နေ

847

နိုဝင်ဘာ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသ၌ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားရန် စီစဉ်နေသည်ဟု ကရင်နယ်ခြားစောင့်တပ်-BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူက ပြောသည်။

အဆိုပါ ပွဲဖြစ်မြောက်ရေးအတွက် ကျေးနယ်ရဟန်း သံဃာတော်များ၊ နယ်ခြားစောင့်တပ်-BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်သည့် တပ်ဖွဲ့ထိပ်ပိုင်းခေါင်းဆောင်များနှင့် ကျေးရွာ အုပ်ချုပ်ရေးတာဝန်ရှိသူတို့က နိုဝင်ဘာလ ၂၀ ရက်နေ့တွင် မြိုင်ကြီးငူ၌ တွေ့ဆုံ ညှိနှိုင်း ဆွေးနွေးမှုပြုလုပ်ကာ ယခုလို ကျင်းပသွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

“အခု ဒုတိယမြိုင်ကြီးငူဆရာတော် ဦးဆောင်မှုအောက်မှာ မြိုင်ကြီးငူ အထူးဒေသမှာ စစ်ရေး သော်လည်း ကောင်း၊ ငြိမ်းချမ်းရေးသော်လည်းကောင်း၊ ဖွံ့ဖြိုးရေးသော်လည်းကောင်း လူတိုင်းစံပြအနေနဲ့ ကြည့်သွား နိုင်ဖို့လည်း ဖြစ်တယ်။ အခုဆိုရင် တခြားဒေသမှာ ကရင်နှစ်သစ်ကူးကြီးကြီး ကျယ်ကျယ် ကျင်းပတာ မတွေ့ရဘူး။ ရွာအလိုက် ကျင်းပတာတွေ ရှိမယ်ပေါ့။ အဲဒါကြောင့် ဆရာတော် နှစ်ပတ်လည်နဲ့အတူ ကရင်နှစ်သစ်ကူးကိုပါ တဆက်ထဲကျင်ပသွားမယ်” ဟု ဗိုလ်မှူးကြီးစောချစ်သူက ညှိနှိုင်းအစည်းအဝေး၌ ပြောဆိုထားသည်။

၎င်းအပြင် နှစ်သစ်ကူးနေ့မတိုင်မီ ကရင့်တော်လှန်ရေးသမိုင်းတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-DKBA အဖွဲ့ ပေါ်ထွက်လာရန် ဦးဆောင်ခဲ့သူ မြိုင်ကြီးငူဆရာတော် ဦးသုဇနပျံလွန်တော်မူခြင်း ၆ နှစ်ပြည့် အောက်မေ့ဖွယ်နေ့ပွဲကို ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် စတင်ပြုလုပ်သွားမည်ဖြစ်သည်။ ထို့နောက် ဒီဇင်ဘာလ ၂၈ ရက်မှ ၃၀ ရက်နေ့ထိကို ကရင် နှစ်သစ်ကူးပွဲတော် ဆက်ကျင်းပသွားမည်ဟု ထိုနေ့ညှိနှိုင်းအစည်းအဝေး၌ ပြောဆိုဆုံးဖြတ်ခဲ့သည်။

ပွဲတော်ကာလ၌ ကရင့်ရိုးရာ လက်ဝှေ့ပွဲ၊ ဘော်လုံးပွဲ အပါအဝင် အားကစားပြိုင်ပွဲ၊ ဒုံးပြိုင်ပွဲ၊ စင်မြင့် တေးဂီတ (စတိတ်ရှိုး)များအပါအဝင် ပျော်ပွဲရွှင်ပွဲများ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း၊ လက်ရှိ မြိုင်ကြီးငူဒေသ၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို အေးချမ်းစွာသွားလာနိုင်ပြီး လုံခြုံရေးအတွက်လည်း စိုးရိမ်စရာမလိုကြောင်း BGF တပ်နယ် ၂ ဗျူဟာမှူး ဗိုလ်မှူးစောတင်ဝင်းကလည်း ပြောသည်။

၎င်းက “အဲဒီဒေသမှာ တိုက်ပွဲတွေမဖြစ်ဘူးဆိုတော့ လူထုတွေလာရင် အေးအေးဆေးဆေးပွဲလာလို့ ရပါတယ်။ နည်းနည်း တိုက်ပွဲတွေရှိတာက တပ်မဟာ(၅)ဘက်မှာ ဒီမြိုင်ကြီးငူနဲ့ နီးတဲ့ ဒေသမှာတော့ အေးဆေး လာလို့ ရပါတယ်။ နှစ်သစ်ကူးနဲ့ လုပ်မယ်ဆိုတော့ ဒါကကျနော်တို့ ကရင်လူထုအားလုံး ကရင့်လက်နက် ကိုင်အဖွဲ့အားလုံးနဲ့ သက်ဆိုင်ပါတယ်။ ကျနော်တို့ ကရင်လူမျိုးတွေရဲ့ အလုပ်ပဲဆိုတော့ ပျက်စီးအောင်တော့ ဘယ်သူမှ မလုပ်ပါဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

ကရင်နယ်ခြားစောင့်တပ်- BGF သည် ၂၀၁၀ ပြည့်နှစ်တွင် DKBA ၏ တပ်ဖွဲ့ဝင်အချို့ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည့်အတွက် ပျံလွန်တော်မူသွားပြီးဖြစ်သော DKBA ဦးဆောင်ဖွဲ့စည်းခဲ့သူ မြိုင်ကြီးငူ ဆရာတော် ဦးသုဇန၏ မိန့်ကြားဆုံးမမှုများက BGF ခေါင်းဆောင်များအပေါ် သက်ရောက်မှုရှိခဲ့ဖူးသည်။