Home သတင်း သိန္ဓောစခန်းစွန့်ခွာလာသည့် စစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဆက်ဖြစ်ပွား

သိန္ဓောစခန်းစွန့်ခွာလာသည့် စစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဆက်ဖြစ်ပွား

599
Photo: Social Media

အောက်တိုဘာ ၄ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီမြို့နယ်၊ သိန္ဓောစခန်းမှ စွန့်ခွာလာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များကြား တိုက်ပွဲများ ဆက်ဖြစ်ပွားနေသည်ဟု မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ပြန်ကြားရေး တာဝန်ခံ က ပြောသည်။

အဆိုပါ အင်အား ၁၅၀ ဝန်းကျင်ပါ စစ်ကြောင်းကို တကူကျေးရွာအုပ်စုကြား၌ ၃ ကြိမ်နှင့် ဘန်လောရွာ အနီးတွင် ၃ ကြိမ် ထက်မနည်း တော်လှန်ရေးတပ်များဘက်က ဒရုန်းဗုံးသီးချ တိုက်ခိုက်ခဲ့သည်ဟု မြိတ်ခရိုင်ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၂ ၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော်မျိုးကြီးက အောက်တိုဘာ ၄ ရက်နေ့တွင် ပြောသည်။

“စခန်းစွန့်ခွာတာတော့ကြာပြီး ဒါပေမဲ့ သူတို့သွားနေတဲ့လမ်းတစ်လျှောက်မှာ တော်လှန်ရေး တပ်ဖွဲ့တွေက ကြားဖြတ် တိုက်ခိုက်တာတွေ လုပ်ဆောင်နေတယ်။ ကာပစ်သဘောမျိုးနဲ့ ပြန်ပစ်တာတွေတော့ လုပ်ဆောင် နေတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ယခုလို ကြားဖြတ်တိုက်ခိုက်ခံရသည့် အတွက် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများရှိသော်လည်း အရေ အတွက် အတိအကျကိုမှု အတည်မပြုနိုင်သေးဟု တော်လှန်ရေးတပ်ဖွဲ့ဘက်က ပြောသည်။

ထို့အပြင် အောက်တိုဘာ ၁ ရက်နေ့မှာလည်း တမုတ်ချုံကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ် ကောင်စီ တပ်သားတွေကို လယ်တောင်ယာရွာနဲ့ တမုတ်ချုံရွာကြားမှာ တော်လှန်ရေးတပ်များမှ ထပ်မံမိုင်းဆွဲ တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်နေ့ နံနက်ပိုင်းမှာလည်း အရှေ့မော်တုန်းရွာအခြေစိုက် စစ်ကောင်စီ အမြောက်တပ် (အမတ-၃၀၆) မှ စစ်ကောင်စီတပ်သား အင်အား ၁၀၀ နီးပါး ဘန်းလမွတ်ရွာဘက်ကို စစ်ကြောင်းထိုး လာခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ဘန်းလမွတ်ရွာအနီးတွင် တစ်ကြိမ်၊ ညောင်ပင်ကုန်းရွာအနီးမှာ တစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူများထံမှ သိရသည်။