နိုဝင်ဘာလ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင်၊ တပ်မဟာ-၃ နယ်မြေရှိ ကျေးရွာများသို့ ပြီးခဲ့သည့် နိုဝင်ဘာ တတိယပတ်အတွင်း စစ်ကောင်စီက ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြုပစ်ခတ်မှုကြောင့် ဒေသခံ ၂ ဦး သေဆုံးပြီး ကျောင်းသူ ၂ ဦး အပါအဝင် ဒေသခံ(၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ (ဗဟို)က နိုဝင်ဘာလ (၂၀) ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ညောင်လေးပင်ခရိုင်ရှိ မုန်း၊ ကျောက်ကြီးနှင့် ရွှေကျင်မြို့နယ်မှ ကျေးရွာများနှင့်စာသင်ကျောင်းသို့ နိုဝင် ဘာလ ၁၅ ရက်မှ ၁၉ ရက်နေ့အထိ စစ်ကောင်စီက ဒရုန်းအပါအဝင် လက်နက်ကြီးအသုံးပြုမှု ၈၆ လုံး ထက်မနည်းပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် မုန်းမြို့နယ်မှ ဒေသခံအမျိုးသား နှစ်ဦးသေဆုံးခဲ့ပြီး နောက်ထပ် အမျိုးသား နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် ကျောက်ကြီးမြို့နယ်တွင်လည်း ကျောင်းတက်နေချိန် စာသင်ကျောင်းသို့ ဒရုန်းဗုံးကြဲချသဖြင့် အသက် ၁၀နှစ်အရွယ် ကျောင်းသူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူ-ဗဟို၏ ထုတ်ပြန်ချက်က ဆိုသည်။
KNU ၏ ကျောက်ကြီးမြို့နယ် ပြောရေးဆိုခွင့်ရှိသူ ပဒိုစောဝါးမူက “ဒီ ၁ရက်၊ ၂ ရက်အတွင်းမှာ သူတို့ တော်တော်လုပ်လာတယ်။ လက်နက်ကြီး၊ ဒရုန်းပစ်တာတို့ များလာတယ်။ လယ်ဒို (ကျောက်ကြီး) ဘက်မှာသူတို့ပစ်ချချင်တဲ့နေရာ ပစ်ချတယ်ဆိုတော့ ဒေသခံတွေလည်း စိုးရိမ်မှု၊ ကြောက်ရွံ့မှုတွေ တိုးလာတယ်ပေါ့နော်။”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် စစ်တပ်ပစ်ခတ်မှုများကြောင့် စာသင်ကျောင်းများအပါအဝင် ခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ ဆေးပေးခန်းနှင့် နေအိမ်အဆောက်အဦး ၄ လုံးလည်း ထိမှန်ပျက်စီးခဲ့သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တဆက်တည်းတွင်ပင် ကျောက်ကြီးမြို့နယ်အတွင်းရှိ နောင်ကုန်းကျေးရွာနှင့် ရွာကြီးအင်း ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ကာ စစ်ရေးလှုပ်ရှား၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟုလည်း သိရသည်။
ထိုသို့ စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်နေသည့်အတွက် အိမ်ခြေ (၁,၁၅၂) လုံးမှ ဒေသခံလူထု (၆,၄၅၁ ) ဦးသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ကျန်းမာရေးအပါအဝင် စားနပ်ရိက္ခာ အခက်အခဲများလည်း ကြုံတွေ့နေရသည်ဟု လည်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
စစ်ကောင်စီ၏ ပစ်ခတ်မှုများသည် ယနေ့ထက်ထိ ဆက်လက်ရှိနေပြီး နိုဝင်ဘာလ(၂၀)ရက်နေ့ကလည်း မုန်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ဟောင်ဝှစ်ဇာပါဝင်သော လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့သောကြောင့် ထိုနေ့တစ်ရက်တည်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သော ဒေသခံ(၄)ဦးရှိခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုက ယနေ့ ထုတ်ပြန်ထားသည်။



















