Home သတင်း စစ်ကောင်စီ သန်းခေါင်စာရင်း ကောက်ယူမှု အပစ်ရပ်လက်နက်ကိုင်အချို့ပါဝင်လုံခြုံရေးဆောင်ရွက်ပေး

စစ်ကောင်စီ သန်းခေါင်စာရင်း ကောက်ယူမှု အပစ်ရပ်လက်နက်ကိုင်အချို့ပါဝင်လုံခြုံရေးဆောင်ရွက်ပေး

854
Photo: Social Media

အောက်တိုဘာလ ၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်အတွင်း စစ်ကောင်စီက သန်းခေါင်စာရင်း ကောက်ယူ သည့် အစီအစဉ်ကို အောက်တိုဘာလ ၁ ရက်နေ့က စတင်ကောက်ယူရာတွင် ကရင်တိုင်းရင်းသားလက်နက်ကိုင်အပစ်ရပ်အဖွဲ့အချို့နှင့် BGF တပ်ဖွဲ့အချို့လုံခြုံရေးလိုက်ပါ ဆောင်ရွက်ကူညီမှုများရှိနေကြောင်း မြေပြင်သတင်းအရင်းအမြစ်ထံမှ သိရသည်။

“မနေ့က ဖားအံ ဗိုလ်ချုပ်လမ်း၊ ရုံးကုန်းလမ်း၊ ပြည်‌ထောင်စုရပ်ကွက်တွေမှာ သန်းခေါင်စာရင်း လိုက် ကောက်တယ်။ လက်နက်ကိုင်အဖွဲ့ တွေ PC ငြိမ်းချမ်းရေးကောင်စီတို့ BGF တို့ ၊ ပျူစောထီး သတင်း ပေးတို့တွေပါတယ်။ ကျောင်းဆရာမတွေက စာရင်းကောက်တယ်။ မေးခွန်းမေးတယ်။ ရဲက အရပ်ဝတ်နဲ့ရော၊ မဝတ်တာရောပါတယ်။ လက်နက်အပြည့်အစုံနဲ့ လမ်းတွေမှာလုံခြုံရေးစောင့်ပြီး ကောက်တာမျိုး လုပ်သွားတယ်”ဟု ရုံးကုန်းလမ်း နေထိုင်သူ ဒေသခံက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ကျုံဒိုး၊ ကော့ဘိန်း၊ ကြာအင်းဆိပ်ကြီးဒေသအတွင်းရှိ ကျေးရွာများဘက်တွင် စစ်ကောင်စီ ထောက်ခံ သူများ၊ BGF လက်နက်ကိုင်အဖွဲ့အချီု့က အဓိက လုံခြုံရေးဆောင်ရွက်ပြီး ကျောင်းပညာရေး ဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းသားသမီးများမှ သန်းခေါင်စာရင်းကောက်ယူမှုလုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။

ကော့ဘိန်းရွာခံတစ်ဦးကလည်း “ သူတို့စစ်တပ်ထောက်ခံသူတွေ ၊ BGF တွေက လက်နက်တွေနဲ့လာတယ်။ သူတို့ စာရင်းကောက်တာ စစ်မေးတာတွေအဆင်မပြေရင်ဖမ်းတာရိုက်တာမျိုး ရှိလာရင် မလွယ်ဘူးလေ။ ရွာတွေမှာ ကတောင်ပေါ် တက်နေ(ထိုင်းနိုင်ငံဘက်)တဲ့ သူချည်းပဲဆိုတော့ ဖြေတတ်ပြောတတ်တဲ့မရှိဘူးလေ။ အဲ့တော့ သူတို့ကို ရှောင်နေလိုက်တဲ့ပုံစံမျိုးတော့ရှိကြတယ်” ဟု ပြောသည်။

ထို့အတူ မြဝတီမြို့တောင်ဘက်ရှိ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်-DKBA ဌာနချုပ် ရှိရာ ဆုံဆည်းမြိုင်ဒေသဘက်တွင်လည်း သန်းခေါင်စာရင်းကောက်ခံမှုလုပ်ငန်းစဉ်အတွင်း ပူးပေါင်းပါဝင်ပေးရန် စစ်ကောင်စီဒေသအာဏာပိုင်များဘက်က လာရောက် ချဉ်းကပ်ပြောဆိုမှုရှိသော်လည်း ၎င်းတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်မှု မပြုလုပ်ကြောင်း အမည်မဖော်လိုသူ DKBA ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက ပြောသည်။

ဆက်လက်၍ KNU ဖားအံခရိုင်/တပ်မဟာ(၇)နှင့် BGF ပူးတွဲလှုပ်ရှားရာနယ်မြေဖြစ်သည့် လှိုင်းဘွဲမြို့နယ် ဘက်တွင်လည်း သန်းခေါင်စာရင်းကောက်ယူနေသည့်အဖွဲ့များအား စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ၊ စစ်တပ်နှင့် ကရင်နယ်ခြားစောင့်တပ်-BGF အဖွဲ့အချို့ လုံခြုံရေးယူပေးမှုရှိခဲ့သည်ဟု ဖားအံခရိုင် တာဝန်ရှိသူများထံမှ သိရသည်။

အထက်ပါ အခြေအနေနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကရင်ငြိမ်းချမ်းရေးကောင်စီ-PC နှင့် BGF တပ်ဖွဲ့တာဝန်ရှိသူများ၏ အသံရရှိရန် ကေအိုင်စီအနေဖြင့် ကြိုးစားဆက်သွယ်နေဆဲဖြစ်သည်။

စစ်ကောင်စီက ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲ ပြုလုပ်ရန် အိမ်အကြောင်းအရာနှင့်သန်းခေါင်စာရင်း ကောက်ခံနေသည့်ကိစ္စအပေါ် စစ်ရေးပဋိပက္ခဖြစ်နေသည့်ကျေးရွာများဘက်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး သန်းခေါင်စာရင်း ကောက်မှုတော့မရှိသေးကြောင်း သိရှိရသည်။

စစ်ကောင်စီ၏နိုင်ငံတကာထံမှ တရားဝင်မှုရလိုခြင်းအတွက် ရွေးကောက်ပွဲကျင်းပရန် သန်းခေါင် စာရင်းများကောက်ယူခြင်းအပေါ် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများအပါအဝင် ကေအဲန်ယူ အစည်းအရုံးတစ်ခုလုံးအနေဖြင့် လက်မခံကြောင်းကိုလည်း KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ကေအိုင်စီသို့ ပြောဆိုထားသည်။