Home သတင်း ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆု ၂၀၂၄ ခုနှစ်အတွက် အဆိုတင်သွင်းနိုင်ပြီ

ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆု ၂၀၂၄ ခုနှစ်အတွက် အဆိုတင်သွင်းနိုင်ပြီ

523

အောက်တိုဘာ ၁၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကွယ်လွန်သူ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆု ၂၀၂၄ ခုနှစ်အတွက် အဆိုပြုလွှာများ စတင်ပေးပို့နိုင်ပြီးဟု ဖန်းဖောင်ဒေးရှင်းက အောက်တိုဘာ ၁၆ ရက်နေ့တွင် ထုတ်ပြန် ဖိတ်ခေါ်လိုက်သည်။

အများပြည်သူအတွက် နယ်ပယ်စုံတွင် ကိုယ်ကျိုးစွန့် လုပ်ဆောင်နေသည့် ကရင်လူငယ်တို့ကို ဖန်းဖောင်ဒေးရှင်း က ယခုလို နှစ်စဉ်ရွေးချယ် ဆုချီးမြှင့်ခဲ့သည်မှာ ယခုနှစ်တွင် ၁၅ ကြိမ်ထိ ရှိလာပြီးဖြစ်သည်။ ထို့အတွက် ယခု ၂၀၂၄ ခုနှစ်အတွက် ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆု ချီးမြှင့်နိုင်ရန် အဆိုတင်သွင်းနိုင်ပြီး ဖြစ်သည်ဟု ဖောင်ဒေးရှင်းထံမှ သိရသည်။

အဆိုပါဆုအတွက် နယ်ပယ်စုံတွင် ကိုယ်ကျိုးစွန့်ပြီး အများပြည်သူအတွက် လုပ်ဆောင်နေသည့် အသက် ၃၅ နှစ် အောက် မည်သည့် ကရင်လူငယ်ကိုမဆို တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်း တစ်ခုခုမှသော်လည်းကောင်း အဆိုပြုတင်သွင်းနိုင်သည်ဟု ဖန်းဖောင်ဒေးရှင်းထံမှ သိရသည်။

လက်ရှိ စစ်ကောင်စီ၏ အဆက်မပျက် တိုက်ခိုက်မှုများ၊ ဆိုးရွားလာသည့် ရာသီဥတုပြောင်းလဲမှုများကြောင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကြပ်အတည်း စသည်တို့ကို ပြည်သူများ အခက်အခဲများစွာဖြင့် ရင်ဆိုင် ကျော်ဖြတ်နေရသည်ကိုတွေ့ရကြောင်း၊ ယခုလိုအခြေအနေမျိုးတွင် လူငယ်ခေါင်းဆောင်များကြိုးစား လုပ် ဆောင်နေသည်ကို ဝမ်းသာဂုဏ်ယူမိသည်ဟု ဖန်းဖောင်ဒေးရှင်း ဒါရိုက်တာ နန့်ဘွားဘွားဖန်းက ပြောသည်။

“ကြိုးစားဆောင်ရွက်ပေးတဲ့ လူမှုအဖွဲ့အစည်းမှခေါင်းဆောင်များအထူးသဖြင့် လူငယ်ခေါင်းဆောင်များကို ကျမတို့ အရမ်းဝမ်းသာဂုဏ်ယူမိပါတယ်။ အဲဒါကြောင့် လူထုအတွက် ကြိုးစားလုပ်ဆောင်ပေးတဲ့ ကရင်လူငယ်တွေကို သူတို့အလုပ်မှာ အထောက်အကူ ပံ့ပိုးပေးနိုင်ဖို့ နှစ်စဉ်ဆုရွေးချယ်ဆုချီးမြှင့်ပေးတာ ဖြစ်တယ်” ဟု ဖန်းဖောင် ဒေးရှင်း ဒါရိုက်တာက ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောဆိုထားသည်။

ဆုအတွက် အဆိုတင်သွင်းမည့် သူများအနေဖြင့် အမည်စာရင်းနှင့်အချက်အလက်များကို ကရင်-မြန်မာနှင့် အင်္ဂလိပ်ဘာသာဖြင့် တင်သွင်းနိုင်သလို ယခင်နှစ်များက အမည်စာရင်းတင်သွင်းပြီး ရွေးချယ်ရာတွင် မပါဝင်ခဲ့သူ များလည်း ထပ်မံ အဆိုတင်သွင်းနိုင်မည် ဖြစ်သည်။

ဆုအတွက် အဆိုပြုလွှာများကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား စာရင်းတင်သွင်းနိုင်မည်သည်။ ထို့နောက် ဆုရသူကို ၂၀၂၅ ခုနှစ်အတွင်း ကြေညာသွားမည်ဖြစ်ပြီး ဆုရသူ၏လုပ်ဆောင်မှုများတွင် အကူအညီ အထောက်အပံ့ ဖြစ်စေရန် အမေရိကန် ဒေါ်လာ ၄,၀၀၀ ချီးမြှင့် သွားမည်ဖြစ်သည်။

ကွယ်လွန်သူ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်းနှင့် ဇနီး နန့်ကျင်ရွှေတို့အားရည်စူး၍ ကျန်ရှိသည့် သားသမီးများက ဖန်းဖောင်ဒေးရှင်းကို ထူထောင်ပြီး ယခုလို ထူးချွှန်ကရင်လူငယ်ခေါင်းဆောင်များကို နှစ်စဉ် ရွေးချယ်ဆုချီးမြှင့်ပေးခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွက် ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုကို ပြည်တွင်း၌ ကရင်အမျိုးသား အာဇာနည်နေ့ ကျင်းပသည့်အတွက် ဖမ်းဆီးခံရကာ နိုင်ငံရေး၊ အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ကရင်လူငယ် အစည်းအရုံး (KYO) အဖွဲ့ဝင် စောအဲလ်ဘတ်ချိုကို ရွေးချယ်ချီးမြှင့် ခဲ့သည်။