Home သတင်း ပိုင်ကျုံမြို့ ရေပူကျေးရွာအုပ်စုတွင် အာဝါဒေးလောင်းကစားဝိုင်း တစ်လကျော်ထိ စည်ကား

ပိုင်ကျုံမြို့ ရေပူကျေးရွာအုပ်စုတွင် အာဝါဒေးလောင်းကစားဝိုင်း တစ်လကျော်ထိ စည်ကား

982
Photo: CJ

အောက်တိုဘာ ၂၀၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ အပေါ်ရေပူကျေးရွာအုပ်စု၊ ပဲကုန်းရွာ၊ သာသနာ့နယ်မြေအတွင်း အာဝါဒေးလောင်းကစားဝိုင်းများ တစ်လကျော်ကြာထိ စည်ကားနေသည်ဟု ဒေသခံများက ပြောသည်။

ငါးပစ်ဂိမ်းလောင်းကစားများပါဝင်သည့် အဆိုပါအာဝါဒေးဝိုင်းသို့ ကျေးရွာတာဝန်ရှိသူအချို့အပါအဝင် အနီးရှိ ဒေသခံအရွယ်စုံလာရောက် ပျော်ပါးကြခြင်းဖြစ်ပြီး နယ်ခြားစောင့်တပ်-BGF လက်နက်ကိုင်တစ်ချို့က လုံခြုံရေး ယူပေးထားသည်ဟု ဒေသခံအမျိုးသား တစ်ဦးက ယခုလိုပြောသည်။

“လုပ်နေတာ တစ်လကျော်ကြာပြီး။ မိန်းမနဲ့ကလေးတွေ လာဆော့တာပိုများတယ်။ လုံခြုံရေးယူထားပေး တာတော့ BGF တွေပေါ့။ ဟိုရက်က KWO တို့ KYO တို့ လာစစ်တဲ့နေ့တစ်ရက်ပဲ BGF လုံခြုံရေးယူတာမတွေ့တာ။ မြင်းဆေးကတော့ KNU ရော၊ BGF ရော ကိုင်တွယ် ဖြေရှင်းတာမို့လို့ အရင်ကလို သိပ်မပြန့်တော့ဘူး” ဟု ၎င်းက ပြောသည်။

ယခုလို ပွင့်လင်းရာသီရောက်ချိန်တွင် ပိုင်ကျုံတဝိုက် အာဝါဒေးလောင်းကစားဝိုင်းများ ပြုလုပ်လာသည့်အပေါ် မြို့နယ်တာဝန်ရှိသူများက ကျေးရွာ အုပ်စုများသို့ ခွင့်ပြုမိန့်ဖြင့်သာ ပြုလုပ်ရန် ညွှန်ကြားစာများ ပေးပို့ထား သော် လည်း ဆက်လုပ်ဆောင်နေဆဲ ဖြစ်သည်ဟု ပိုင်ကျုံမြို့၊ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုသို့ လောင်းကစားပြုလုပ်နေမှုအပေါ် ပြန်းပြင်းထန်ထန် ကိုင်တွယ်ပါက တင်မာမှုဖြစ်ပေါ်လာနိုင်သည့်အတွက် လောင်းကစားကြောင့် ပတ်ဝန်းကျင်အနှောက်အယှက်မဖြစ်စေရန် အချိန်ကန့်သတ်ချက်ထား၍ လုပ်ဆောင် နေရသည့်အခြေအနေမျိုး ဖြစ်သည်ဟု ပိုင်ကျုံမြို့တာဝန်ရှိသူတဦးက ကေအိုင်စီသို့ အောက်တိုဘာ ၁၈ ရက်နေ့ တွင်ယခုလို ပြောသည်။

“အထူးသဖြင့် ကျနော်တို့ရဲ့ အဖွဲ့အစည်းညီအစ်ကိုတွေ သူတို့ရဲ့အသုံးအစွဲတွေလိုအပ်တဲ့အပေါ်မှာ လုပ်ကြတာ ရှိတော့ နားလည်မှုပေးဖို့ ပြောလာတာရှိတယ်။ သို့သော် ကျွန်တော်တို့က ဆူညံတာဆင်ခြင်ဖို့နဲ့ အချိန်ပြန် ကန့်သတ် ပေးတာပဲလုပ်တယ်။ အနီးအနားမှာလည်း ရွာထဲကတစ်ချို့ မကျန်းမာတဲ့လူကြီးတွေရှိတော့ ညနက် ပြီးဆို မလုပ်သင့်တော့ကြောင်း ပြောပြတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ပိုင်ကျုံမြို့နယ်သည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၇)နယ်မြေ၊ ဖားအံခရိုင်အတွင်းရှိပြီး ကေအဲန်ယူနှင့် BGF တို့ပါဝင်သည့် ကရင့်လက်နက်ကိုင်စည်းလုံးညီညွှတ်ရေး ကော်မတီက လောင်းကစား ပပျောက်ရေး ညွှန်ကြားချက်ထုတ် ကန့်သတ်ထားသည့် နယ်မြေဖြစ်ကြောင်း သိရသည်။

ထို့အပြင် ခရိုင်အတွင်း လောင်းကစားဖွင့်လှစ်လုပ်ကိုင်မည်ဆိုပါက ဘုန်းကြီးပျံပွဲနှင့် ဘုရားပွဲကြီးများတွင်သာ သက်ဆိုင်ရာတာဝန်ရှိအဖွဲ့ထံ ခွင့်ပြုချက်တောင်းခံ လုပ်ကိုင်ရမည်ဖြစ်ပြီး ရုံကြီးများဖြင့်စည်ကားသိုက်မြိုက်စွာ နှစ်ချီ၊ လချီကျင်းပသည့် နှစ်ဆယ့်လေးနာရီ လောင်းကစားဝိုင်းဖွင့်လှစ်နေမှုကို ခွင့်မပြုကြောင်း ကေအဲန်ယူ၊ ဖားအံခရိုင်ဥက္ကဌ ပဒိုအောင်မော်အေးက ပြောသည်။

“ပိုင်ကျုံကိစ္စက ကျနော်တို့ဆီတင်ပြလာတာမရှိသေးဘူး။ ရှိတယ်ဆိုရင်တောင် ကေအဲန်ယူကမလုပ်ဘူး။ ပါဝင်ပတ်သက်တဲ့လက်နက်ကိုင်အဖွဲ့ကိုတော့ ဆက်သွယ်ပြောဆိုပြီး လိုက်နာဖို့ပြောရမှာပေါ့” ဟု ပဒိုအောင်မော်အေးက ပြောသည်။

အဆိုပါ လောင်းကစားဝိုင်းများတွင် လက်နက်ကိုင်တစ်ချို့ ပါဝင်ပတ်သက်နေသည်ဟု သတင်းများထွက်ပေါ် နေသလို အရေးယူမှုမျိုး အားနည်းကာ သတိပေးပြောဆိုခြင်းမျိုးသာရှိနေပြီး မကြာခဏ နေရာရွှေ့ပြောင်း ပြုလုပ်နေကြသည်ဟု ဒေသခံများထံမှ သိရသည်။

ထို့အတူ အာဝါဒေးလောင်းကစားဝိုင်းများကြောင့် နောက်ဆက်တွဲ မူးယစ်ဆေးဝါးသုံးစွဲမှုများလာခြင်း၊ လူမှုစီးပွား ထိခိုက်ခြင်းနှင့် ဒုစရိုက်လုပ်ငန်းများလည်း ရောပါလျက်ရှိသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရ သည်။