အောက်တိုဘာ ၃ ရက် ၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် ဒေါနတောင်ကျော် လမ်းဟောင်း၌ ယနေ့ နံနက်ပိုင်းတွင် ၁၀ ဘီး ကုန်တင်ယာဉ်တစ်စီးတိမ်းမှောက်ပြီး ယာဉ်မောင်းတစ်ဦးသေဆုံးသွားသည်ဟု အလင်းသစ်အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့က ပြောသည်။
အဆိုပါ ဒေါနတောင်လမ်းဟောင်း ချောက်ကမ်းပါးနှင့်အလယ်ဗိုလ်တဲကြား၌ ယနေ့အောက်တိုဘာ ၃ ရက်နေ့ နံနက်ပိုင်းတွင် ယာဉ်မတော်တဆမှုဖြစ်ပွားပြီး ၁၀ ဘီးကုန်တင်ယာဉ် ပေ ၁၀၀ ခန့် ထိုးကျပြီး တိမ်းမှောက် သွားခဲ့ခြင်း ဖြစ်သည်ဟု အလင်းသစ်အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက ယခုလိုပြောသည်။
“လက်ရှိမှာ ယာဉ်မောင်းကတော့ သေဆုံးသွားပြီး။ ၁၀ ဘီးကားနဲ့ပိနေတယ်။ အဲ့တာကိုဝိုင်းပြီး ထုတ်ဖို့အတွက် ကရိမ်းကားနဲ့ထုတ်ပေးမှ အဆင်ပြေမယ်။” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
အလင်းသစ်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့အနေဖြင့် လမ်းဘေးသို့ ထိုးကျသွားသည့် ၁၀ ဘီးယာဉ်ကို အပေါ်သို့ဆွဲတင်နိုင်ရန်နှင့် ကားနှင့်ပိနေသည့် ယာဉ်မောင်း၏ ရုပ်အလောင်းအား ထုတ်ယူနိုင်ရန်အတွက် အခင်းဖြစ်နေရာ၌ ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။
မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်ကို ပိတ်ထားသည့်အတွက် ကုန်တင်ယာဉ်များနှင့် ခရီးသည်ယာဉ်များ လမ်းဟောင်းကို အသုံးပြုသွားလာနေခြင်းဖြစ်သည်။
အဆိုပါ လမ်းပိုင်းကို လက်ရှိတွင် ကေအဲန်ယူ၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLAနှင့် မဟာမိတ်တပ်တို့က ထိန်းချုပ်ထားပြီး လမ်းအသုံးပြုခွင့်ပေးရန် တချို့အင်အားစုများက လိုလား နေသည်ဟု သတင်းများထွက်ပေါ်နေပြီးနောက် ကရင့်လက်နက်ကိုင်တပ်များ တွေ့ဆုံပြောဆို ဆွေးနွေးခဲ့သော်လည်း အခြေအနေအရပ်ရပ်ကြောင့် လမ်းပိတ်ထားဆဲဖြစ်သည်။
၎င်းအပြင် ထိုင်းနှင့် မြန်မာနှစ်နိုင်ငံ အဓိက ကုန်သွယ်မှု လမ်းကြောင်းတစ်ခုဖြစ်သော မြဝတီ-ကော့ကရိတ် အာရှလမ်းမကို စစ်ကောင်စီတပ်နှင့် KNLA မဟာမိတ်ပူးပေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF များ တိုက်ပွဲ ဖြစ်ပွားနေသည့်အတွက် ၂ နှစ်နီးပါးဖြတ်သန်းသွားလာခွင့် ပိတ်ထားခြင်းဖြစ်သည်။



















