Home ဆောင်းပါး ဒေသတွင်း ဆုကြေးအမြင့်ဆုံး BGF ဘောလုံးပြိုင်ပွဲအပေါ် ခြေရာခံကြည့်ခြင်း

ဒေသတွင်း ဆုကြေးအမြင့်ဆုံး BGF ဘောလုံးပြိုင်ပွဲအပေါ် ခြေရာခံကြည့်ခြင်း

1060
Photo: Social Media

ဒေသတွင်း ဆုကြေးအမြင့်ဆုံး BGF ဘောလုံးပြိုင်ပွဲအပေါ် ခြေရာခံကြည့်ခြင်း

အယ်ကလူတော (အောက်တိုဘာ ၆ ရက်၊ ၂၀၂၄ ခုနှစ်)

ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ၏ဇာတိ လှိုင်းဘွဲ မြို့နယ်၊ ကြာအင်းကျေးရွာ၌ ရွာဘုံကထိန်အလှူပွဲအတွက် ဒေသတွင်း ဆုကြေးအမြင့်ဆုံး ဘောလုံးပြိုင်ပွဲကို စက်တင်ဘာ ၂၈ ရက်နေ့က စတင်ကျင်းပလျက်ရှိသည်။

အဆိုပါ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲတွင် အမျိုးသားနှင့် အမျိုးသမီးအလွတ်တန်းပြိုင်ပွဲများ ပါဝင်သည်။ အမျိုးသားအလွတ်တန်းဖိတ်ခေါ်ပြိုင်ပွဲတွင် အကြီးတန်းနှင့် အငယ်တန်းဟူ၍ နှစ်မျိုးရှိပြီး အကြီး တန်းအတွက် ပထမဆု ကြေးငွေကို သိန်း ၁,၀၀၀ ကျပ်နှင့် အငယ်တန်း ပထမဆုကိုမူ သိန်း ၇၀၀ ကျပ်အထိ ချီးမြှင့် သွားမည်ဖြစ်သည်။

ဆုကြေးမြင့်သည့် အကြီးတန်းဖိတ်ခေါ်ပြိုင်ပွဲတွင် ကစားသမားများကို လွတ်လပ်စွာ စိတ်ကြိုက်ခေါ်ယူ ကစားခွင့် ပေးထားပြီး ၁၆ သင်းပါဝင်ယှဉ်ပြိုင်နေကြသည်။ သို့သော် အငယ်တန်းဖိတ်ခေါ်ပြိုင်ကိုမူ လှိုင်း ဘွဲမြို့နယ်အတွင်းရှိ ကျေးရွာကိုယ်စားပြု အသင်းများကိုသာ ဝင်ပြိုင်ခွင့်ပေးထားပြီး စုစုပေါင်း ၄၈ သင်း ပါဝင်ယှဉ်ပြိုင် နေကြသည်။

ပြိုင်ပွဲတွင် အသင်းလိုက်ဆုအပြင် အကောင်းဆုံးကစားသမားနှင့် အကောင်းဆုံး ကစားသည့် အသင်းများကိုပါ အထူးဆုများပေးအပ်သွားမည်ဟု စက်တင်ဘာ ၂၈ ရက်က ပြုလုပ်ခဲ့သည့် ကွင်းဖွင့်ပွဲအတွင်း၌ ပွဲစီစဉ်ဦးဆောင်သူများက ထည့်သွင်း ပြောဆိုသွားသည်။

ဆုကြေးငွေကြောင့် စိတ်ဝင်စားမှု မြင့်တက်လာခြင်း
ယခုပွဲသည် ဗိုလ်မှူးကြီး စောချစ်သူ မိသားစု ဦးဆောင်ပြီး ပြုလုပ်ခဲ့သည့် ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ တစ် လျှောက်ဆုကြေးငွေ အမြင့်ဆုံး ပြိုင်ပွဲတစ်ခုလည်း ဖြစ်လာခဲ့သည်။ ဆုကြေးငွေ မြင့်မားမှုကြောင့်ပင် ဒေသတွင်း ကရင်ပြည်နယ်သာမက မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဘောလုံးဝါသနာရှင်အချို့ စိတ်ဝင်စားမှု မြင့်တက်နေသည်။

