ကိုယ်တိုင်ရေးတဲ့ သမိုင်း
မင်းဆုလဒ် (မြစ်ဝကျွန်းပေါ်)
(၁၆-၁၁-၂၀၂၄)
စစ်အရိုင်းအစိုင်းတွေ
ထင်တိုင်းကြဲတဲ့ခေတ်မှာ
သမိုင်းဟာ ခေတ်ကိုပြောင်းအောင်
ခေါင်းကိုပစ်…တဲ့။
ဒီလိုနဲ့ အပြစ်မဲ့ပြည်သူတွေ
ခေါင်းအပစ်ခံပြီး သေသွားလိုက်ကြတာ
သမိုင်းက အဲလို ရိုင်းစိုင်းခဲ့တယ်
လူ့အသက်ဟာ
သစ်ရွက်လေးတစ်ရွက်လား
နေ့စဉ် ညစဉ်
ပြည်သူကို ပြည်သူလိုမမြင်
ပြည်သူကို ရန်သူလိုမြင်
မတရား စစ်ဆင်တဲ့ခေတ်
အဲဒါကြောင့်
ငါတို့ နွေဉီး ရပ်နေလို့ မဖြစ်ဘူး
လူသတ်သမားတစ်ကောင်
တစ်ရက်သက်ဆိုးရှည်ရင်
အပြစ်မဲ့လူ့အသက်တွေ
ဘယ်လောက် သေကြေပျက်စီးလိုက်မလဲ
အဲဒါကြောင့်
ငါတို့ နွေဉီး ရပ်နေလို့ မဖြစ်ဘူး
ခေတ်ကိုပြောင်းဖို့
ခေါင်းကိုဘယ်လောက်ပစ်ပစ်
ပြည်သူစစ်စစ်တွေလေ
သေနတ်ပြောင်းတွေဆီ
ဉီးတည်ချီတက်
နွေဉီး ခရီးဆက်
လျှောက်တဲ့လမ်းဟာ
ကျောက်စရစ်နဲ့ ခင်းထားတာမဟုတ်ဘူး
အသက်တွေနဲ့ခင်းထားတာ
မရောက်မချင်းတော့ ဆက်လျှောက်ကြရဉီးမှာ။
အဲဒါကြောင့်
ငါတို့ နွေဉီး ရပ်နေလို့မဖြစ်ဘူး
ငါတို့သမိုင်း
စစ်သမိုင်းလို အရိုင်းမခံဘူး
ဘယ်သူမှ လာမခိုင်းဘူး
ငါတို့သမိုင်း
ငါတို့ ကိုယ်တိုင်ရေးမယ်
ဘယ်သူမှ လာမခိုင်းဘူး
ငါတို့သမိုင်း ငါတို့ ကိုယ်တိုင်ရေးတယ်
နွေဉီးဟာ ကိုယ်တိုင်ရေး သမိုင်းစစ်စစ်ဖြစ်တယ်
နွေဉီးဟာ ငါတို့အားလုံးရဲ့ ကိုယ်တိုင်ရေး သမိုင်းစစ်စစ်ဖြစ်တယ်။
မင်းဆုလဒ် (မြစ်ဝကျွန်းပေါ်)
နွေဉီးနှင့် နွေဉီးသူရဲကောင်းများကို ဤကဗျာဖြင့် ဂုဏ်ပြုပါသည်။