လေးလေးနက်နက် ထည့်သွင်းစဉ်းစားကြရမယ့် အချက် ၂ချက်
မောင်ကျော်စွာ
(၂၀-၁၀-၂၀၂၄)
(စကစ) စစ်အုပ်စုဟာ တရုတ်ဆန့်ကျင်ရေးဆန္ဒပြပွဲ ဖန်တီးရာကနေ မန္တလေးမြို့မှာရှိတဲ့ တရုတ်ကောင်စစ်ဝန် ချုပ်ရုံးကို ဗုံးနဲ့ပစ်တဲ့အထိ အတင့်ရဲလာပြီ။
အရပ်သားပြောစကားအရတော့ “ပြူတွေ လက်ချက်”လို့ မန္တလေးမြို့ထဲမှာ အကျယ်အပြန့်ပြောနေကြတယ်။ “ကားနဲ့လာပြီးပစ်သွားတယ် ကားနဲ့ပြန်ထွက်ပြေးသွားတယ်”လို့လည်း ပြောကြတယ်။ စီစီတီဗွီကင်မရာတွေ တပ်ဆင် ထားတာရှိရင်တော့ ဘယ်သူဘယ်ဝါဆိုတာ သိနိုင်ဖို့ မခက်ခဲပါဘူး။ ဒီဆောင်းပါးရေးတဲ့ (၂၀-၁၀- ၂၀၂၄) ရက်နေ့အထိ တော့ ဘယ်သူလက်ချက်ဆိုတာ ထုတ်ပြောတာမရှိသေးပါဘူး။
ထိုဖြစ်စဉ်ဖြစ်တာက (၁၈-၁၀-၂၀၂၄) ညနေပိုင်း အချိန်အားဖြင့် (ညနေ ၄ နာရီဝန်းကျင်) ဖြစ်ပါတယ်။ ပျက်စီးမှု အနည်းငယ်မျှသာဖြစ်ပြီး အခြားလူသူထိခိုက်မှု မရှိဘူးလို့လည်း သိရပါတယ်။ (၁၉-၁၀-၂၀၂၄)ရက်မှာတော့ စစ်အုပ်စု သတင်းမှန်ပြန်ကြားရေးက ထုတ်တာလို့ပြောကြတဲ့ “မန္တလေးမြို့ တရုတ်ကောက်စစ်ဝန်ချုပ်ရုံး ပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်၍ အသိပေးချက်” ဆိုတာတော့ ဆိုရှယ်မီဒီယာပေါ်မှာ ဖတ်ရပါတယ်။
(စကစ)စစ်အုပ်စုက ထုတ်ဝေတဲ့ သတင်းစာတွေမှာတော့ အဲဒီ“အသိပေးချက်”ကို ဖော်ပြထားတာ မတွေ့မိပါ ဘူး။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ (၁၉-၁၀-၂၀၂၄) ရက်စွဲနဲ့ အချက် (၄)ချက် ပါရှိတဲ့ ထုတ်ပြန်ကြေညာချက် ထုတ်ပြန်တာကို ဖတ်ရပါတယ်။
ဒီပဲယင်း အကြမ်းဖက်သတ်ဖြတ်မှု၊ ရှေ့နေကြီးဦးကိုနီသတ်ဖြတ်မှု၊ ကျောက်နီမော်ကျေးရွာ ဖြစ်စဉ်ကနေ ရခိုင် ပြည်နယ်၊ ကျောက်တော်၊ ဘူးသီးတောင် – မောင်တောဘက်က လူမဆန်တဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ၊ မိတ္ထီလာမြို့က သတ်ဖြတ်မှုတွေ စတဲ့ လူမျိုးရေးဘာသာရေး အဓိကရုဏ်းတွေကို အကွက်ချ စီစဉ် ဖန်တီးခဲ့တဲ့လက်သည် ဟာ စစ်အုပ်စုသာ ဖြစ်တယ်ဆိုတဲ့အချက်ကို မမေ့ဖို့နဲ့ ထည့်သွင်းစဉ်းစားကြဖို့ လိုအပ်ပါတယ်။
