Home တွေ့ဆုံမေးမြန်းခန်း လေးကေ့ကော်မြို့သစ်အုပ်ချုပ်ရေး တာဝန်ခံဦးအေးလွင်နှင့် တွေ့ဆုံမေးမြန်းချက်

လေးကေ့ကော်မြို့သစ်အုပ်ချုပ်ရေး တာဝန်ခံဦးအေးလွင်နှင့် တွေ့ဆုံမေးမြန်းချက်

332

“လက်ရှိမှာလည်း လေယာဥ်အန္တရာယ်လည်း ကြောက်ရသေးတယ်။ တမြို့လုံးက မြက်တွေချည်းပဲဆိုတော့ မြေမြှုပ်မိုင်းတွေ အန္တရာယ်လည်း ရှိနိုင်သေးတယ်။ အဲဒါတွေအရင်ရှင်းပြီးတော့မှ လုံခြုံစိတ်ချရတဲ့အနေအထားရောက်မှ ပြန်ဝင်ခိုင်းဖို့ စီစဥ်ထားတယ်” ဦးအေးလွင်၊ လေးကေ့ကော်မြို့သစ်အုပ်ချုပ်ရေး တာဝန်ခံ

လေးကေ့ကော်မြို့သစ်အုပ်ချုပ်ရေး တာဝန်ခံဦးအေးလွင်နှင့် တွေ့ဆုံမေးမြန်းချက်

—————
အောက်တိုဘာလ ၂၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ လေးကေ့ကော်ဒေသတဝိုက်တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် – KNLA နှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲများ၊ စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်ခတ်မှုတို့ကြောင့် ဒေသခံပြည်သူများသည် လက်ရှိအချိန်ထိ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြရသည်။

သို့ရာတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် PDF ပူးပေါင်းတပ်များက လေးကေ့ကော်မြို့သစ်အနီးရှိ စွယ်တော်ကုန်း စစ်ကောင်စီတပ်စခန်းကို ယခုအောက်တိုဘာ ၁၇ ရက်နေ့က အပြီးသတ်ပြန်လည်တိုက်ခိုက် သိမ်းပိုက်နိုင်ပြီးနောက် လေးကေ့ကော်ဒေသသည် စစ်ကောင်စီကင်းစင်နယ်မြေ အဖြစ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

ထိုအခြေအနေကြောင့် လက်ရှိအနေအထားတွင် နေရပ်သို့ ပြန်ဝင်ရောက်ကြမည့် လေးကေ့ကော်စစ်ရှောင်များ၏ အခြေအနေ၊ သက်ဆိုင်ရာအုပ်ချုပ်ရေးတာဝန်ခံများက နေရာပြန်လည်ချထားရေး ဆောင်ရွက်နေသည်များကို သိရှိနိုင်ရန် လေးကေ့ကော်မြို့သစ်၏အုပ်ချုပ်ရေးတာဝန်ခံ ဦးအေးလွင်ကို တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ စစ်ကောင်စီရဲ့ စွယ်တော်အမြောက်ကုန်းကို မဟာမိတ်ပူးပေါင်းတပ်တွေ သိမ်းပိုက်ပြီးနောက် လက်ရှိမှာ ဒေသခံလူထုရဲ့အခြေအနေ ဘယ်လိုရှိနေပါလဲ။
ဖြေ။ ။ လက်ရှိမှာ ရွာသားတွေအတွက် စစ်တပ်ကင်းစင်တဲ့နယ်မြေ ဖြစ်သွားပြီပေါ့နော်။ အဲဒီလိုဖြစ်သွားပေမယ့် လောလောဆယ် ကျနော်တို့က ဒီ KNU ရဲ့ အုပ်ချုပ်‌ရေးပိုင်းကနေပြီးတော့ ညှိနှိုင်းနေတယ်။ ဒီသက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီးရင်တော့ ရွာသားတွေကို ဘယ်လိုနေရာချထားရေး ပြန်လုပ်မယ်ဆိုတာ အကုန်လုံး တိုင်ပင်မယ်။ လက်ရှိက ရွာသားတွေကို တစ်ယောက်မှပေးမနေသေးသလို ပေးလည်းမဝင်ဘူး။ ပြီးတဲ့အခါကျမှ မြက်ရှင်းတာတို့ ပြန်ပေးနေတာတို့လုပ်ပါမယ်။