ရက်ပိုင်းအတွင်းသာ ပြုလုပ်ကျင်းပမည့် အဆိုပါ ပြိုင်ပွဲ၏ ဆုကြေးငွေသည် တစ်ရာသီစာ လချီကြာ ကျင်းပသည့် မြန်မာနေရှင်နယ်လိဂ်၏ ချန်ပီယံဆုကြေးငွေနီးပါး ဖြစ်နေသည့် အချက်ကြောင့်ဟု ဆိုနိုင်သည်။

ထို့အပြင် အကောင်းဆုံး အားကစားသမားဆုများကို နေရှင်နယ်လိဂ်က ချီးမြှင့်သည့် ဆုကြေးငွေထက် အဆပေါင်းများစွာ ပေးအပ်မည်ဖြစ်ခြင်းကြောင့် ပြည်တွင်းကြေးစားကစားသမားများ စိတ်ဝင်စားမှု မြင့်မားလာခဲ့သည်။

ထို့အတွက် ပြည်တွင်းရှိ ပရော်ဖက်ရှင်နယ် ဆုကြေးစား ဘောလုံးသမားများကို ပြိုင်ပွဲတွင် ဝင်ကစားရန် ဘောလုံးဝါသနာရှင်တို့က အင်တာနက်လူမှုစာမျက်နှာများတွင် ရေးသားတိုက်တွန်းမှုများ ကျယ်ကျယ်ပြန့်ပြန့် ရှိနေသည်။

နာမည်တစ်ခုအတွက် ကိုယ်ဆုကိုယ်ပြန်ယူတဲ့ ပြိုင်ပွဲ
BGF က ပြုလုပ်သည့် ဘောလုံးပြိုင်ပွဲအများစုကို ဗိုလ်မှူးကြီးစောချစ်သူ၏ သားများဖြစ်သူ ဗိုလ်ကြီး စောချစ်ချစ် နှင့် ဗိုလ်မှူး စောထူးအယ်မှူးတို့က အဓိက ဦးစီးဦးဆောင်လုပ်လေ့ရှိသည်။

ကရင့်နှစ်သစ်ကူး၊ ဘုရားပွဲ၊ အလှူပွဲများကစ၍ ဗိုလ်မှူးကြီး စောချစ်သူ၏ မိသားစုဝင်များ၏ မွေးနေ့ပွဲ၊ မင်္ဂလာဆောင်ပွဲများပင်လျှင် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို အကြီးအကျယ် ပြုလုပ်လေ့ရှိပြီး ဆုကြေး ငွေလည်း ထိုက်ထိုက် တန်တန် ပေးအပ်လေ့ရှိသည်။

ယခုလို ဘောလုံးပြိုင်ပွဲများတွင်လည်း ဗိုလ်မှူးကြီး စောချစ်သူသားနှစ်ဦးဖြစ်သူ ဗိုလ်ကြီး စောချစ်ချစ် နှင့် ဗိုလ်မှူးစောထူးအယ်မူးတို့မှ ၎င်းတို့ ကိုယ်တိုင် ဘောလုံးအသင်းကိုယ်စီ ဖွဲ့စည်းကြပြီး ၎င်းတို့ ပြုလုပ် သည့် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ကစားလေ့ရှိသည်။ ထို့အပြင် သမီးဖြစ်သူ နန်းနှင်းနန္ဒာအေးက ဖွဲ့စည်းထားသည့် အမျိုးသမီး၊ အမျိုးသား ဘောလုံးအသင်းလည်းရှိသေးသည်။

ဗိုလ်ကြီး စောချစ်ချစ်၏ အသင်းမှာ Thaung Ying FC-SKK ဖြစ်ပြီး ဗိုလ်မှူးစောထူးအယ်မူး၏ အသင်းမှာ တာဒို့ဝါး စစ်ကြောင်း နှင့် ညီမဖြစ်သူ နန်းနှင်းနန္ဒာအေး၏ အသင်းမှာ ARKU’S အသင်းတို့ ဖြစ်သည်။

