Home သတင်း မြိတ်-ပုလော-ထားဝယ်လမ်းပိုင်း ပြန်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီကြိုးပမ်း၍ တိုက်ပွဲများဖြစ်ပွားနေ

မြိတ်-ပုလော-ထားဝယ်လမ်းပိုင်း ပြန်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီကြိုးပမ်း၍ တိုက်ပွဲများဖြစ်ပွားနေ

748
Photo: Palaw- KPDF (ပုံဟောင်း)

အောက်တိုဘာ ၁၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီ တိုင်းဒေသကြီး မြိတ်-ပုလော-ထားဝယ် လမ်းပိုင်းကို ပြန်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီ ကြိုးပမ်းနေပြီး ပုလောမြို့နယ်၊ ကြဲရွာ၌ တော်လှန်ရေးတပ်များနှင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသည်ဟု တောလှန်ရေးတပ်ဖွဲ့ဝင် များဘက်က အောက်တိုဘာ ၁၇ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

အဆိုပါမြို့နယ် ကြဲရွာတွင် စစ်ကောင်စီခြေလျင်တပ်ရင်း(ခလရ-၁) စစ်ကြောင်းနှင့် တော်လှန်ရေး တပ်များကြား နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေပြီး စစ်ကောင်စီတပ်က ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်မှ စတင်ကာ လေကြောင်းအပြင် ဒရုန်းဖြင့်ပါဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေသည်ဟု ပုလောပြည်သူ့ ကာကွယ် ရေးတပ်၊ တပ်ရင်း (၁) ပြန်ကြား‌ရေးတာဝန်ခံက ယခုလို ပြောသည်။

“စစ်ကြောင်းထိုးပြီး ဆိုတာနဲ့ လမ်းရှင်းနိုင်ဖို့ လေယာဉ်သုံးရတာမျိုး ရှိတယ်။ အခုက တိုက်ပွဲအတွင်းမှာ လေယာဉ် အပြင်ဒရုန်းကိုပါတွဲသုံးပြီး ဗုံးကြဲတိုက်ခိုက်လာတာတွေကို ဆက်တိုက်လုပ်ဆောင်လာတယ်။ လက်နက်ကြီးတွေ လည်းပါတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ အင်အား ၂၀၀ ဝန်းကျင်ရှိ စစ်ကောင်စီစစ်ကြောင်းသည် လက်ရှိ အချိန်တွင် ကြဲရွာ ဘုန်းကြီးကျောင်း တစ်ဝိုက်တွင် တပ်စွဲအခြေချနေရာယူထားသည်ဟု ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့်လည်း မြိတ်-ပုလော-ထားဝယ်လမ်းပိုင်းကိုပြန်လည်၍နယ်မြေစိုးမိုးမှု ရရှိ နိုင်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းလျက်ရှိနေခြင်းကြောင့် ဒေသခံများအနေဖြင့် အဆိုပါ လမ်းပိုင်းကို သွားလာခြင်းမပြုလုပ်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက ထုတ်ပြန် ပြောဆိုထား သည်။

အလားတူ အောက်တိုဘာ ၁ ရက်နေ့က စတင်သည့် သန်းခေါင်စာရင်းကောက်ယူမှုဆောင်ရွက်ရာတွင် စစ်အုပ်ချုပ်ရေး ကြေညာခြင်း ခံထားရသည့် ပုလောမြို့၊ မြို့ပေါ်ရပ်ကွက်တစ်ချို့တွင်သာ ကောက်ယူမှု လုပ်ဆောင်နိုင်သလို ယခုလို စစ်ကြောင်းထိုးမှုပြုလုပ်နေခြင်းသည် နယ်မြေစိုးမိုးရေးအပြင် သန်းခေါင် စာရင်း ကောက်ယူရန် ရည်ရွယ်ခြင်းလည်း ဖြစ်နိုင်သည်ဟု ပုလောမြို့နယ်၊ တော်လှန်ရေး သတင်းရင်းမြစ်တစ်ချို့က မှတ်ချက်ပြု ပြော သည်။

ပုလောတွင် ယခုလို ရက်ရှည်တိုက်ပွဲများကြောင့် ကျေးလက်ဒေသများတွင် ကျမ်းမာရေး စောင့်ရှောက်မှု လုံလောက်စွာ မရရှိတော့သလို အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုများကို ဆေးမြီးတိုဖြင့် ကုသနေရပြီး အထူးသဖြင့် ကိုယ်ဝန်ဆောင်များ၊ သက်ကြီးရွယ်အိုနှင့် ကလေးများ ကျန်းမာရေးစောင့်ရှောက်မှုကင်းမဲ့နေသည့် အခြေအနေများ ဖြစ်ပေါ်နေသည်ဟု ဒေသခံများထံမှ သိရသည်။