” အဲ့နေရာတွေက အရင်တုန်းက ခွန်ဆာရဲ့ နေရာတွေပါ။ ခွန်ဆာက မူးယစ်ဆေးဝါး ထုတ်လုပ်တယ်။ ထိုင်းထဲကို သွင်းတယ်။ အဲဒီမှာ ထိုင်းအစိုးရနဲ့ အကျိုးစီးပွားချင်း ဖလှယ်တယ်။ ခွန်ဆာရဲ့ ဘန်ဟင်တက် စခန်းထိ ရောက်အောင် နိုင်လွန်ကတ္တရာလမ်းတွေကို ထိုင်းအစိုးရက ဖောက်ပေးထားခဲ့တာပါ။ ပြဿနာ လုပ်ချင်ရင်တော့ ငါ့မြေလို့ ပြောလို့ရတာပေါ့ဗျာ။ UWSA ကလည်း သွေးမြေကျခံပြီ ခွန်ဆာကိုတိုက်ပြီး သိမ်းထားတာ။ သူ့မြေလို့ ပြောမှာပေါ့ဗျာ။ အမှန်တရားက ဘယ်သူ့ဘက်မှ မရှိပါဘူး။ အမှန်တရားကို အင်အားနဲ့ အဆုံးအဖြတ်ပေးမယ်ဆိုရင်တော့ အင်အားနဲ့ တုန့်ပြန်တာတွေ ကြားရမှာပေါ့။ “
ဦးသန်းစိုးနိုင် ( မြန်မာ့နိုင်ငံရေးအကဲခတ်)
ဝနဲ့ ထိုင်းစစ်တပ်အငြင်းပွားမှု နှင့် မြောက်ပိုင်းတပ်ဖွဲ့တွေအပေါ် တရုတ်ရဲ့ဖိအားပေးမှုနဲ့ပတ်သက်ပြီး မြန်မာ့နိုင်ငံရေးအကဲခတ် ဦးသန်းစိုးနိုင်သုံးသပ်ချက်။
နိုဝင်ဘာလ ၃၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ဝ နဲ့ ထိုင်းစစ်တပ်ရဲ့ နယ်မြေအငြင်းပွားမှုက ထိတွေ့တိုက်ပွဲတွေ ဖြစ်လာနိုင်လား၊ တရုတ်အလိုရှိတဲ့ သဘာဝတွင်းထွက်ထွက်နေတဲ့ နေရာတွေ အားလုံး သိမ်းပိုက်ထားတဲ့ ကချင်လွတ်လပ်ရေးတပ်မတော်-KIA ရဲ့ ခေါ်ဖဲက ဘာလဲ၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA နဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်-MNDAA ဘက်က စစ်ကောင်စီနဲ့ ဆွေးနွေးမယ်ဆိုတဲ့ နောက်ကွယ်မှာ ဘာတွေရှိလဲဆိုတာတွေကို ဝါရင့် မြန်မာ့နိုင်ငံရေးအကဲခတ် ဦးသန်းစိုးနိုင်နဲ့ ဆက်သွယ် မေးမြန်းထားပါတယ်။
မေး။ ။ တရုတ်နဲ့ KIA ရဲ့ ညှိနှိုင်းမှုတွေနဲ့ ပတ်သက်ပြီး ဘာများထူးခြားတာ တွေ့ထားလဲ ။
ဖြေ။ KIA ကတော့ တော်လှန်ရေးအစဥ်အလာကြီးတဲ့ အဖွဲ့အစည်းဖြစ်တဲ့အလျောက် နိုင်ငံရေးနဲ့စစ်ရေး အတွေ့အကြုံအရတော့ ပိုပြီးကျယ်ပြန့်တယ်။ နောက်တစ်ခုက TNLA ရော၊ AA ရော ဒီအဖွဲ့တွေ အားလုံး လည်း KIA က မွေးထုတ်ပေးလိုက်တဲ့ အဖွဲ့အစည်းတွေ ဖြစ်တယ်။ ဒီအဖွဲ့ကို TNLA တို့ AA တို့လိုတော့ တရုတ်အနေနဲ့ စဥ်းစားပြီး ဆက်ဆံလို့ မရဘူး။ တရုတ်နဲ့ သူဆက်ဆံလာတာ နှစ်ပေါင်း (၇၀) လောက်ရှိပြီ။ KIA ကိုတော့ ကျန်တဲ့ ညီနောင်သုံးဖွဲ့လို သူဆက်ဆံရင် KIA ကလည်း သူ့အနေအထားကို အတွေ့အကြုံအမျိုးမျိုးကနေယူပြီးတော့ တခါထဲ တရုတ်ကို သဘောထား ဖော်ပြခဲ့တဲ့ အစဥ်အလာတွေ အများကြီး ရှိပါတယ်။
KIA ခေါင်းဆောင်တွေ အမေရိကန်သွားတာ၊ ပြီးတော့ KIA မှာရှိနေတဲ့ ကချင်အမျိုးသားအများစုဟာ ခရစ်ယာန်တွေ အများစုဖြစ်တယ်။ အဲဒီကနေပြီးတော့ အသင်းအုပ်ဆရာတွေ ကချင်လူမျိုးစု တွေက လည်း အမေရိကန်ကိုပဲ သွားကြတာ။ ဒီလို တစ်လျှောက်လုံး လုပ်လာပေမယ့် တစ်ဖက်က တရုတ်နဲ့ ဆက်ဆံရေးကို ထိန်းသိမ်းပြီးတော့ သူတို့ KIA အဖွဲ့ရဲ့ လက်နက်တည်ဆောက်မှုတွေ တရုတ်အကူအညီနဲ့ လုပ်ခဲ့တာပါ။ ပြောရမယ်ဆိုရင် တရုတ်နဲ့လည်း မကင်းနိုင်ဘူး။ ဒါပေမယ့် တရုတ်လည်း KIA ရဲ့ နိုင်ငံရေးသဘောထားရပ်တည်ချက်ကို တားလို့မရဘူး။
အဲတော့ တရုတ်က တစ်ခုခုလုပ်လို့ရှိရင် ပါးရိုက်ရင်တော့ နားပြန်ကိုက်မှာပဲ ဆိုတဲ့ သဘောထားတွေ ဖော်ပြတယ်။ အခု ကန်ပိုက်တီ ဂိတ်ကို တရုတ်က ဖွင့်ချင်နေတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီက မြေရှားသတ္တုနဲ့ ဆိုင်တဲ့ပစ္စည်းတွေ အဲဒီကနေ တရုတ်ပြည်ထဲ ဝင်နိုင်အောင်ပေါ့နော်။ KIA ကန်ပိုက်တီ တစ်ခုဟာ မသိမ်းဖို့ တရုတ်က တိုက်တွန်းတယ်။ ဒါပေမယ့် အထူးဒေသ (၁) တစ်ခုလုံးကို KIA ကသိမ်း လိုက်တယ်။ ပြီးရင် တပ်ရဲ့ စခန်းတွေကိုပါ ပိတ်လိုက်တယ်။ သူကတော့ အတွေ့အကြုံရှိတယ်။ တစ်စုံ တစ်ရာ ခိုင်ခံ့တဲ့လူထုအခြေခံလည်း ရှိတယ်။ ဒါကြောင့် သူကတော့ နည်းနည်း တင်းတင်းမာမာနဲ့ သွားတယ်။ KIA ကျတော့ တခြားညီနောင်သုံးဖွဲ့လို သဘောထားဆက်ဆံလို့ မရဘူး။ မရတဲ့အလျောက် ဒီလိုပဲ ဖြစ်နေတာပါလို့ ကျနော်က သဘောပေါက်တယ်။
မေး။ ။ ကချင်ပြည်နယ်ထဲက တရုတ်အလိုရှိတဲ့ သဘာဝတွင်းထွက် ထွက်တဲ့ နေရာတွေကို KIA က သိမ်းလိုက်ပြီဆိုတော့ KIA ဘက်က သူတို့လိုချင်တာကို တရုတ်နဲ့ ပြန်ညှိမယ့် သဘောလား ။