မေး။ ။ ရွာသားတွေရဲ့ဆန္ဒက ဘယ်လိုရှိနေပါလဲ။
ဖြေ။ ။ သူတို့ကတော့ မြန်မြန်ပြန်ဝင်ချင်တာပေါ့။ ကိုယ့်အိုးအိမ်တွေနဲ့နေရတာ ပိုအဆင်ပြေတယ်လေ။ တကယ် တော့ ဒီအပြင်က စစ်ဘေးရှောင်စခန်းမှာနေရတယ်ဆိုတာက ကျနော်တို့အိမ်ကျဥ်းကျဥ်းလေးကို မိသားစု လေး ယောက်၊ ငါးယောက်နေထိုင်နိုင်တဲ့ တဲလေးတွေနဲ့ ဆောက်ပေးထားတာဖြစ်တဲ့အတွက် ကျနော်တို့ကတော့ အဲဒီတဲလေးနဲ့နေမယ့်အစား ကိုယ့်အိမ်မှာပဲပြန်နေချင်တာပေါ့။ ကိုယ့်အိမ်ကိုယ်ဆို‌တော့ ကျယ်ကျယ်ဝန်းဝန်း လည်းရှိပြီး အသက်ရှူလည်း ပိုချောင်တာလေ။ အဲဒါကြောင့်မို့ ရွာသားတွေကတော့ ဒီနေ့ရရင် ဒီနေ့ပြန်နေ ချင်တယ်။ ဒါပေမယ့် အခုချိန်မှာတော့ ဒီအုပ်ချုပ်ရေးအဖွဲ့ကနေ ခွင့်မပြုသေးတာပေါ့နော်။ ကျနော့်တို့အနေနဲ့ အဆင့်ဆင့် ပြန်လည်ညှိနှိုင်းပြီး ဆွေးနွေးတိုင်ပင်ပြီးရင် လက်ရှိ ပြန်လည်နေထိုင်ရေးကို စဥ်းစားပေးမယ်။

မေး။ ။ အကယ်၍ ရွာသားတွေပြန်လာနေထိုင်နိုင်ဖို့ အဓိက လုပ်ဆောင်ရမယ့်အချက်တွေက ဘာတွေဖြစ်မလဲ။
ဖြေ။ ။ ရွာသားတွေအတွက် အခုလက်ရှိ ပြန်လည်နေထိုင်ဖို့ လုပ်ဆောင်ရမှာကတော့ မြက်တွေရှင်းရမယ်။ မိုင်းတွေ ရှင်းရမယ်။ အဲဒါ လုပ်ဆောင်ပြီးသွားရင် ကျနော်တို့က ပြန်လည်နေထိုင်ခွင့်ပေးမယ်။ လက်ရှိမှာလည်း လေယာဥ်အန္တရာယ်လည်း ကြောက်ရသေးတယ်။ တမြို့လုံးက မြက်တွေချည်းပဲဆိုတော့ မြေမြှုပ်မိုင်းတွေ အန္တရာယ်လည်း ရှိနိုင်သေးတယ်။ အဲဒါတွေ အရင်ရှင်းပြီးတော့မှ လုံခြုံစိတ်ချရတဲ့ အနေအထားရောက်မှ ပြန်ဝင်ခိုင်းဖို့ စီစဥ်ထားတယ်။

မေး။ ။ ဒီအုပ်ချုပ်ရေးတခွင်မှာ အိမ်ခြေပေါင်းနဲ့ လူဦးရေစုစုပေါင်း ဘယ်လောက်ရှိပါလဲ။
ဖြေ။ ။ လေးကေ့ကော် တမြို့တည်းဆိုရင် အိမ်ခြေ ၂,၀၀၀ ကျော် ရှိတယ်။ မယ်ဝါးခီးမှာဆိုရင် အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိတယ်။ ရသေ့ဂူဘက်မှာက အိမ်ခြေ ၁၀၀ ကျော်‌လောက်ရှိတယ်။ ဒါတွေက ပြန်လည်နေ ထိုင်လို့မရသေးတဲ့ နေရာတွေပေါ့။ အကုန်လုံးပေါင်းလိုက်လို့ ရှိရင် ၂,၅၀၀ ကျော်လောက်ရှိတယ်။

မေး။ ။ ဒီလူဦးရေ ၂,၅၀၀ ကျော် ပြန်လာနေနိုင်ဖို့ သူတို့ရဲ့လုံခြုံ‌ရေးအပိုင်း ဘယ်လောက်ထိ စိုးရိမ်ရပါလဲ။ အာမခံချက် ဘယ်လောက်ထိ ရှိနိုင်မလဲ။
ဖြေ။ ။ ကျနော်တို့က အုပ်ချုပ်ရေးပိုင်းဆိုတော့ လက်ရှိရဲ့အာမခံချက်ကို မြေပြင်စစ်ပွဲအနေနဲ့ မပြောတတ်ဘူး။ ရွာသားတွေပဲဆိုတော့ စိုးရိမ်စိတ်တွေနဲ့ပဲ နေရတာပေါ့။ ဒီလိုတိုက်ပွဲတွေ ထပ်ဖြစ်လာမလား။ လေယာဥ်က ဗုံးလာကြဲဦးမလား။ လုံခြုံစိတ်ချမှုတော့ မရှိပေမယ့် ဒါကတော့ ကံတရားပေါ့နော်။ ကျနော်တို့က ကိုယ့်အိမ်ကို ပြန်နေချင်တယ်။

