Home သတင်း ဖာပွန်မြို့ပေါ် ဗုံးကြဲခံရမှု ကလေး ၆ ဦး မိခင်သေဆုံးခဲ့

ဖာပွန်မြို့ပေါ် ဗုံးကြဲခံရမှု ကလေး ၆ ဦး မိခင်သေဆုံးခဲ့

648
Photo: KNU

အောက်တိုဘာ ၄ရက်၊ ၂၀၂၄ ။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဖာပွန်မြို့ပေါ်သို့ စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် အောက်တိုဘာ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ချိန်တွင် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ကလေး ၆ ဦး၏ မိခင်ဖြစ်သူ အရပ်သား တစ်ဦး သေဆုံးသွားသည်ဟု ယနေ့ ကေအဲန်ယူ-ဗဟိုက သတင်းထုတ်ပြန် ပြောသည်။

အဆိုပါ ဖာပွန်မြို့ပေါ်သို့ စစ်ကောင်စီက ဂျက်တိုက်လေယာဉ် နှစ်စီးဖြင့် ဗုံးသီး ၁၀ လုံးကြဲချ တိုက်ခိုက်ခဲ့ပြီး မြို့ပေါ် အမှတ် ၁ နှင့် အမှတ် ၂ ရက်ကွက်များအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။ ဖြစ်စဉ်တွင် တောထဲတွင် ဟင်းသီးဟင်းရွက်သွားရောက်ရှာဖွေနေသူ ရပ်ကွက် ၃ နေ ကလေးငယ် ၆ ဦး ၏ မိခင် နော်ဟဲခူ အသက် ၅၀ နှစ်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဗုံးစထိမှန်သေဆုံးခဲ့ခြင်း ဖြစ်သည်။

ဖာပွန်မြို့ အပါအဝင် ယခု ရက်ပိုင်းအတွင်း စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင် တပ်များထံ ၎င်းတို့ လက်လွတ် လိုက်ရသည့် မြို့များ အပေါ် လေကြောင်းမှ ဗုံးကြဲမှုများ ဆက်တိုက်ပြုလုပ်လျက် ရှိသည်။

ထို့အပြင် ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ဖာပွန်မြို့နယ်အတွင်းရှိ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်ကောင်စီတပ်သားများ ကင်းချိန်းပြီး ပြန်လာသည့်အချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် -KNLA တပ်ခွဲ-၁ က ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် စစ်ကောင်စီ တပ်ရင်း မှူး တစ်ဦးနှင့် တစ်ခွဲမှူး၂ ဦးနှင့် စစ်ကောင်စီတပ်သား ၃၀ ဦးသေဆုံးသွားသည်။

ဖာပွန်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်များကြား မကြာခဏ တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။ စက်တင်ဘာလတစ်လအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းနှင့် လက်နက်ကြီး ၉၉ လုံး ရမ်းသမ်းပစ်ခတ်မှုများကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မူတြော်ခရိုင်က သတင်းထုတ်ပြန် ထားသည်။