၎င်းတို့ ဦးဆောင်သည့် ဘောလုံးအသင်းများတွင် ကရင်ပြည်နယ်အဆင့် လက်ရွေးစင်ကစားသမားများ အပြင် မြန်မာနေရှင်နယ်လိဂ်မှ ကလပ်အသင်းများတွင် ပါဝင်ကစားနေသည့် ဆုကြေးစား အားကစားသမားများနှင့် နိုင်ငံခြားသား ကစားသမားများကိုလည်း ခေါ်ယူယှဉ်ပြိုင် ကစားလေ့ရှိသည်။

BGF အနေနဲ့ ငွေကြေးအမြောက်အများကို သုံးစွဲပြီး ကြေးစား အားကစားသမားများ ခေါ်ယူ ယှဉ်ပြိုင် နေစဉ် တဖက်ကျန်အသင်းများတွင် မြို့နယ်အဆင့် ကျေရွာအဆင့်ရှိ လက်ရွေးစင် လူငယ်အားကစားသမားများကို ခေါ်ယူစုဖွဲ့ ယှဉ်ပြိုင်ကြရသည်။

ကြေးမြင့်ခေါ်ယူ ကစားထားသည့် ဆုကြေးစား အားကစားသမားများကိုလည်း အထောက် အပံ့ အပြည့်အစုံ ပံ့ပိုး ထားနိုင်သလို အချိန်ပြည့် လေ့ကျင့်ရေးဆင်းနိုင်ကြသောကြောင့် ၎င်းတို့အသင်းကို အနိုင်ယူနိုင်ရန်မှာ ကျန်အသင်းများအတွက် မဖြစ်နိုင်သလောက်ရှိသည်။

အချို့သော BGF ကြီးစိုးသည့် ကျေးရွာများ၊ အခြားကရင့်လက်နက်ကိုင် အဖွဲ့များ၊ ဗုဒ္ဓဘာသာ ဘုန်း တော်ကြီးများက ဦးဆောင်ဖွဲ့စည်းသည့် အသင်းများတွင်လည်း ကြေးစားကစားသမားတစ်ချို့ကို ခေါ်ယူပြီး ဝင်ရောက်ယှဉ်ပြိုင် ကစားကြသည်များလည်း ရှိသည်။

မည်သို့ပင်ဆိုစေကာမူ ပြိုင်ပွဲ၏ နောက်ဆုံးရလဒ်များတွင် ဗိုလ်မှူးကြီး စောချစ်သူ၏ သား၊သမီးများက ဦးဆောင်သည့် အသင်းများကသာ ကြီးစိုးထားနိုင်ပြီး ကိုယ့်ဆု ကိုယ်ပြန်ယူသည့် အခြေအနေမျိုး ဖြစ်နေသည်။

သိန်းထောင်ချီ ဆုကြေးသည် ဆင့်ပါးစပ်နှမ်းပက် အဆင့်သာရှိ
သိန်းတစ်ထောင်ကျော်ဆုကြေးသည် ဗိုလ်မှူးကြီး စောချစ်သူ မိသားစု၏ နှစ်စဉ်ဝင်ငွေနှင့် ယှဉ်လျှင် ဆင့်ပါးစပ် နှမ်းပက်သည့် ပမာဏသာရှိလိမ့်မည်ဖြစ်သည်။

၂၀၁၀ ပြည့်နှစ်မှစ၍ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF)အသွင်ဖြင့် ကူးပြောင်းလာသည့် နောက်ပိုင်း ဗိုလ်မှူးကြီး စောချစ်သူအနေဖြင့် နယ်စပ်စီးပွားရေး လုပ်ငန်းများတွင် အရေးပါသည့် လူပုဂ္ဂိုလ်ဖြစ်လာသလို လက်နက်ကိုင်တပ်ဖွဲ့အင်အားကိုလည်း အခိုင်အမာ ဖွဲ့စည်းထားနိုင်ခဲ့သည်။