ဖြေ။ KIA ရဲ့ တရုတ်အပေါ်မှာ တောက်လျှောက်ဆက်ဆံတာက အခုနောက်ပိုင်း (၄)နှစ်၊ (၅)နှစ် လောက်ရှိပါပြီ။ ကျောက်စိမ်းကို အကြောင်းပြုပြီး တရုတ်ကို စျေးဆစ်ပြီးတော့ သူလိုချင်တာ ဖလှယ်လာတာတွေက KIA က အနှစ် (၄၀) လောက်ရှိပါပြီ။ ဒါကြောင့် အခု KIA က တရုတ်ထုတ် လုပ်ခဲ့တဲ့ M21, M22 , M23 တို့ မယူတော့ပါဘူး။ သူ့ဒေသအတွင်း သူက ထုတ်လုပ်နေတာပါ။ အဲဒါ ကြောင့်လည်း ဒီ KIA က ထုတ်လုပ်တဲ့ လက်နက်တွေဟာ ရခိုင်တို့ ၊ TNLA တို့ အဲဒီထဲကို ရောက် သွားတာပါ။ ဒါတွေက တချို့တဝက်က တရုတ်ထုတ်တဲ့ လက်နက်တွေ ဖြစ်သလို KIA က ထုတ်တဲ့ လက်နက်တွေ ဖြစ်တယ်။ KIA က အဲ့လို လက်နက်တောင် ထုတ်နိုင်တယ်ဆိုတော့ ကျည်ဆံလည်း ရနိုင်တယ်။ သူ့ဘဝရပ်တည်ရေးအတွက် အရေးကြီးတဲ့ အကြောင်းအချက်အလက်တွေကို တရုတ်လိုချင် တဲ့အကြောင်းအချက်အလက်တွေကို ဖန်တီးပေးပြီးတော့ ရပ်တည်လာခဲ့တာ နှစ် (၄၀) လောက်ရှိခဲ့ပြီ။
မေး။ ဝ တပ်စခန်းတွေ နယ်စပ်ကရွှေ့ဖို့ ထိုင်းဘက်က တောင်းဆိုတဲ့အပေါ် ဘယ်လို ရှုမြင်လို့ရမလဲ ။
ဖြေ။ နယ်စပ်ဒေသမှာ ရှိနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ထိုင်းတပ်မတော်က ဘိန်းချက်တဲ့လုပ်ငန်းကနေ ရတဲ့အကျိုးအမြတ်တွေကို ခွဲဝေခံစားနေတာ နှစ် (၅၀) လောက်ရှိပါပြီ။ နောက်ပြီး ထိုင်း-မြန်မာနယ်စပ်မျဥ်းဆိုတာ မရှိပါဘူး။ မရှိဘဲနဲ့ ဒါလွတ်လပ်တဲ့ ဆုံမြေဖြစ်နေတဲ့ အခါကျတော့ ဒါဘယ်သူ့မြေလဲဆိုတဲ့ ကိစ္စလေးက ပြောရခက်ပါတယ်။ အင်အား သုံးဖြေရှင်းမယ်ဆို ရင်တော့ အင်အားသုံးပြီး တွန်းလှန်တာတွေ ဖြစ်လာမယ်။ အခုသူပြောနေတဲ့ နေရာတွေက ဘန်ဟင်တက်(Ban Hin Taek) ရွာနေရာတွေပါ။ အမြဲတမ်း ခွန်ဆာနေတဲ့ နေရာတွေပါ။ ခွန်ဆာလုပ်တာက မူးယစ်ဆေးဝါးထုတ်လုပ်တယ်။ ထိုင်းနယ်ကို သွင်းပြီး ထိုင်းတပ်မတော်နဲ့ အကျိုး စီးပွားချင်း ဖလှယ်ထားတယ်။ ဒါကြောင့် ခွန်ဆာရဲ့ ဘန်ဟင်တက် စခန်း ထိရောက်အောင် နိုင်ငံတော်ကတ္တရာလမ်းတွေ ယိုးဒယားအစိုးရကပဲ ဖောက်လုပ်ပေးခဲ့တာပါ။ ပြဿနာ လုပ်ချင်ရင်တော့ မှားမယ်လို့ ပြောရမယ်။ ဒီ UWSA ကလည်း သွေးမြေကျခံပြီးတော့ ခွန်ဆာကိုတိုက်ပြီးတော့ သိမ်းလာတဲ့မြေလို့ ပြောရမယ်။ အမှန်တရားက ဘယ်သူဘက်မှာမှ မရှိဘူး။ အမှန်တရားကို အင်အားနဲ့သုံးပြီး ဆုံးဖြတ်ပေးလာမယ်ဆိုရင်တော့ အင်အားနဲ့ ပြန်တုံ့ပြန်တာတွေ ကြားရမယ်လို့ ကျနော် မြင်တယ်။ တရားတယ် မတရားဘူး မှန်တယ် မမှန်ဘူးဆိုတဲ့ ကိစ္စကို ဝင်ဆုံးဖြတ်လို့ မရဘူး။ နယ်နိမိတ်မျဥ်းမှာ တရားဝင် သတ်မှတ်ထားတာ ရှိမှ မရှိတာ။
မေး။ ။ ဒီကိစ္စက ထိတွေ့တိုက်ပွဲတွေအထိ ဖြစ်လာနိုင်တဲ့ အခြေအနေ ရှိလား ။
ဖြေ။ ဖြစ်လည်း ဖြစ်မှာပေါ့။ ဘာလို့လဲဆိုတော့ ထိုင်းက အမေရိကန်လိုလားတဲ့လူ တစ်လျှောက်လုံး တရုတ်က ယူဆထားတယ်။ UWSA လည်း အဲ့လိုပဲ မြင်ထားတယ်။ အဲ့လိုဆိုရင် နယ်စပ် ထိတွေ့တိုက်ပွဲတွေ ဖြစ်လာနိုင်ပါတယ်။ သိပ်ကြီးကြီးကျယ်ကျယ် ဖြစ်စရာတော့ အကြောင်းမရှိပါဘူး။
မေး။ ။ TNLA ဘက်က စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်ဆိုတဲ့ ထုတ်ပြန်ချက်က ဘယ်လိုသဘောမျိုးဆောင်လဲ ။
ဖြေ။ TNLA ရဲ့ ထုတ်ပြန်ကြေညာချက်ဟာ ကျနော်တို့ ပြီးခဲ့တဲ့ (၁၀) ရက်လောက်က ပန်ဆန်းမှာ ကျင်းပခဲ့တဲ့ FPNCC(ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေး ကော်မတီ) ရဲ့ ဆွေးနွေးသဘောတူညီချက်ကနေ ထွက်လာတယ်လို့ ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ အရင်တုန်းက ညီနောင်သုံးဖွဲ့ နာမည်နဲ့ ထုတ်ပြန်ကြေညာတာတွေ လုပ်ပေမယ့် ဒီတစ်ခါတော့ TNLA တစ်ဖွဲ့တည်းကို ထွက်ပြီး သတင်းစာရှင်းလင်းပွဲလုပ်မယ်ဆိုတာ ကြေညာလိုက် တာ။ ဒါကြောင့် အကျိုးဆက်ကတော့ TNLA တော့ သစ္စာဖောက်ပြီ လမ်းကြောင်း ပြောင်းပြီဆိုတဲ့ အသံတွေ ထွက်လာတယ်။ ဒါပေမယ့် ကျနော့်အနေနဲ့ TNLA သစ္စာဖောက်တာ မဟုတ်ဘူး။ ဗျူဟာ ပြောင်းတာလို့ ယူဆတယ်။
