Home သတင်း ပဋိပက္ခကြားက ဆရာ၊ဆရာမများ၏အနစ်နာခံမှုအပေါ် လေးစားဂုဏ်ယူကြောင်း KECD ထုတ်ပြန်

ပဋိပက္ခကြားက ဆရာ၊ဆရာမများ၏အနစ်နာခံမှုအပေါ် လေးစားဂုဏ်ယူကြောင်း KECD ထုတ်ပြန်

682
Photo: KECD

အောက်တိုဘာ ၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံ၏ လက်နက်ကိုင် ပဋိပက္ခကြားအတွင်း ရပ်တည်ချက်မပြောင်းလဲဘဲ ပညာဆက် လက်သင်ကြားပေးနေသည့် ကော်သူးလေဆရာ၊ ဆရာများ၏ စွန့်လွှတ်အနစ်နာခံမှုများအပေါ် လေးစားဂုဏ်ယူကြောင်း ယနေ့ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ (World’s Teacher Day) တွင် ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန-KECDက ဂုဏ်ပြန်ထုတ်ပြန်ထားသည်။

ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်ရာနယ်မြေရှိ ကျောင်းဆရာ၊ဆရာမ များသည် တိုက်ပွဲ များအကြား နှင့် တောတောင်ထဲတွင် ကျောင်းသူကျောင်းသားများကို ခက်ခက်ခဲခဲ ဆက်လက် ပညာသင် ကြားပေးနေသည့် ၎င်းတို့၏ခံယူရပ်တည်ချက်ကြောင့်ပင် ပညာရေးဆက်လက်တည်တံ့ရန်နှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုအတွက် များစွာအကျိုးဖြစ်ထွန်းစေကြောင်း KECD ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KECD ဌာနမှူး ပဒိုစောလောအယ်မူးက “ကျနော်တို့ ဆရာ၊ဆရာမတွေကို အားပေးတိုက်တွန်းချင်တာက အခု လက်ရှိလုပ်နေတဲ့ လုပ်ငန်းရဲ့ လက်တွေ့အကျိုးအသီးအပွင့်တွေကို မျက်မြင်ကိုယ်တွေ့ မခံစား ရပေမဲ့လည်း ဒီအလုပ်တွေက ကျနော်တို့ လူမျိုးရဲ့ ကိုယ့်ကံကြမ္မာကိုဖန်တီးဖို့ နဲ့ ကျနော်တို့ ကရင်လူ မျိုးတွေ နှစ်ပေါင်း ၇၀ ကျော်ကြာကတည်းက ရည်ရွယ်အိပ်မက်ခဲ့တဲ့ ကော်သူးလေပြည်ကြီး တည်ထောင်ဖို့အတွက်က အင်မတန်မှ အရေးကြီးဆုံးပါပဲ” ဟု KECD လူမှုကွန်ရက်စာမျက်နှာမှတဆင့် တိုက်တွန်း ပြောဆိုခဲ့သည်။

ထို့အပြင် တိုင်းပြည်တစ်ပြည် ထူထောင်နိုင်ရန် နှင့် ခိုင်မာပြီးပြည့်စုံပြီး ဖွံ့ဖြိုးတိုးတက်သည့် တိုင်းပြည် တစ်ခု အနေဖြင့် ဆက်လက်ရပ်တည်နိုင်ရန်မှာ ပညာရေးသည် အဓိက အခြေခံအကျဆုံးဖြစ်ပြီး ကရင် လူမျိုးများ၏ ပညာရေးမျိုးဆက်မပြတ်စေရန် ကျောင်းဆရာ၊ဆရာမ များအနေဖြင့် အရေးကြီး သည့် အခန်းကဏ္ဍတွင် ရှိနေကြောင်းလည်း ပဒိုစောလာအယ်မူးက ဆက်လက်တိုက်တွန်း ပြော ဆိုထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် KNU ထိန်းချုပ်နယ်မြေအတွင်း လက်နက်ကိုင် တိုက်ပွဲများ တကျော့ ပြန် ပြန်လည် ပြင်းထန်လာပြီး နှစ်ဖက်တိုက်ပွဲများတွင် စစ်ကောင်စီ၏ လက်နက်ကြီး နှင့်လေကြောင်း တိုက်ခိုက်မှုများကြောင့် စာသင်ကျောင်းဆောင်အများအပြား ထိခိုက်ပျက်စီးခဲ့ပြီး ကျောင်းအများစုကို တောတောင်ထဲတွင် ရွှေ့ပြောင်း သင်ကြားခဲ့ရသည်။

