အောက်တိုဘာလ ၂၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့ရှိ လေကြောင်းတိုက်ခိုက်များ ပြုလုပ်နေသော စစ်ကောင် စီ၏ တောင်ငူလေတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ရှော့တိုက်ဒုံးသုံးလုံးဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၄)ဦး သေဆုံးပြီး (၈) ဦး ဒဏ်ရာရရှိခဲ့သည်ဟု Brave Warriors for Myanmar-BWMမှ တာဝန်ရှိသူက ကေအိုင်စီသို့ ပြောသည်။
အောက်တိုဘာ ၂၀ ရက်နေ့ ည (၈) ခွဲဝန်းကျင်တွင် BWM အဖွဲ့က တောင်ငူလေတပ်စခန်းအတွင်းသို့ (၁၀၇) မမ ရှော့တိုက်ဒုံး (၃)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အောင်မြင်စွာပစ်ခတ်နိုင်ခဲ့သည့် ရှော့ တိုက်ဒုံး(၂)လုံးအနက် တစ်လုံးမှာ မော်တော်ယာဉ်ထားရှိသည့် ဂိုဒေါင်ပေါ် ကျရောက်ကာ အခြားတစ်လုံးမှာ လေယာဉ်ဂိုဒေါင်ပေါ်သို့ ကျရောက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် (၄)ဦး သေဆုံးခဲ့ပြီး (၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို လေယာဥ်ဂိုဒေါင်သို့ ရှော့တိုက်ဒုံးတစ်လုံး ကျရောက်ပေါက်ကွဲမှုကြောင့် စစ်ကောင်စီ၏ Y-12 အမျိုးအစားလေယာဥ်တစ်စီးလည်း ပျက်စီးခဲ့ကြောင်း BWM အဖွဲ့၏တာဝန်ရှိသူက ပြောသည်။
“စစ်ဆင်ရေးကတော့ အတော်လေေးအချိန်ယူပြီး ခက်ခက်ခဲခဲလုပ်ဆောင်ခဲ့ရပါတယ်။ အခုလို ခက်ခဲတဲ့ မစ်ရှင်တွေကို လုပ်ဆောင်နိုင်တဲ့အပေါ် မြေပြင်မဟာမိတ်အဖွဲ့တွေအားလုံးကို ကျေးဇူးတင်တယ်။ ပစ်ပြီးပြီးချင်း ရှော့ဒုံးကိုဘယ်နေရာကပစ်လဲဆိုတာ သူတို့မသိတော့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်း ပြန်ပစ်တယ်။ စစ်ကားငါးစီးရောက်လာပြီး ရှော့ဒုံးပစ်တယ်လို့ သူတို့ ထင်တဲ့နေရာ တဝိုက်တွေကို ပတ်ရှာတယ်။” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လေတပ်အတွင်းသို့ အရေးပေါ်လူနာတင်ယာဥ် (၃)စီး ရောက်ရှိ လာပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင် လေတပ်အရာရှိ (၂) ဦး၊ တပ်သား (၆) ဦး နှင့် သေဆုံးတပ်သား (၄)ဦးတို့ကို သယ်ဆောင်သွားခဲ့ကြောင်း စုံစမ်းသိရှိရသည်ဟု BWM အဖွဲ့က ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါပစ်ခတ်မှုကို BWM ဦးဆောင်မှုနှင့်အတူ NSA 31 မြို့ပြပြောက်ကျားအဖွဲ့နှင့် စစ်တောင်းမြစ်ဝှမ်း ရေတာရှည်ပူးပေါင်းစစ်ဆင်ရေးအဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ကရင်ပြည်နယ်၊ ကရင် နီပြည်နှင့် ရှမ်းတောင်ရှိ တော်လှန်ရေးအင်အားစုများကို တိုက်ခိုက်ရာတွင် စစ်ကောင်စီက အဓိက အားထားသည် စခန်းတစ်ခုဖြစ်သောကြောင့်လည်း လုပ်ဆောင်ရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် အသိပေးထားသည်။
တော်လှန်ရေးအင်အားစုများအနေဖြင့်လည်း လေကြောင်းတိုက်ခိုက်မှုဖြင့် ပြည်သူအသက်အိုးအိမ်ကို ထိခိုက်ပျက်စီးစေသည့် စစ်ကောင်စီ၏လေတပ်ကိုနှိမ်နင်းရန် BWM က တိုက်တွန်းထားသည်။
BWM အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ စစ်ကောင်စီ၏တောင်ငူလေတပ်စခန်းအပါအဝင် ဌာနချုပ်အချို့ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှုအကြိမ်ကြိမ်ရှိခဲ့သလို ယမန်နေ့ စစ်ဆင်ရေးမှာလည်း ၂၄ ကြိမ်မြောက် ပြုလုပ်သည့်စစ်ဆင်ရေးဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ(၅)ရက်နေ့ကလည်း ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ တောင်ငူမြို့ အခြေစိုက် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်(တပခ)ကို တော်လှန်ရေးအင်အားစုများမှ ပထမဆုံးအကြိမ် အဖြစ် ရှော့တိုက်ဒုံး(၅)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ဖူးသည်။



















