Home သတင်း ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်ခေါ်ယူရေး လုပ်ငန်းစဉ်များ ရပ်တန့်သွားခြင်းမရှိကြောင်း KRC ပြော

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်ခေါ်ယူရေး လုပ်ငန်းစဉ်များ ရပ်တန့်သွားခြင်းမရှိကြောင်း KRC ပြော

1028

နိုဝင်ဘာ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်ကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ ခေါ်ယူရေးလုပ်ငန်းစဉ်များ ရပ်ဆိုင်းသွားမည်ကို စိုးရိမ်မှုများရှိနေသော်လည်း ၎င်းလုပ်ငန်းစဉ်များမှာ ရပ်တန့်သွားခြင်းမရှိကြောင်း ကရင်ဒုက္ခသည်များကော်မတီ-KRC တာဝန်ရှိသူထံမှ သိရသည်။

ယခုလ ၁၉ ရက်မှ ၂၁ ရက်နေ့အထိ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း (၉)ခုမှ ကော်မတီခေါင်းဆောင်များ၊ ကရင်ဒုက္ခသည်များကော်မတီ-KRC၊ ကရင်နီဒုက္ခသည်ကော်မတီ-KnRC၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင် ရာ မဟာမင်းကြီးရုံး-UNHCR နှင့် ဒုက္ခသည်ဆိုင်ရာ NGO အဖွဲ့အစည်းများ ၄ လတစ်ကြိမ် အစည်းအဝေးအပြီးတွင် KRC အတွင်းရေးမှူး စောပွယ်စေးက ယခုလို ပြောသည်။

“သူများ ပိတ်မယ်ပြုမယ်ကတော့ မရှိပါဘူး။ ပုံမှန်အတိုင်းပဲ ဆက်သွားနေတယ်။ UNHCR လည်း ဒီတတိယ နိုင်ငံ သွားမည့် အစီအစဉ်ကို ဆက်လုပ်နေသေးပါတယ်။ ဒါကို ပိတ်ဖို့ ပြုဖို့ကလည်း မလွယ်ပါဘူး။ ဒါပေမဲ့ နိုင်ငံခေါင်း ဆောင်တွေရဲ့ စီမံလုပ်ဆောင်မယ့် အစီအစဉ်တွေမှာ ဒီဒုက္ခသည်အရေးက အစီအစဉ်ရဲ့ ဘယ်လောက်အဆင့်မှာ ရှိနေမလဲဆိုတာကတော့ မသိနိုင်သေးဘူး” ဟု ကေအိုင်စီသို့ပြောသည်။

လာမည့် နှစ်ဆန်းအတွင်း အသစ်တက်လာမည့် သမ္မတလောင်း ဒေါ်နယ်ထရမ့် အစိုးရအပြောင်းအလဲကြောင့် အမေရိကန်အစိုးရက မြန်မာဒုက္ခသည်များ ခေါ်ယူမည့်အစီအစဉ် ပယ်ဖျက်ခံရနိုင်ကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများ၏ ခန့်မှန်းပြောဆိုသုံးသပ်မှုများထွက်ပေါ်လာသည့်အပေါ် မြန်မာဒုက္ခသည်များက စိုးရိမ်မှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လမှစပြီး ထိုင်းနယ်စပ်တလျှောက် ဒုက္ခသည်စခန်းတွင် နှစ်ရှည်နေထိုင်သူများကို UNHCR နှင့် ထိုင်း အစိုးရအာဏာပိုင်ဘက်မှ လူဦးရေ ပြန်လည်စိစစ်အတည်ပြုသည့် လုပ်ငန်းစဉ်များ လုပ်ဆောင်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံသို့ ခေါ်ယူမည့် အစီအစဉ်ကို ဘမ့်ဒုံယမ်းနှင့် ထမ့်ဟင်ဒုက္ခသည်စခန်းနှစ်ခုတွင် စတင်လုပ် ဆောင်ခဲ့သည်။

အဆိုပါ အစီအစဉ်အရ ဘမ့်ဒုံယမ်း ဒုက္ခသည်စခန်းတွင် လူဦးရေ ၂၀၀ ကျော်ကို ပို့ဆောင်ခဲ့ပြီးဖြစ်ကာ ယခုနှစ် ဒီဇင်ဘာလကုန်အထိ အားလုံး စုစုပေါင်း ၄၃၁ ဦး ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ ထမ့်ဟင် ဒုက္ခသည်စခန်းမှ လူဦရေ ၈၃ ဦးမှာလည်း အမေရိကားသို့ ရောက်ရှိသွားခဲ့ပြီးဖြစ်ကြောင်း KRC က ပြောသည်။

