အောက်တိုဘာ ၂၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးကို ဗုံးဖြင့်တိုက်ခိုက်သူကို ဖမ်းဆီးအရေးယူရန် မြန်မာနိုင်ငံသို့ ပြောဆိုထား သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Lin Jian တိုက်တွန်းကြောင်း မြန်မာနိုင်ငံဆိုင် ရာ တရုတ်သံရုံးက အောက်တိုဘာ ၂၁ ရက်နေ့ ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။
အဆိုပါ တရုတ်ကောင်စစ်ဝန်ရုံးကို အောက်တိုဘာ ၁၈ ရက်နေ့၊ နံနက် ၅ နာရီဝန်းကျင်ခန့်တွင် ကောင်စစ်ဝန် ချုပ်ရုံး လမ်းမဘက်ခြမ်းရှိ ရုံးအဆောင်တစ်ခု ဖောက်ခွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုတွင် လူထိခိုက်သေဆုံးမှုမရှိသော်လည်း ရုံးဆောင်တစ်ချို့တဝက် ပျက်စီးသွားပြီး ယခုလို တိုက်ခိုက်ခံရမှုကို အလွန်တုန်လှုပ်ကာ ပြင်းထန်စွာရှုတ်ချကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
“မြန်မာဘက်က တိုက်ခိုက်မှုကိစ္စရပ်ကို သေချာစုံစမ်းစစ်ဆေး၍ လုပ်ဆောင်သူကို အစွမ်းကုန်ကြိုးပမ်းဖမ်းဆီးကာ တရားဥပဒေနှင့်အညီ ပြင်းထန်စွာပြစ်ဒဏ်ပေးရန် တိုက်တွန်းထားပြီးဖြစ်သည်။ အလားတူကိစ္စများ ထပ်မံမဖြစ် ပွား စေရန် မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများ၊ အဖွဲ့အစည်းများ၊ စီမံကိန်းများနှင့် ဝန်ထမ်း များ၏ လုံခြုံရေးအပေါ် ဘက်စုံမြှင့်တင်လုပ်ဆောင်ရန် တိုက်တွန်းထားပါသည်” ဟု ၎င်းက ပြောသည်။
ယခုဖြစ်စဉ်အပေါ် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအတွင်းရှိ တရုတ်ဝန်ထမ်းများနှင့် အဖွဲ့အစည်များ၏ လုံခြုံရေး အဓိကတာဝန်ကို လက်တွေ့ကျကျတာဝန်ယူ သွားမည်ဖြစ်သည်ဟု ပြောဆိုထားသလို တရုတ်နိုင်ငံသား၊ ကုမ္ပဏီ များနှင့် အဖွဲ့အစည်းများက ဒေသတွင်းလုံခြုံရေးအခြေအနေကို ဆက်လက်ဂရုပြုကြ၍ လုံခြုံရေးအစီအမံများ မြှင့်တင်လုပ်ဆောင်ကာ ဘေးကင်းလုံခြုံရေးအတွက် ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ထားရန် တိုက်တွန်း ထားသည်ဟု တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ယခုလို တရုတ်ကောင်စစ်ဝန်ရုံး ဗုံးပစ်တိုက်ခိုက်ခံရမှုအပေါ် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေး ပျက်ပြားစေမည့် အကြမ်းဖက်လုပ်ရပ်များ၊ အကာအကွယ်ပေးရမည့် သံတမန်ဆိုင်ရာ အဆောက်အအုံအား တိုက်ခိုက်သည့် လုပ်ရပ်များကို အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ နိုင်ခြားရေးဝန်ကြီးဌာနက ကန့်ကွက်ရှုတ်ချသည်ဟု အောက်တိုဘာ ၁၉ ရက်နေ့တွင် ထုတ်ပြန်ပြောသည်။
ထို့အပြင် အကြမ်းဖက်စစ်အုပ်စုသည် အမျိုးသားရေးလှုပ်ရှားမှု အမည်ခံ၍ တရုတ်ဆန့်ကျင်ရေး ဆန္ဒ ပြပွဲများ၊ ဆန့်ကျင်လှုပ်ရှားမှုများ ဆောင်ရွက်နေသကဲ့သို့ တချိန်တခါက တရုတ်-မြန်မာပဋိပက္ခ ဖြစ်ပွားစေခဲ့သည့် လက်သည်တရားခံဖြစ်ကြောင်းကိုလည်း ထပ်လောင်းသတိပေးလိုပါသည်ဟု NUG ထုတ်ပြန်ချက်တွင်ဖော်ပြ ထားသည်။
၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက် ယခုလို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၊ တရုတ်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှုသည် ပထမဦးဆုံး အကြိမ်ဖြစ်သည်။ ထို့အပြင် စစ်ကောင်စီက လိုအပ်သည့် လုံခြုံရေး အစီအမံများ ပြုလုပ်ထားပြီး ဖြစ်သည်ဟု တရုတ်သံရုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



















