Home ဆောင်းပါး အလေးထားရမည့် ကော်သူးလေနယ်မြေ ရေဘေးပြန်လည်ထူထောင်ရေး

အလေးထားရမည့် ကော်သူးလေနယ်မြေ ရေဘေးပြန်လည်ထူထောင်ရေး

726
Photo: KNU & Social Media

အလေးထားရမည့် ကော်သူးလေနယ်မြေ ရေဘေးပြန်လည်ထူထောင်ရေး

ထူးကပေါ် (အောက်တိုဘာ ၆ ရက် ၊ ၂၀၂၄ ခုနှစ်)

၅၈ နှစ်အတွင်း အကြီးမားဆုံးရေဘေးကို ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ကော်သူးလေနယ်မြေ (ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေ)များတွင် ကြုံတွေ့ခဲ့ရသည်။

“အဲ့ဒီစစ်တောင်းမြစ်ကနေ မြစ်တစ်ခုပဲရှိတယ်။ ကျန်တဲ့နေရာက မြစ်လက်တက် အသေးလေး တွေပဲရှိတယ်။ အဲ့တာတောင်မှ ရေလျှံပြီးတော့ ပင်လယ်ကြီးပုံစံမျိုးပဲ။ စပါးခင်းတွေမှာ ဖြတ်သွားရတယ်” ဟုရေးဘေး ကယ်ဆယ်ရေးသွားရောက်ခဲ့သူ စအိုင်ထီခန့်က ရေကြီးမှုမျက်မြင် ကြုံခဲ့ရသည့် အခြေအနေကို ပြောပြသည်။

စက်တင်ဘာလ ဒုတိယပတ်အတွင်း ဗီယက်နမ်ကို တိုက်ခိုက်ခဲ့သည့် ရာဂီမုန်တိုင်းအရှိန်ကြောင့် မြန်မာ နိုင်ငံတွင် မိုးများ စွာရွာသွန်းခဲ့ပြီး ယခုလို ရေဘေးကြုံခဲ့ရခြင်းဖြစ်သည်။ ရေဘေးကြောင့် လူ ၃၆၀ ကျော်သေဆုံးကာ၊ ၁,၀၀၀ ဦးကျော် ပျောက်ဆုံနေဆဲ ဖြစ်ပြီး လူပေါင်း ၁ ဒသမ ၁ (၁.၁)သန်းကျော် ရေလွှမ်းဒဏ်ခံခဲ့ရသည်ဟု ကုလလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA)က စက်တင်ဘာလ ၂၆ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကော်သူးလေ စီမံအုပ်ချုပ်နယ်မြေ ခရိုင် ၇ ခုရှိ မြို့နယ် ၂၀ အတွင်း ကျေးရွာပေါင်း ၅၄၂ ရွာတွင် ရေဘေးကြုံခဲ့ရပြီး ရေဘေးသင့် ပြည်သူ စုစုပေါင်း ၃၈၀,၇၇၉ ဦး ရှိကာ အိမ်ခြေပေါင်း ၇၃,၀၀၀ ကျော်ထိရှိသည်ဟု စက်တင်ဘာ ၂၈ ရက်နေ့တွင် ကေအဲန်ယူက ကနဦးစုဆောင်းရရှိသည့် အချက်များကို ထုတ်ပြန်ထားသည်။

ကော်သူးလေ နယ်မြေ ရေဘေးဆိုးရွားစွာ ကြုံတွေ့ခဲ့သည့် ဒူးသထူ (သထုံ)၊ ခလယ်လွီထူ (ညောင် လေးပင်)၊ တောအူး (တောင်ငူ)နှင့် မူတြော် (ဖာပွန်) စသည့် ခရိုင်လေးခုတွင် ထိခိုက်ပျက်စီးမှု ကနဦး စာရင်းများအရ လူနေ အိမ် ၁,၇၁၀ လုံး၊ စာသင်ကျောင်းပေါင်း ၃၀၄ ကျောင်း၊ ဆေးကုသရေး အဆောက်အဦး ၁၄ လုံးတို့ တံတား ၅ စင်း၊ လမ်းမိုင် ၅၄ မိုင် ပျက်စီးသွားသည်။