ထို့အပြင် နယ်စပ် စီးပွားရေးလုပ်ငန်းများတွင်လည်း ရင်းနှီးမြှုပ်နှံမှုများစွာ ရှိသလို ၎င်းထိန်း ချုပ်နယ်မြေအတွင်း တရားမဝင် လောင်းကစားလုပ်ငန်းများကို အကြီးအကျယ် ဖွင့်လှစ်ခွင့်ပေးထားပြီး နောက်ဆက်တွဲ မူးယစ်ဆေး ရောင်းဝယ်မှုအချို့လည်းရှိသည်ဟု အဆိုပါ လောင်းကစားရုံများကို သွားရောက်ခဲ့ဖူးသူများက ပြောဆိုသည်။

ထင်ရှားသည့် ရင်နှီးမြှုပ်နှံမှုအနေဖြင့် ၎င်းထိန်းချုပ်ရာ ထိုင်း-မြန်မာ နယ်စပ် ရွှေကုက္ကိုလ်တွင် မြို့သစ် စီမံကိန်းအမည်ခံ၍ ပြည်ပတရုတ်နိုင်ငံသားများ လာရောက်ရင်းနှီးမြှုပ်နှံသည့် တရားမဝင် ကာစီနို လောင်းကစားရုံများ အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် အကာအကွယ်ပေးသည့်ဝန်ဆောင်မှုအပြင် ၎င်း၏ မိသားစုဝင်များက ရှယ်ယာ ထည့်ဝင်ရင်းနှီးမြှုပ်နှံများလည်း ရှိသည်။

၎င်းထိန်းချုပ်နယ်မြေအတွင်း ကြီးထွားလာသည့် ကာစီနို၊ အွန်လိုင်းငွေလိမ်လုပ်ငန်းများကို ကာကွယ်ပေး ခြင်းဖြင့် BGF သည် နှစ်စဉ်အမေရိကန်ဒေါ်လာ ၁၉၂ သန်း ရရှိနေသည်ဟု အမေရိကန်အခြေစိုက် United States Institute of Peace (USIP) ၏ ဧပြီလ ၂၂ ရက်နေ့ ရက်စွဲဖြင့် အစီရင်ခံစာထုတ်ပြန် ဖော်ထုတ်ခဲ့သေးသည်။

ဆုကြေးမြင့် ပြိုင်ပွဲဖြစ်သော်လည်း လူငယ်အချို့ ဝေဖန်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံအတွင်း အာဏာ သိမ်း ဆန္ဒပြဆန့်ကျင်မှုမှတဆင့် လက်နက်ကိုင်တော်လှန်သည့် အဆင့်ထိရောက်ရှိနေကာ အာဏာ သိမ်းပြီး ၃ နှစ်ကျော်ကာလအတွင်း လက်နက်ကိုင်တိုက်ပွဲများ နိုင်ငံအနှံ့ ပျံ့နှံ့ သွားခဲ့သည်။

ကရင်ပြည်နယ်တွင်လည်း စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်တော်လှန်ဆန့်ကျင်ရန် ပြည်မထဲရှိ လူငယ်အများအပြားရောက်ရှိလာပြီး ဒေသခံကရင်လက်နက်ကိုင် အဖွဲ့အချို့၏ စစ်ပညာ သင်ကြား ပေးမှုဖြင့် စစ်တပ်ကို လက်နက်ကိုင် ခုခံတော်လှန်နေပြီး မြို့ပေါ် တိုက်ပွဲများ ဖော်ဆောင်သည့်အထိ ဖြစ်လာခဲ့သည်။

လူငယ်အများအပြား ၎င်းကို ဆန့်ကျင်တိုက်ခိုက်လာသည့်အပေါ် စစ်ကောင်စီဘက်ကလည်း ရက် စက်သည့် နည်းလမ်းများအပါအဝင် နည်းမျိုးစုံဖြင့် ပြန်လည်ဖြိုခွဲမှုများ ပြုလုပ်ပြီး ၎င်းတို့ကို ဆန့်ကျင်လိုစိတ်မရှိစေရန် နည်းမျိုးစုံသုံးကာ ဖိနှိပ်နေသည့် အခြေအနေမျိုးရှိသည်။