ယမန်နှစ်ကစပြီး ဒုက္ခသည်စခန်းအတွင်း လူဦးရေ ပြန်လည်စိစစ်အတည်ပြုသည့်လုပ်ငန်းစဉ်များ စတင်ခဲ့ပြီး တတိယနိုင်ငံထွက်ခွာခွင့်ရှိသူများကို UN အသိ အမှတ်ပြုအထောက်အထားစာရွက် ပြန်လည်ရိုက်ယူခြင်း၊ အင်တာဗျူး လုပ်ဆောင်ခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကိုလုပ်ဆောင်ပြီး တတိယ နိုင်ငံထွက်ခွာခွင့် ရမည့် သူများကို လိုအပ်သည့်တက်သင်တန်းနှင့် ထွက်ခွာမည့် ရက်စောင့်ဆိုင်းခြင်းစသည့် လုပ်ငန်းစဉ်များကို ဆက်လက် လုပ်ဆောင်နေဆဲဖြစ်သည်။

လက်ရှိ ဒုက္ခသည်များကို ခိုလှုံခွင့်ပေးသည့်အစီအစဉ်ထဲတွင် အမေရိကန်ပြည်ထောင်စုတစ်ခုတည်းသာ ပါဝင် သေးကာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း ဒုက္ခသည်အရေးကိစ္စနှင့် ပတ်သက်၍ ၂၀၂၄ ခုနှစ် ထဲတွင် တကမ္ဘာလုံးရှိ ဒုက္ခသည်ဦးရေ (၁၂၅,၀၀၀) ကျော်ကို ခေါ်ယူမည်ဟု ပြောဆိုထားသည်။ ထိုအထဲတွင် ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်များလည်း ပါဝင်မည်ဖြစ်သည်။

ထိုင်းနိုင်ငံ နယ်စပ် ဒုက္ခသည်စခန်းရှိ မြန်မာဒုက္ခသည်ခြောက်သောင်းခန့်ကို အမေရိကန်နှင့် အခြား တတိယ နိုင်ငံများတွင် ရွှေ့ပြောင်းနေထိုင်ခွင့်ပေးပြီး ဒုက္ခသည်စခန်းများကို ပိတ်သိမ်းရန် ထိုင်းအစိုးရအနေဖြင့် လက်ရှိ ဒီမိုကရက်ပါတီ ဦးဆောင်သည့် အမေရိကန်အစိုးရ နှင့် သဘောတူထားမှုများရှိကြောင်းလည်း The Nation သတင်းက ယခုလဆန်းပိုင်းက ဖော်ပြထားသည်။

သို့သော် အမေရိကန်ရွေးကောက်ပွဲမှ ပေါ်ထွက်လာသည့် ရလဒ်နှင့်သမ္မတလောင်း ဒေါ်နယ်ထရမ့်၏ မဲဆွယ်စည်း ရုံးရေးကာလအတွင်းပြောဆိုထားချက်များအပေါ် ကိုးကား၍ ဒုက္ခသည်ခေါ်ယူရေး အစီအစဉ်များ ပယ်ဖျက်ခံရနိုင်ကြောင်း ခန့်မှန်းယူဆချက်များ ထွက်ပေါ်လာခဲ့သည်။ သမ္မတသစ် ဒေါ်နယ်ထရမ့် အစိုးရ လက်ထက်တွင် မူဝါဒ အပြောင်း အလဲ ရှိ၊ မရှိ စောင့်ကြည့်ရမည်ဟု ဒုက္ခသည်အရေးလှုပ်ရှားသူများက ပြောသည်။

ထိုင်း-မြန်မာနယ်စပ် တလျှောက်တွင် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်ရာမို၊ မယ်လအူး၊ ဘမ့်ဒုံယမ်း၊ ထမ့်မဟင်နှင့် အမှတ် (၁)၊ (၂) ကရင်နီဒုက္ခသည်စခန်းအပါအဝင် မြန်မာဒုက္ခသည်စခန်းပေါင်း ၉ ခုရှိပြီး လူဦးရေ တစ်သိန်းနီးပါး ခိုလှုံလျက်ရှိသည်ဟု သိရသည်။