Home သတင်း တရားမဝင် အကောက်အခွန်မဲ့ ကုန်စည်များ ကရင်ပြည်နယ်အတွင်း ဖမ်းဆီးခြင်းမရှိသေး

တရားမဝင် အကောက်အခွန်မဲ့ ကုန်စည်များ ကရင်ပြည်နယ်အတွင်း ဖမ်းဆီးခြင်းမရှိသေး

701
Photo: Social Media

အောက်တိုဘာလ ၁၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီက မော်လမြိုင်အပါအဝင်အခြားမြို့ပြနယ်မြေများတွင် ထိုင်းကုန်စည်များ ဖမ်းဆီး သိမ်းဆည်းခြင်းမျိုးစလုပ်နေသော်လည်း ထိုင်းကုန်စည်များကို အဓိက သယ်ဆောင်နေသည့် ကရင်ပြည်နယ်တွင်မူ ဖမ်းဆီးသိမ်းဆည်းခြင်းမျိုးမရှိသေးကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ဒုတိယစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးစိုးဝင်းက နိုင်ငံခြားသွင်းကုန်လိုင်စင်နှင့် တင်သွင်းခွင့်မပြုနိုင်သည့်ကုန်ပစ္စည်းများအား စိစစ်ဖမ်းဆီးရေးအမိန့် ထုတ်ပြန်ခဲ့ပြီးနောက် အောက်တို ဘာ ၁၄ရက်မှစပြီး စစ်ဆေးဖမ်းဆီးမှုများ စတင်လုပ်ဆောင်နေကြောင်း မော်လမြိုင်သို့ ထိုင်းကုန်စည်ပို့ဆောင်သည့်ယာဉ်မောင်းတစ်ဦးက ပြောသည်။

“ဂိတ်တွေ၊ တံတားတွေမှာ အကောက်အခွန်မဲ့ ထိုင်းကုန်စည်တွေ စစ်တယ်ဖမ်းတယ်။ ဒီနေ့ မော်လမြိုင် အောက်ဈေး၊ အပေါ်ဈေး၊ ပွဲရုံတန်း၊ တရုတ်တန်း၊ ကုလားတန်းကုန်ဂိုဒေါင်တွေဝင်ဖမ်းတယ် ။ ထိုင်ပစ္စည်းတွေအကုန် ကား ၅ စီး၊ ၆ စီးစာလောက် အကောက်ခွန်ရုံးနဲ့ရဲစခန်းဘက်ကို မောင်းသိမ်း သွားတယ်”ဟု ၎င်းကုန်ကားယာဉ်မောင်းက ယမန်နေ့တွင် ပြောသည်။

ထို့အပြင် မော်လမြိုင် စစ်တောင်းတံတားနှင့် မုပ္ပလင်ကုန်သွယ်ရေးစစ်ဆေးရေးဂိတ်၊ ရန်ကုန်အဝင်၊ ဘုရားကြီးတိုးဂိတ်၊ ပဲခူးမြို့ရှောင်လမ်း နေပြည်တော် -ဘောနက်ကြီးဂိတ်၊ ရန်ကုန် – ပြည် လမ်း တိုးဂိတ် များတွင်လည်း ထိုင်းကုန်စည်သယ်ဆောင်လာသည့် အိမ်စီးကား၊ ကုန်တင်ကားများအား စစ်တပ်၊ ရဲနှင့် အကောက်အခွန်အဖွဲ့များက အထူးစီမံချက်ဖြင့် ရှာဖွေဖမ်းဆီးနေပြီဖြစ်ကြောင်း သိရှိရသည်။

လက်ရှိ ကရင်ပြည်နယ်တွင် မြဝတီမှ ကိုးတိုင် စစ်ကောင်စီ အဖွဲ့စုံဂိတ်၊ ဖားအံသံလွင် တံတားစစ်ဆေးရေးဂိတ်၊ လှိုင်းဘွဲ – ရှမ်းရွာသစ်စစ်ကောင်စီဂိတ်၊ မြိုင်ကြီးငူအဖွဲ့စုံဂိတ်တို့မှ ကရင် တိုင်းရင်းသားလက်နက်ကိုင်အပစ်ရပ်အဖွဲ့များ လုံခြုံရေးအစောင့်အရှောက်ဖြင့် ထိုင်းကုန်စည်များ သယ်ဆောင်မှုကို ဖမ်းဆီးစစ်ဆေးခြင်းမျိုးမရှိကြောင်း မြဝတီမှ ကုန်သည်တစ်ဦးက ပြောသည်။

၎င်းက “အခုက မြဝတီကနေ အောက်ကိုကုန်သယ်တဲ့လမ်းက မြိုင်ကြီးငူ- မဲသဝေါလမ်း BGF ၁၀၁၈ လမ်း၊ ထို့ကော်ကိုး PC လမ်း၊ နောက်ကရင်လက်နက်ကိုင်ပူးပေါင်း၊ KNU/PDF ပူး ပေါင်းလမ်းဟောင်း ပေါ့။ အကုန်လုံးကတော့ အဖွဲ့အစည်းနာမည်နဲ့ပဲ ကုန်ကားဆင်းကြတာဆိုတော့ စစ်တပ်ရဲ့ ကိုးတိုင် အဖွဲ့စုံဂိတ်၊ ဂျိုင်းတံတား BGF မြလှိုင်ဂိတ်၊ ဖားအံမြို့ဝင်မြို့ထွက်ဂိတ်ကတော့ သယ်လို့မောင်း လို့ရတယ်။ ရှင်းရှင်းပြာရရင်ဂိတ်ကြေးပေးရင်ရတယ်ပေါ့ဗျာ”ဟု ပြောသည် ။

လတ်တလောတွင် မြဝတီမြို့မှ ထိုင်းကုန်စည်ကူးသန်းသည့် BGF တပ်ဖွဲ့ဂိတ်ဝင်းများ၊ ဂိုဒေါင်များ တွင် ကုန်စည်တင်ဆောင်သည့်ကားများ၊ ထိုင်းဘက်မှ မြန်မာဘက်သို့ ချစ်ကြည်ရေး တံတား(၂) မှ ဝင်ရောက် သည့်ကုန်ကားများ ပုံမှန်ဝင်ထွက် သယ်ဆောင်အလုပ်လုပ်နေကြကြောင်း BGF ဂိတ်ဝင်းများအတွင်း ကုန်တင်ကုန်ချလုပ်ဆောင်သည့် အလုပ်သမားများက ပြောသည်။