Home သတင်း လက်နက်ကြီး ပစ်ခတ်ခံရသည့် ဖလူးကြီးစာသင်ကျောင်း ပြန်ဖွင့်နိုင်ရန် မသေချာသေး

လက်နက်ကြီး ပစ်ခတ်ခံရသည့် ဖလူးကြီးစာသင်ကျောင်း ပြန်ဖွင့်နိုင်ရန် မသေချာသေး

708
Photo: CIDKP

အောက်တိုဘာ ၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မြဝတီမြို့တောင်ပိုင်း၊ လေးကေ့ကော်မြို့အနီးရှိ စစ်ကောင်စီ၏ အမြောက်ကုန်း (စွယ်တော်ကုန်း)မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လက်နက်ကြီး ထိမှန်ခဲ့သည့် ဖလူးကြီးကျေးရွာ စာသင်ကျောင်းကို ယာယီပိတ်ထားရပြီး ပြန်ဖွင့်နိုင်ရန် မသေချာသေးကြောင်း ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက်နေ့တွင် စစ်ကောင်စီ၏ လေးကေ့ကော် အမြောက်ကုန်း(ဒေသအခေါ် စွယ်တော်ကုန်း)မှ (၁၂၀ မမ) လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဖလူးကြီး ကျေးရွာရှိ စာသင်ကျောင်းပေါ်သို့ လက်နက်ကြီး ကျည် ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းအဆောက်အဦးများ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ ပစ်ခတ်မှုကြောင့် လက်နက်ကြီး ထိမှန်ခဲ့သည့် စာသင်ကျောင်းကို ပြန်ဖွင့်ရန် မသေချာသေးဘဲ လက်ရှိ တိုက်ပွဲအခြေအနေ ပေါ်မူတည်နေပြီး ဆက်လက်စောင့်ကြည့် ရအုံးမည်ဖြစ်ကြောင်း ဖလူးကြီးကျေးရွာ ၏ အုပ်ချုပ်ရေး တာဝန်ရှိသူတစ်ဦးက ယခုလိုပြောသည်။

“ကျောင်းသူကျောင်းသားတွေအတွက် ကျောင်းဘယ်နှစ်ရက်ပိတ်မလဲဆိုတာတော့ သေချာမပြောတတ်သေးဘူး။ လောလောဆယ် အခြေအနေကိုတော့ စောင့်ကြည့်နေဆဲပဲပေါ့” ဟု ကေအိုင်စီသို့ပြောသည်။

လက်နက်ကြီး ပစ်ခတ်မှုအပြီး လတ်တလောတွင် ပစ်ခတ်မှု အနည်းငယ် ငြိမ်သက်နေသော်လည်း စိတ်ချရ သည့်အခြေအနေမဖြစ်သေးကြောင်း ဒေသခံ များကပြောသည်။

Photo: CIDKP

ဖလူးကြီး စာသင်ကျောင်းသည် ယခင်အာဏာသိမ်းမှု မတိုင်ခင်က အစိုးရကျောင်းအနေဖြင့် မူလွန်အဆင့်ဖွင့် ထားရာမှ လက်ရှိတွင် မူလတန်းအထိသာ ဖွင့်လှစ်ထားနိုင်ပြီး ကျောင်းသူ၊ ကျောင်းသား ၁၈၄ ဦး ပညာ သင်ယူနေကြောင်းသိရသည်။

ထို့အပြင် လက်နက်ကြီး ပစ်ခတ်ခံရမှု မတိုင်ခင် ကျောင်းသူ၊ ကျောင်းသားများကို ဆရာမများက နေအိမ် ပြန်လွတ်ပေးလိုက်ခြင်းကြောင့် ကျောင်းသူ၊ ကျောင်းသား ထိခိုက်မှုမဖြစ်ပေါ်ခဲ့ဘဲ အနီးအနားရှိ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်-DKBA တပ်ဖွဲ့ဝင် တစ်ဦးသာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အလားတူ ထိုဖလူးကြီးစာသင်ကျောင်းအနီးရှိ မူကြိုကျောင်းကိုလည်း ပိတ်ထားရပြီး ဒေသခံအချို့မှာ ဘေးလွတ် ရာ စိုက်ပျိုးရေးခြံများ၊ နီးစပ်ရာစစ်ရှောင်စခန်းများသို့ ယာယီထွက် ပြေးတိမ်းရှောင်နေကြရသည်။

“ကျောင်းကလည်းပြိုတယ်။ မှန်ကွဲမှန်စတွေနဲ့ သွပ်မိုးတွေလည်းလှန်တယ်ဆိုတော့ မိုးရွာရင် ဘယ်လိုလုပ် ကျောင်းသားတွေစာသင်မလဲ။ သေချာတာက၂ ရက်၃ရက်ပိတ်မယ်လို့ လူကြီးတွေ ကျောင်းကော်မတီ တွေက ခန့်မှန်းကြတာပေါ့” ဟု ဖလူးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

Photo: CIDKP

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေအရ လက်နက်ကိုင် ပဋိပက္ခအတွင်း ပညာရေးအား အကာအကွယ်ပေးခြင်းနှင့်ပတ်သက်၍ ကျောင်းများ နှင့် တက္ကသိုလ်များအား မတိုက်ခိုက်ရ၊ ကျောင်းများ နှင့် တက္ကသိုလ်များသည် အရပ်ဖက်ဆိုင်ရာ အဆောက်အအုံများဖြစ်သောကြောင့် တိုက်ခိုက်ခြင်းမှ ကာကွယ်ပေးရမည်ဟု ဖော်ပြထားသည်။

ဖလူးကြီး စာသင်ကျောင်းကို လက်နက်ကြီး ပစ်ခတ်ခဲ့သည့် အမြောက်ကုန်းစခန်းသည် လေးကေ့ကော်မြို့အနီးရှိ စစ်ကောင်စီ၏ နောက်ဆုံးကျန်ရှိသည့် စခန်းတစ်ခုဖြစ်ပြီး တော်လှန်ရေးတပ်များ၏ ထိုးစစ်ကို လေကြောင်း ဖြင့်လည်း အပြင်းအထန်ခုခံနေပြီး လက်နက်ကြီးပစ်ခတ်မှုကို ပိုမိုလုပ်ဆောင်လာနေသည်။

၎င်း စစ်ကောင်စီ အမြောက်ကုန်း(စွယ်တော်ကုန်း)စခန်းကို ၂၀၀၃ ကတည်းက လာရောက် အခြေချ တပ်စွဲလာခဲ့ ခြင်းဖြစ်သည်။ လက်ရှိတွင် တပ်မ ၄၄ လက်အောက်ခံ ခြေလျင်တပ်ရင်း (ခလရ- ၂၇၅) အပါအဝင် ခြေမြန်တပ်ရင်း (ခမရ-၈)၊ (ခမရ-၁၈၈)နှင့် (ခမရ-၁၀၂) တို့ ပူးပေါင်းအခြေချတပ်စွဲနေထိုင်လျက်ရှိသည်ဟု စစ်ရေးသတင်း အရင်းအမြစ်များအရ သိရသည်။

အဆိုပါ စစ်ကောင်စီပူးပေါင်းတပ်ရင်းမှ တပ်ဖွဲ့အင်အား ၁၀၇ ဦးရှိသည်ဟု ယခင်စာရင်းအရ ဖော်ပြထား သော်လည်း လက်ရှိ အချိန်တွင် ထိခိုက်သေဆုံးမှုများပြား၍ အင်အား ၇၀ အောက်သာ ကျန်ရှိသည်ဟု တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ခန့်မှန်းပြောဆိုသည်။