Photo: KECD

ထို့အပြင် စစ်ကောင်စီ၏ စာသင်ကျောင်းများအပေါ် ပစ်မှတ်ထားတိုက် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ကျောင်းသူ၊ ကျောင်းသားများနှင့် ကျောင်းဆရာ၊ဆရာမများ ထိခိုက်သေဆုံးခဲ့ရသည့် ဖြစ်စဉ်များလည်းရှိပြီး တိုက်ပွဲများ ကြောင့် ရပ်နားလိုက်ရသည့် ကျောင်းများလည်းရှိသည်။

KECD ပညာရေး ဌာနလက်အောက်တွင် ပညာသင်ကြားနေသည့် ကျောင်းဆရာ၊ ဆရာများအနေဖြင့် လစာဝင်ငွေဟူ၍ မရရှိကြဘဲ တစ်နှစ်ပတ်လုံးသင်ကြားမှုအတွက် ထောက်ပံ့စရိတ်အနည်းငယ်သာ ရရှိကြသည်။ ထို့အပြင် သင်ထောက်ကူ ပစ္စည်းအလုံအလောက်ဖြင့် သင်ကြားရသည့် အခြေ အနေမျိုးမဟုတ်သလို အသက်ဘေးအန္တရာယ်ကြားကပင် စာသင်ကြားကြရသည်။

၎င်းအပြင် စစ်တပ်အာဏာသိမ်းမှုကြောင့် ယခင် အစိုးရကျောင်းများမှ KECD လက်အောက်ခံ ကျောင်း များအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်သည့် ကျောင်းများရှိသလို အစိုးရကျောင်းများမှ KECD ကျောင်းများသို့ ပြောင်းရွှေ့လာသည့် ကျောင်းသားဦးရေလည်းတိုးလာသည့်အတွက် သင်ထောက်ကူပစ္စည်းများလည်း နှစ်စဉ်လိုအပ်လျက်ရှိကြောင်း သိရသည်။

ယခုနှစ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် KECD စီမံအုပ်ချုပ်မှုအောက်ရှိ စာသင်ကျောင်းပေါင်း (၁,၆၆၇) ကျောင်းတွင် ကျောင်းသူ၊ ကျောင်းသားဦးရေ (၁၄၅,၂၃၃) ပညာသင်ယူနေပြီး ကျောင်းဆရာ၊ဆရာမ (၁၁,၂၃၁)ဦးဖြင့် ပညာသင်ကြားပေးလျက်ရှိသည်ဟု KECD ၏ စာရင်းအရ သိရသည်။

ယနေ့ ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ကိုလည်း ကော်သူးလေကျောင်းအချို့အပါအဝင် ထိုင်း-မြန်မာ နယ်စပ်ရှိ ကျောင်းအချို့တွင် အခမ်းအနားများ ပြုလုပ်ကျင်းပပြုလုပ်ခဲ့ကြသည်။ ကုလသမဂ္ဂယူနက်စကိုအဖွဲ့ကြီးမှကြီးမှူးကာ ၁၉၉၄ ခုနှစ်မှ စတင်၍ နှစ်စဉ်နှစ်တိုင်း အောက်တိုဘာလ ၅ ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့ အဖြစ် သတ်မှတ်ပြီး ကမ္ဘာတစ်ဝှမ်းကျင်းပလာခဲ့ခြင်းဖြစ်သည်။