ခပ်ဝေးဝေး ဖြစ်ရပ်အနေနဲ့ဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ (၁၉-၁၀-၂၀၂၄) ရက်နေ့ ထုတ်ပြန် ကြေညာချက်ထဲမှာ သတိပေးထားတဲ့ “တရုတ် – ဗမာအဓိကရုဏ်း” ဖန်တီးသူတွေဟာ အဆက်ဆက်သော စစ်အုပ်စု အုပ်စိုးသူတွေသာဖြစ်တယ် ဆိုတဲ့အချက်ကိုလည်း အလေးအနက် သတိပြုကြရမှာပါ။
နောက်ထပ် မဖြစ်မနေ ထည့်သွင်းစဉ်းစားရမယ့်အချက်ကတော့ ပြည်တွင်းပြည်ပမှာ နိုင်ငံရေး၊ စစ်ရေး၊ စီးပွား ရေး၊ သံတမန်ရေး ဘက်ပေါင်းစုံအကျပ်ဆိုက်နေတဲ့ (စကစ) စစ်အုပ်စုရဲ့အနေအထားပါပဲ။ ဒီလိုအနေအထားတွေမှာ ထွက်ပေါက်ပိတ်နေတဲ့ (စကစ) စစ်အုပ်စုအဖို့ ပြည်သူရဲ့ အသက်တွေ သွေးတွေကို စတေးပစ်ပြီး သူတို့ရင်ဆိုင်နေရတဲ့ အကျပ် အတည်းကနေ မိုက်မိုက်ကန်းကန်း ထွက်ပေါက်ရှာဖို့ပဲ ရှိနေပါတယ်။
ဒါကြောင့် ရှေ့မှာ အခုလိုပဲ လူမျိုးရေး – ဘာသာရေး – အကြမ်းဖက်မှုတွေဟာ နေရာမျိုးစုံမှာ သဏ္ဌာန်မျိုးစုံနဲ့ မကြာခဏဆိုသလို ပေါ်ပေါက်ဖြစ်ပွားလာစရာ ရှိနေပါတယ်။ “မီဒီယာတွေ”က လေပင့်သလိုရေးသားနေတဲ့ “တရုတ် ဆန့်ကျင်ရေး” ကလည်း လှိုင်းလုံးတစ်ခုသဖွယ် ပေါ်လာနေတဲ့ကာလလည်း ဖြစ်နေပြန်ပါတယ်။
ဒီတခါ သူတို့လေပင့်နေပုံက ငှက်တစ်နှစ်ကောင်ကို ခဲတစ်လုံးထဲနဲ့ ပစ်နေတာမျိုးပါ။ ဒါကလည်း TNLA ထံ “ရွှေလီက ပို့လိုက်တဲ့ ခြိမ်းခြောက်စာ” ဆိုတာကနေစတင်ပြီး ပေါက်ထွက်လာတဲ့ “ဝနဲ့တရုတ် ဆွေးနွေးပွဲမှတ်တမ်း” ဆိုတာတွေနဲ့ ယှက်နွယ်ထားတဲ့ လေပင့်မှုမျိုးဖြစ်ပါတယ်။ TNLA – AA – MNDAA – KIA တို့ဟာ တရုတ်ရဲ့ ခြိမ်းခြောက် ဖိအားပေးတာကို ခံနေကြရတယ်။ (စကစ)စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲနေတာကိုတော့ တရုတ်ဘက်က ကန့် ကွက်တဲ့လေသံ မဟဘူး။ ဒါ့အပြင် “အောက်တိုဘာလကုန် သို့မဟုတ် နိုဝင်ဘာလဆန်းပိုင်းမှာ” ဗိုလ်မင်းအောင်လှိုင်ဟာ တရုတ်ပြည်သွားလိမ့်မယ်ဆိုတဲ့ သတင်းတွေပြန့်နေ၊ ဖြန့်နေတယ် မဟုတ်ပါလား။