ထို့အပြင် လယ်ဧကပေါင်း ၂၈,၀၇၁ ဧကနှင့် မွေးမြူထားသည့် တိရစ္ဆာန်ပေါင်း ၂,၆၃၀ ကောင်၊ ယာဉ်နှင့် စက်ပစ္စည်း ၃,၀၀၁ စီး၊ လှည်းစီးရေ ၂၃၀ တို့ရှိပြီး အဆိုပါ အချက်အလက်များသည် ကနဦး အချက်အလက်များ သာဖြစ်ပြီး ဆက်လက်၍ စာရင်းကောက်ယူနေဆဲ ဖြစ်သည်။

“ပြန်လည် ထူထောင်ရေးတွေ မလုပ်နိုင်သေးခင်မှာ လောလောလတ်လတ် လုပ်ရမဲ့ဟာက ဘာလဲဆိုတော့ အရေးပေါ်စားနပ်ရိက္ခာလိုအပ်မှုတွေ ကယ်ဆယ်ရေးလုပ်ငန်းတွေကတော့ ပထမ ဦးစားပေး လုပ်ရမဲ့ဟာကိုတော့ လုပ်နေတာတွေ ရှိနေပါတယ်” ဟု ကေအဲန်ယူ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောသည်။

ထိုသို့ ကနဦး စားနပ်ရိက္ခာလိုအပ်ချက်အတွက် လူမှုအဖွဲ့အစည်းများက သွားရောက် ကူညီ ကယ်ဆယ်ရေး လုပ်ဆောင်ရာတွင် စစ်ကောင်စီ၏ ဟန့်တားနှောင့်ယှက်မှုကို ကြုံတွေ့ရ သည့်အခြေအနေမျိုးရှိသည်ဟု မုန်းမြို့နယ် လူမှုကယ်ဆယ်ရေးကော်မတီက ထုတ်ပြန် ချက်ထုတ်ကာ ကန့်ကွက်ပြောဆိုရသည့် အခြေအခြေမျိုး ရှိခဲ့သည်။

ကော်သူးလေ နယ်မြေတွင် ရေဘေးဆိုးရွားစွာ ကြုံခဲ့ရသည့် ခလယ်လွီထူနှင့် တောအူး ခရိုင်တို့သည် စစ်ရေး ပဋိပက္ခကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ အများအပြားရှိသည့် ခရိုင်များ ဖြစ်ကာ ရေဘေးက ဒေသခံပြည်သူ တို့အတွက် ပူပင်သောက ထပ်တိုးသွားစေခဲ့သည်။

ယခုလို ရေဘေးကြောင့် အခြေခံအဆောက်အအုံများဖြစ်သည့် လမ်း၊ တံတား ပျက်စီးမှု၊ ကျောင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုစင်တာများ ပျက်စီးမှုများနှင့် လယ်ယာမြေ ဧကများစွာ ဆုံးရှုံးခြင်းနှင့် ကျွဲ၊ နွား၊ ဝက်စသည့် အိမ်မွေးတိရစ္ဆာန်များ ဆုံးရှုံးခြင်းတို့သည် ရေရှည်တွင် စားနပ်ရိက္ခာအတွက် ခြိမ်းခြောက်ခံနေရသည့် အခြေအနေမျိုး ဖြစ်သည်။

“ရေတွင်း ရေကန်တွေ မြှုပ်သွားတော့ သောက်ရေသန့်အတွက် အခက်အခဲရှိတယ်။ စားသောက်ရေး အဓိက အဆင်ပြေရင်ရပြီ” ဟု မုန်းမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့ ကူညီကယ်ဆယ်ရေးများနှင့် ပတ်သက်၍ ကေအဲန်ယူနယ်မြေအတွင်း ထိရောက်မှုရှိစေရန် အဖွဲ့အစည်း အသီးသီးတို့ အနေဖြင့် ကေအဲန်ယူနှင့် တိုက်ရိုက် ချိတ်ဆက်ဆောင်ရွက်ရန် ပဒိုစောတောနီးက တိုက်တွန်း ပြောဆိုသည်။