အခုချိန်မှာ ညီနောင်သုံးဖွဲ့အနေနဲ့ ဆွေးနွေးပွဲခေါ်ဖို့က မသင့်လျော်တဲ့အချိန်ပါ။ အကြောင်းက TNLA ဒေသတစ်ခုလုံး အဖွဲ့အစည်းတစ်ခုလုံး ကလည်း သူတို့တွေရဲ့ ဘုရားဟောင်းမှာ တော်တော်လေး အပေးများနေတာ ဖြစ်ပါတယ်။ ရခိုင်ကတော့ ဘယ်သူမှ လက်လှမ်းမမှီတဲ့ သူတို့ရဲ့ ဒေသမှာ စစ်ကောင်စီ ကင်းစင်ရေးလှုပ်ရှားမှုကို အားသွန်ခွန်စိုက် ကြိုးပမ်းနေတဲ့ ကာလ ဖြစ်ပါတယ်။ ညီနောင်သုံးဖွဲ့ကိုယ်စား FPNCC ကိုယ်စား ပြောသင့်ပြောထိုက်တာတွေ ထွက်ပြောသင့်တယ်။ အဖွဲ့အစည်းကတော့ TNLA ဖြစ်မယ်လို့ ယူဆတဲ့အတွက် ထွက်ပြီးတော့ ပြောလိုက်တာပါ။ ရည်ရွယ်ချက်ကတော့ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ အမြောက်လက်နက်ကျည်ပစ်ခတ်မှုတွေကြောင့် ပြည်သူတွေ ဒုက္ခရောက်နေတဲ့ အနေ အထားကို တားဆီးပေးဖို့အတွက် တရုတ်ကို တန်ပြန်တောင်းဆိုလိုက်တဲ့ ထုတ်ပြန်ချက်သဘောလို့ ထင်မြင်မိပါတယ်။
စစ်ကောင်စီနဲ့ ဆွေးနွေးဖို့အတွက် သူ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတာကို ပြန်ရုပ်သိမ်း ရမယ်။ လေကြောင်းထိုးစစ်တွေ အမြောက်နဲ့ ပစ်ခတ်မှုတွေ ရပ်ဆိုင်းဖို့ တောင်းဆိုမယ်လို့ ထင်ပါတယ်။ ဒါက အရင်က ကျင်းပခဲ့တဲ့ ကျနော်တို့ ဟိုက်ကင်အစည်းအဝေးရဲ့ ပုံစံသစ်တစ်ခုလို ယူဆပါတယ်။ ဒီ FPNCC အဖွဲ့ရဲ့ နည်းပရိယာယ်ခြေလှမ်းအသစ်လို့ ထင်ပါတယ်။
မေး ။ ။ အဲဒီတော့ FPNCC က ဘယ်လိုပုံစံနဲ့ရှေ့ဆက်မယ်လို့ ခန့်မှန်းရနိုင်လဲ ။
ဖြေ။ FPNCC က တကယ်တမ်း နွေဦးတော်လှန်ရေးထဲမှာ သူတို့ တစ်ခုလုံးအနေနဲ့ ပေါင်းဖို့ သဘော ထားမရှိတဲ့အကြောင်း အဲဒီက ဥက္ကဋ္ဌက ကြေညာထားပါတယ်။ NUG နဲ့လည်း အဆက်အစပ် မလုပ်ပါဘူး။ ဒါတွေအားလုံးက တရုတ်ရဲ့ ကျနော်တို့ နိုင်ငံရေး ဖိအားအောက်မှာ ထွက်ပေါ်လာတဲ့ ဇယားတွေပါ။ ဒါပေမယ့် လက်တွေ့ လုပ်ရပ်တွေကတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံးကိုင်ဆောင်နေတဲ့ ကျည်ဆံလက်နက်ခဲယမ်း မီးတောက်အားလုံးက ‘ဝ’ ကနေထွက်နေတာပါ။
