Home သတင်း ရေး-သံဖြူဇရပ်လမ်းပိုင်းရှိ စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရ နှစ်ဖက်ထိခိုက်သေဆုံးမှုရှိ

ရေး-သံဖြူဇရပ်လမ်းပိုင်းရှိ စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရ နှစ်ဖက်ထိခိုက်သေဆုံးမှုရှိ

611
Photo: Crd.

အောက်တိုဘာ ၂၀၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေး- သံဖြူဇရပ် ကားလမ်းမပေါ်ရှိ စံပြကျေးရွာအနီး၌ တပ်စွဲထားသည့် စစ်ကောင်စီ ခြေမြန်တပ်ရင်း (၅၈၈) ၏ ယာယီအထိုင်စခန်းကို တော်လှန်ရေဂပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဦးနှစ်ဖက် ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ် – MSRFက ယမန်နေ့ အောက်တိုဘာ ၁၉ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ ယာယီအထိုင်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းတွင် သွားရောက် တိုက်ခိုက်ချိန် စခန်းကုန်းမှ ဆင်းလာသည့် စစ်ကောင်စီ စစ်ကြောင်းနှင့် ထိပ်တိုက်တွေ့ပြီးအပြန်အလှန် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်ကြီးလှိုင်းဝင်းထွဋ် အပါအဝင် (၅) ဦးသေဆုံးပြီး (၃) ဦး ဒဏ်ရာရရှိသွားသလို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် (၂) ဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် သေဆုံး၊ ဒဏ်ရာရ စစ်ကောင်စီတပ်သားများကို ရေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ လူနာတင်ယာဉ် ၄ စီးဖြင့် သယ်ဆောင်သွားသည်ဟု MSRF ကပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ MA1 နှင့် MA2 သေနတ်များကို သိမ်းဆည်းရမိခဲ့ပြီး ထိုယာယီအထိုင်စခန်းအား ဝင်ရောက်စီးနှင်း တိုက်ခိုက်နေစဥ် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း (၁၀၆) မှ တိုက်ပွဲဖြစ်ပွားရာ နေရာသို့ ၈၁ မမ လက်နက်ကြီးဖြင့် လေးကြိမ်ပစ်ခတ်ခဲ့ပြီး စံပြကျေးရွာအတွင်းသို့ ၃ လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု ထုတ်ပြန် ချက်၌ ဖော်ပြထားသည်။

ယခုလို ထိတွေ့တိုက်ပွဲကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များဖြစ်သည့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်း တပ်ရင်းလုံခြုံရေးတပ်ခွဲ၊ ရေးပျောက်ကျားတပ် (YGF)၊ ဒေါန တပ်ခွဲ(၃)၊ KNLA တပ်ရင်း(၂၇)၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့(NMSP-AD)၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF တပ်ရင်း(၁)၊ YPDFတို့မှပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

အလားတူ ပြီးခဲ့သည့် သြဂုတ်လတွင်လည်း ရေးမြို့နယ်ရှိ တပ်အင်အား (၄၀) နီးပါးရှိသော စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့များ ဝင်ရောက်တပ်စွဲထားသည့် နေရာနှစ်ခုကို တော်လှန်ရေးအင်အားစုပူးပေါင်း တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဖက်တိုက်ပွဲ အချိန်တစ်နာရီနီးပါးကြာ ဖြစ်ပွားခဲ့သေးသည်။

၎င်းစစ်ကောင်စီတပ်သည် အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်း ဖြစ်သည့် သံဖြူဇရပ်-ရေး-ထားဝယ်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရန် ဇူလိုင်လအတွင်းက ထိုလမ်းပိုင်းတလျှောက် စစ်ကြောင်းထိုး၊ တပ်စွဲနေယူမှုများ လုပ်ဆောင်နေသလို သွားလာနေသည့် ဒေသခံနှင့် ခရီးသည်များကိုလည်း စစ်ဆေးမှုများ ပြုလုပ်ပြီး ဖြတ်သန်းသွား လာခွင့် ကန့်သတ်မှုများ လုပ်ဆောင်နေသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များ ထံမှ သိရသည်။