၎င်းက “အထူးသဖြင့် ဒီလုပ်ငန်းကို ကျွမ်းကျွမ်းကျင်ကျင်လုပ်နိုင်တဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကလည်း ကျနော်တို့နဲ့ နီးနီးကပ်ကပ်ရှိတဲ့အခါကျတော့ ကျနော်တို့ အများကြီးလမ်းညွှန်လို့ ရတယ်။ နယ်စပ်ဖြတ် ကျော်ပြီးတော့ ကူညီမယ်ဆိုရင် ဒါပိုပြီးတော့ ထိရောက်မှု ရှိတယ်။ စစ်ကောင်စီနဲ့ သွားစရာမလိုဘူး” ဟု ပြောသည်။

ယခုလို ရေဘေးကြုံတွေ့ခဲ့ရသူများကို ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ (WFP) က တစ်လစာ ရိက္ခာ ထောက်ပံ့သွားမည် ဖြစ်ပြီး ထိုသို့ ထောက်ပံ့ရာတွင် မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်မည်မဟုတ်ဘဲ ဒေသခံအဖွဲ့အစည်းများ၊ ရပ်ရွာလူထုလူမှု အသိုင်းအဝိုင်းများဖြင့်သာ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဥ် မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Paolo Mattei က ကေအိုင်စီသို့ ပြောဆိုထားသည်။

လက်ရှိ ရေဘေးကြုံခဲ့ရသည့် တစ်လအတွင်း အရေးပေါ်ကယ်ဆယ်ကူညီရေးအပိုင်းကိုသာ အလေးပေး လုပ်ဆောင်နေကြရပြီး ရေဘေးသင့်ဒေသများ နဂိုမူလအခြေအနေသို့ ပြန်ရောက်ရန် အချိန်ယူ ဆက်လုပ်ဆောင်သွားရန် လိုသည်။ ထို့အတွက် ပြန်လည်ထူထောင်ရေး အထောက်အကူ ပြုမည့် စာရင်းအချက်အလက်များ၊ မြေပြင် လိုအပ်ချက်များကို ပြန်လည် သုံးသပ် လုပ်ဆောင်သွားရမည့် အခြေအနေတွင် ရှိသည်ဟု ကျွမ်းကျင်သူတို့က သုံးသပ်ပြောသည်။

“ပြန်လည်ထူထောင်ရေးနဲ့ ပတ်သက်ပြီးတော့ နှစ်တွေ ကြာဦးမယ်။ အနည်းဆုံး သုံး၊ လေး နှစ်လောက် လုပ်ရဦး မယ်။ ဒါကတော့ လိုအပ်တဲ့ဟာပေါ့နော် စာရင်းပြုစုရ မယ်ဟာတွေ။ လိုအပ်မှု need Assistant ပြန်သုံးသပ်ရမဲ့ အချက်အလက်တွေ အဲ့တာတွေက လုပ်ရဦးမှာ” ဟု ပဒိုစောတောနီးက ပြောသည်။

ကမ္ဘာ့စားနပ် ရိက္ခာအဖွဲ့ကမူ ရေဘေးသက်ရောက်ခဲ့သည့် ဒေသများတွင် သီးနှံစိုက်ပျိုးရေး၊ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းနှင့် စားနပ်ရိက္ခာ အခြေအနေများကို အကဲဖြတ်လေ့လာနေသည်ဟု ထုတ်ပြန်ပြောဆိုသည်။

“ပြန်လည်ထူထောင်ရေးမှာ ရေတွင်းတွေ ရေစုပ်တာတို့ ဆေးခပ်တာတို့၊ နောက်ပြီးတော့မှ အိမ်ပြိုပျက်သွားတဲ့ အိမ်လေးတွေ ပြန်ဆောက်ကူတာတို့ ဒီလောက်ဆိုရင်တော့ အခြေအနေ အကဲခတ်မိပြီးထင်တယ်” ဟု လူမှုကယ်ဆယ်ရေး လုပ်ဆောင်ခဲ့သူ စအိုင်ထီခန့်က မှတ်ချက်ပြုသည်။

ယခုလို ကော်သူးလေနယ်မြေတွင် ၅၈ နှစ်အတွင်း အဆိုးရွားဆုံးရေးဘေးကြုံခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ သည့်အပေါ် ရေတိုကူညီကယ်ဆယ်ရေးအပိုင်း လုပ်ကိုင်ပေးခြင်းအပြင် ရေရှည်ပြန်လည် ထူထောင်ရေးကဏ္ဍတွင် ဆက်လုပ်ဆောင်သွားရမည် ဖြစ်သည်။