ဒီအဖွဲ့အစည်းတွေဟာ နွေဦးတော်လှန်ရေးမှာ မပါဘူး။ ဒါပေမယ့် နွေဦးတော်လှန်ရေးကို နောက်ပိုင်း ကနေပြီးတော့ လျှို့ဝှက်ပြီး ကျည်ဖြည့်ပေးနေတဲ့ အင်အားစုတွေ ဖြစ်တဲ့အတွက် သူတို့ကို ရန်သူလို့ သဘောထားလို့ သင့်လျော်ပါ့မလားဆိုတာ စဥ်းစားစရာပါပဲ။ အခု TNLA ကလည်း ဒီသဘောပါပဲ။ တရုတ်က ဖိအားပေးတဲ့အခါမှာ သူတစ်ဝိုက်ပဲ ကျန်နေတဲ့အခါ သူထွက်ပြီးပြောတာပါ။ ဒါပေမယ့် ထုံးစံ အတိုင်းပါပဲ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက် ထိုးစစ်ဆင်မှုတွေစတဲ့ စစ်ကောင်စီရဲ့ သဘော ထားကို တရုတ်က သိအောင် တစ်ဖက်ကနေ လှည့်ပြီးတင်ပြလိုက်တာလို့ ယူဆလိုပါတယ်။ စစ်ကောင်စီက မရပ်ဘဲနဲ့ ဆက်ပြီး အကြမ်းဖက်မယ်ဆိုရင် သူတို့ကလည်း ဆက်ပြီး ခုခံကာ ကွယ်သွားမယ်။
အဲဒီကာကွယ်ခုခံမှုအတွက် လိုအပ်တဲ့ ခဲယမ်းမီးကျောက် ကိစ္စတွေဟာ တကယ်လို့ မူဆယ်၊ မန္တလေး ကားလမ်းမြေကို ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းတွေ ဖွင့်လှစ်လိုက်မယ်ဆိုရင် အညာ ဒေသတွေအတွက် လိုအပ်နေတဲ့ ခဲယမ်း မီးကျောက်တွေကိုလည်း အဲဒီကုန်စည်တွေကြားမှာ ပါလာလိမ့်မယ်လို့ ကျနော် ယူဆပါတယ်။ ဒါကြောင့် ဒီကြေညာချက်ဟာ အသွင်သဏ္ဌာန်အရ ငြိမ်းချမ်းပြီး ရှေ့ဆက်လိုတဲ့သဘောဆောင်နေပေမယ့် ဒီသဘောအရဆိုရင် နွေဦးတော်လှန် ရေးဆက်ပြီးတော့ ရှိဦးမယ့် ဖွံ့ဖြိုးရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် ညီအစ်ကိုတွေ မြောက်ပိုင်း သုံးဖော်အပါအဝင် အဲဒီအင်အားစုတွေရဲ့ လက်နက်အကူအညီတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေ ပိုပြီးတော့ ကောင်းမွန်လာလိမ့်မယ် အကျိုးရှိလာလိမ့်မယ်လို့ ယူဆပါတယ်။
မေး။ ။ မြောက်ပိုင်း ညီနောင် ၃ ဖွဲ့ထဲမှာ စစ်ကောင်စီနဲ့ ဆွေးနွေးမယ်လို့ ပြောဖို့ ကျန်တာ AA တစ်ဖွဲ့ပဲ ရှိတော့တယ် ။ AA အပေါ် ဘယ်လို သုံးသပ်လို့ ရနိုင်မလဲ ။
ဖြေ။ အဲဒါလည်း မှုန်ဝါးဝါးပါပဲ။ ဘာကြောင့်လဲဆိုတော့ ပထမဆုံး ရခိုင်ကနေပြီးတော့ စစ်ကောင်စီ ကင်းစင်အောင် လုပ်မယ်။ ပြီးသွားရင် နွေဦးတော်လှန်ရေးထဲမှာ ဆက်ပြီးပါဝင်မယ်။ နေပြည်တော်တက်သိမ်းမယ့်အထိ ထွန်းမြတ်နိုင်က ကြွေးကြော်နေတဲ့အခါကျတော့ ကျနော်တို့ ငွေရောင်ပိတ်ကားပေါ်မှာ ဆက်ပြီး စောင့်ကြည့်ရမှာပေါ့လို့ ပြောချင်ပါတယ်။