အောက်တိုဘာ ၃ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ
ကရင်လူငယ်အစည်းအရုံး-KYO ဦးဆောင်ပြီး ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ (၇) ထိန်းချုပ်နယ်မြေတွင် ပြုလုပ်သည့် လူငယ်နှင့်ခေါင်းဆောင်မှုဆိုင်ရာသင်တန်းအပတ်စဉ် (၁)မှ လူငယ်ခေါင်းဆောင် (၄၄)ဦး မွေးထုတ်ကာ ယမန်နေ့တွင် သင်တန်းဆင်းပွဲပြုလုပ်ပေးခဲ့သည်။
လတ်တလောနိုင်ငံရေးအခြေအနေအရ လူငယ်များ၏ ပါဝင်မှုအခန်းကဏ္ဍတွင် နိုင်ငံရေးအသိ နိုင်ငံရေးသတိများ မြှင့်တင်ပေးခြင်းဖြင့် ၎င်းတို့၏ အတတ်ပညာများ နှင့်ပေါင်းစပ်ကာ တော်လှန် ရေးအတွက် ပိုမိုထိရောက်လိုသည့်ရည်ရွယ်ချက်ဖြင့် မွေးထုတ်ခြင်းဖြစ်ကြောင်း သင်တန်း ကော်မတီ၏ အတွင်းရေးမှူး စောအယ်ထီးကော်က ယခုလိုပြောသည်။
“ကျနော်တို့လူငယ်တွေ ဒီအချိန်ဒီကာလာမှာ ကိုယ်ဖာသိဖာသာနေနေလို့တော့ မရတော့ဘူးပေါ့နော်။ ကျနော်တို့က ကျရာအခန်းကဏ္ဍမှာ ပါဝင်ဖို့လိုအပ်တယ်။ အဲ့ဒီတော့ ဒီသင်တန်းနဲ့အတူ အပြောင်းအလဲ တစ်ခုအတွက် ကောင်းမွန်တဲ့ လူ့အသိုင်းအဝိုင်းနဲ့အတူ ကောင်းမွန်တဲ့ စည်းမျဉ်းစည်းကမ်းနဲ့ အရိပ် တစ်ခု အတွက် တစ်ထောင့် တစ်နေရာမှာ အထောက်အကူပြုမယ်လို့လည်း ယုံကြည့်တာပေါ့နော်” ဟု ကေအိုင်စီ သို့ ပြောသည်။
အဆိုပါ သင်တန်း၏ အဓိက ရည်ရွယ်ချက်မှာ ကရင်လူငယ်ခေါင်းဆောင်များ မွေးထုတ်ပေးခြင်း၊ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး နှင့် ကရင့်တော်လှန်ရေးအပြင် ယခုလက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး အခြေအနေများတွင် တော်လှန်ရေးတစ်စုံလုံးအတွက်ပါ ပိုမိုအားကောင်းစွာ ပါဝင်နိုင်ကြရန်ဖြစ်ကြောင်းလည်း စောအယ်ထီးကော်က ဆက် ပြောသည်။

၃ လတာကြာမြင့်သည့် ထိုသင်တန်းတွင် ကေအဲန်ယူ၏ လမ်းစဉ်နှင့်လုပ်ငန်းစဉ်၊ ဖက်ဒရယ်စနစ်တည် ဆောက်ပုံ၊ နိုင်ငံရေး ဘောဂဗေဒ၊ ခေါင်းဆောင်မှုဆိုင်ရာနှင့် လူထုရှေ့ ဟောပြောခြင်း၊ အုပ်ချုပ်ရေးနှင့် ပြည်သူ့ရေးရာအုပ်ချုပ်မှုအကြောင်း၊ မိုင်းအန္တရာယ်အသိပညာပေးခြင်း၊ သဘာဝနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရုံးလုပ်ငန်း နှင့် အခြားအထွေထွေဗဟုသုတပိုင်းဆိုင်ရာများကို သင်ကြားပို့ချ ဆွေးနွေးဖလှယ်မှုများ ပြုလုပ် ခဲ့ကြောင်းသိရသည်။
အဆိုပါ သင်တန်းကို ကေအဲန်ယူ အုပ်ချုပ်နယ်မြေဖြစ်တဲ့ ခရိုင် (၇)ခု လူငယ်ကိုယ်စား လှယ်များအပါအဝင် ဧရာဝတီတိုင်းနှင့် ကရင်နီမော်ချီးဒေသရှိ လူငယ်ကိုယ်စားလှယ်များလည်း ပါဝင်တက်ရောက်ခဲ့ကြသည်။
ဒူးပလာယာခရိုင် ကိုယ်စားပြု၍ သင်တန်းပါဝင်တက်ရောက်သည့် နန်းမိချောင်းခင်က “သင် တန်းပြီးသွားတော့ ကိုယ်လေ့လာခဲ့ရသလောက် လူငယ်တွေအပြင် မိဘပြည်သူတွေကို တဆင့်ပြီတဆင့် ပြန်ဝေမျှပေးမှာပါ။ ဒီတော်လှန်ရေး ပြီးဆုံးသွားဖို့ကိုလည်း လူငယ်တွေအနေနဲ့ နိုင်ငံရေးထဲမှာ ပါဝင်လုပ်ဆောင်လာဖို့ တိုက်တွန်း ချင်ပါတယ်” ဟု ဆိုသည်။
ယမန်နေ့ သင်တန်းဆင်းပွဲ အခမ်းအနားသို့ ကေအဲန်ယူ ဗဟိုခေါင်းဆောင်များ၊ ကရင်လူ ငယ်အစည်း အရုံး-KYO၊ ကရင်အမျိုးသမီးအစည်းအရုံး-KWO၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ခေါင်းဆောင်များ၊ သင်တန်းဆရာ/ဆရာမများ ၊ သင်တန်းသူ/သားများ နှင့် လူငယ်များ စုစုပေါင်း ၁၀၀နီးပါး ပါဝင်တက်ရောက်ခဲ့ ကြသည်။



