ကရင်ပြည်နယ်တွင် ရာသီအလိုက် ဘောလုံးပွဲများ ပြုလုပ်ကျင်းပလေ့ရှိပြီး ပွင့်လင်းရာသီများတွင် အာဝါ ဒေး(Our Day)ခေါ် လောင်းကစားဝိုင်းများကို လနှင့်ချီ ပြုလုပ်လေ့ရှိသည်။ ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဖားအံမြို့ ပေါ်တွင်လည်း BGF အသိုင်းအဝိုင်းက ဖွင့်လှစ်ထားသည့် ည Bar နှင့် ကလပ်များတွင် လူငယ်များ ပျော်ပါးနေသည့် ရုပ်သံအပေါ် ဝေဖန်မှု မြင့်တက်ခဲ့သေးသည်။

အလားတူ လက်ရှိ ဗိုလ်မှူးကြီး စောချစ်သူ၏ သိန်းတစ်ထောင်ဆုကြေး ဘောလုံးပြိုင်ပွဲအပေါ် လူငယ်အချို့က ၎င်းတို့၏ ဆိုရှယ်မီဒီယာစာမျက်နှာများပေါ်တွင် ဝေဖန်ရေးသားမှုမျိုးစုံ ပြုလုပ်ခဲ့ကြသည်။

အဓိက အားဖြင့် တစ်ဖက်တွင် လူငယ်များ အာဏာသိမ်း စစ်ကောင်စီကို အသက်ပေးတော်လှန်နေသလို တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေကြရသူ သိန်းနှင့်ချီ ရှိနေစဉ်ကာလအတွင်း BGF က ယခုလို ငွေကြေး အမြောက်အများ သုံးစွဲ၍ ပျော်ပွဲ ရွှင်ပွဲ အလှူပွဲများ ပြုလုပ်နေခြင်း အပေါ် ဝေဖန်လိုကြခြင်းလည်းဖြစ်သည်။

အလားတူ ယခုလို ကြေးမြင့်ပြိုင်ပွဲမတိုင်ခင်ကလည်း မြန်မာနိုင်ငံတစ်ဝှမ်း သျှမ်းပြည်နယ်၊ ကရင်နီ ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း နှင့် နေပြည်တော် ကောင်စီ နယ်မြေ များတွင် မိုးကြီးရေလျှံမှုနှင့် မြေပြိုမှုကို ဆိုးဝါးစွာကြုံတွေ့ခဲ့ရပြီး လူဦးရေ (၆) သိန်းကျော် ရေဘေးသင့်ခဲ့သလို ရာနှင့်ချီ၍ သေဆုံးထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ရသည်။

ထို့အတွက် စစ်ဘေး နှင့် ရေဘေးနှစ်ခုစလုံးကို ခံစားနေရသည့် သိန်းနှင့်ချီသော မြန်မာပြည်သူ လူထုများ အတွက် အစားအသောက်နှင့် ပြန်လည်ထူထောင်ရေး အကူအညီများ လိုအပ်နေချိန် ယခုလို ငွေကြေး အမြောက်အများ သုံးစွဲပြီး ဘောလုံးပြိုင်ပွဲ ပြုလုပ်နေခြင်းအပေါ် ဝေဖန်ပြောဆိုကြသူများလည်းရှိသည်။

ယခု ပြိုင်ပွဲတွင်လည်း ကရင့်လက်နက်ကိုင် စည်းလုံးညီညွတ်ရေးကော်မတီအဖွဲ့ဝင်ဖြစ်သည့် ဒီမိုက ရေစီအကျိုးပြု ကရင်တပ်မတော်-DKBA၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(PC) နှင့် ကရင်အမျိုး သားအစည်းအရုံး-KNU(တပ်မဟာ-၇) စသည့်အဖွဲ့များလည်း ပူးပေါင်းပါဝင်ယှဉ်ပြိုင်ကြပြီး ဘောလုံးပွဲထက် စည်းရုံးရေးအသွင်မြင်တွေ့နိုင်သည်။