ကျနော်တို့ ဒီမိုကရေစီရေးအတွက် – ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အဓိကအတားအဆီး ဟာ “စစ် ၃စစ်နဲ့ ၂၀၀၈ အခြေခံဥပဒေ”ပဲဖြစ်ပါတယ်။ ဒီဦးတည်ချက်ကနေ ဝေဝါးသွားတာ ဒီရည်မှန်းချက်ကနေ သွေဖည်တိမ်းစောင်းသွားတာမျိုး နည်းနည်းလေးမှ မဖြစ်ဖို့ လိုအပ်နေတဲ့ကာလဖြစ်ပါတယ်။
စစ် ၃စစ်နဲ့ ၂၀၀၈ အခြေခံဥပဒေ အကုန်အစင် ဖျက်သိမ်းပစ်နိုင်ဖို့တောင် အင်အားစုအသီးသီးကြားမှာ အပြန်အ လှန်နားလည်မှုနဲ့ ညီညွတ်ရေးကို အသဲအသန်ရှာဖွေ တည်ဆောက်နေရတဲ့ အခုလိုအချိန်ကာလမျိုးမှာ “ရန်သူသစ်” ရှာဖွေသလို လုပ်နေကြတာမျိုးဟာ မိုက်မဲရူးသွပ်ရာ ကျပါလိမ့်မယ်။
လောလောဆယ် ကျနော်တို့နွေဦးတော်လှန်ရေးအတွက် “ စစ် ၃စစ်နဲ့၂၀၀၈ အခြေခံဥပဒေ” ဆိုတဲ့ ဘုံရန်သူမှ အပ အခြားပြည်တွင်းပြည်ပ ရန်သူရယ်လို့ မရှိပါဘူး။ ရှိလို့လည်း မဖြစ်ပါဘူး။ ရန်သူ ၂ ဦးကို လက်သီး ၂ လုံးနဲ့ တစ်ပြိုင်နက်ထဲထိုးဖို့ဆိုတာ ဦးနှောက်ပုံမှန်မရှိသူတွေရဲ့ စဉ်းစားတွေးခေါ်မှုနဲ့ ကြံစည်မှုမျိုးသာ ဖြစ်ပါလိမ့်မယ်။
ဒါကြောင့် ကျနော်တို့ရဲ့ ပြုမူလုပ်ဆောင်ချက် ပြောဆိုစဉ်းစားချက်တွေဟာ ပြည်တွင်းပြည်ပ ဘယ်လို အရေးအ ရာမှာဖြစ်စေ (စကစ)စစ်အုပ်စု ထွက်ပေါက်ရသွားစေနိုင်သလား၊ “စစ် ၃စစ်နဲ့ ၂၀၀၈ အခြေခံဥပဒေ” တွန်းလှန်တိုက် ဖျက်ရေးအင်အားစုတွေအကြားမှာ အကြီးအကျယ် ပြဲကွဲပြီး ဖရိုဖရဲဖြစ်သွားစေနိုင်သလား ဆိုတဲ့ အချက် ၂ချက်ကို ထိပ် တန်းစဉ်းစားချက်အဖြစ် လေးလေးနက်နက် ထည့်သွင်းစဉ်းစားလုပ်ဆောင်ကြပါလို့ အင်အားစုအသီးသီးထံ တိုက်တွန်း နှိုးဆော်ပန်ကြားလိုက်ပါတယ်။
(စကစ)စစ်အုပ်စုက “ကြောင်လက်နဲ့ ပြာပူယက်” ဆိုသလို တရုတ်ပြည်သရုပ်ဖျက်ဆန့်ကျင်ရေးကို “နွေဦး တော်လှန်ရေးတံဆိပ်ခတ်ပေး”နိုင်ဖို့ ကျုံးသွင်းမြှူဆွယ် ဘေးတီးပေးနေတဲ့အချက်ကိုလည်း မျက်ခြေမပြတ် မြင်ထားနိုင် ဖို့ လိုအပ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတော့ ဒီအချက်ကို ကောင်းစွာ သိမြင်ထားသလို အဲဒီထောင် ချောက်ထဲ တိုင်းပြည်နဲ့ပြည်သူ ပါဝင်မသွားစေဖို့ သူ့ရဲ့တာဝန်သိမှုနဲ့အညီ (၁၉-၁၀-၂၀၂၄)ရက်နေ့ ကြေညာချက်ကို အချိန်မီ အခါကိုက် ထုတ်ပြန်လိုက်တာလို့ ယူဆပါတယ်။