မေး။ ။ ဒီ ၃ နှစ်ကျော် ကာလအတွင်း ရွာသားတွေက နေရာအသစ်တခုမှာ အိုးအိမ်စွန့်ခွာနေရတဲ့အပေါ် သူတို့ရဲ့အခက်အခဲ၊ အကြပ်အတည်း ဘယ်လောက်ထိ ကြုံနေရပါလဲ။
ဖြေ။ ။ သူတို့ရဲ့ အခက်အခဲအကြပ်အတည်းကတော့ လေးကေ့ကော်ကနေ စပြီးထွက်ပြေးရတယ်။ ပြေးရတဲ့အချိန်မှာ ဒီစစ်ရှောင်စခန်းမှာသွားနေရတယ်။ အခု သွားနေရတဲ့အခါကျတော့ စားဝတ်နေရေး၊ အလုပ်အကိုင်နဲ့ နေထိုင်ဖို့ကအစ အကုန်လုံး အခက်အခဲအများကြီး ကြုံတွေ့ရတယ်။ ကြုံတွေ့နေရပေမယ့် ဒီသက်ဆိုင်ရာအဖွဲ့အစည်းကနေပဲ ကျနော်တို့ အကူအညီတောင်းပြီး ဖြေရှင်းတယ်။ အခက်အခဲကတော့ မျိုးစုံရှိတာပေါ့။

ကိုယ့်အိမ်ကို ပြန်မနေရတဲ့အတွက်ကို အခက်အခဲဆိုတာရှိတာပဲ။ စာသင်ချိန်မှာ စာသင်ရမယ်ဆိုပေမယ့် ကလေးတွေရဲ့ ပညာရေးတွေလည်း ကိုဗစ်ရောဂါကြောင့် (၃) နှစ်လောက် ပိတ်ထားလိုက်ရတယ်။ လက်ရှိ တိုက်ပွဲဖြစ်သွားတော့လည်း ဒီမှာ (၃) နှစ်လောက် စာသင်နှစ်တွေ လျော့သွားတာပေါ့။ အခု ကလေးတွေက ငါးနှစ်လောက် ပညာရေးနဲ့ ကင်းကွာသွားတယ်။ ပညာရေးပိုင်းအနေနဲ့ ဒီဘက် KECD ပညာရေးနဲ့ ဆက် သွားနေတယ်။ အခက်အခဲတွေ အရမ်းကြုံခဲ့ရပါတယ်။ ဒါပေမယ့် အခုတော့ ဒါအများကြီးတော့ မဟုတ်သေးပေမယ့် ပျော်ရွှင်ရမယ့်နေ့ဖြစ်လောက်ပြီလို့ ကျနော်တို့က ယူဆတယ်။

မေး။ ။ ‘၃’ နှစ်လောက် ထွက်ပြေးတိမ်းရှောင်နေရပြီးတော့ အခုလို စစ်တပ်ကင်းစင်တဲ့နယ်မြေဖြစ်အဖြစ် အခင်းအကျင်းပေါ်လာတဲ့အပေါ် ဒီမြို့ရဲ့အုပ်ချုပ်ရေးတာဝန်ရှိသူအနေနဲ့ စိတ်ထဲဘယ်လိုခံစားရပါလဲ။
ဖြေ။ ။ အစောပိုင်းတုန်းက ဒီနေရာက ငြိမ်းချမ်းရေးနယ်မြေတွေဆိုတော့ တိုက်ပွဲတွေမဖြစ်တော့ဘူးဆိုပြီး ကျနော်တို့က စိုးရိမ်စိတ်မရှိဘဲ နေခဲ့ကြတယ်။ နေရင်းနဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ (တိုက်ပွဲ) ဒီက စဖြစ်တယ်။ ဖြစ်တဲ့အခါကျတော့ စိုးရိမ်စိတ်နဲ့ ပြေးကြရတယ်။ ဒီနေရာက စစ်ပွဲမဖြစ်နိုင်ဘူးလို့ ခန့်မှန်းထား ပေမယ့် ဖြစ်လာတဲ့အခါကျတော့ ဘာမှမလုပ်နိုင်တော့ဘဲ ပြေးကြရတာပေါ့။ အခုနဲ့ဆို ဒီနေရာကနေ ပြေးရတာ (၂) နှစ်နဲ့ (၁၀) လ ကြာခဲ့ပါပြီ။

မေး။ ။ အုပ်ချုပ်ရေး တာဝန်ရှိသူတစ်ယောက်အနေနဲ့ ရွာသားတွေအတွက် ဘာသတင်းစကားပါးချင်ပါလဲ။
ဖြေ။ ။ ကျနော်တို့ကတော့ အမြန်ဆုံး ပြန်ဝင်နိုင်အောင် ကြိုးစားနေပါပြီ။ ရွာသားတွေဘက်ကလည်း ကျနော်တို့ရဲ့ အုပ်ချုပ်‌ရေးဘက်ပိုင်းကို ပြန်ပြီးနားလည်ပေးစေချင်တယ်။ အခုလက်ရှိ ပြန်မဝင်ခိုင်းသေးဘူးဆိုတာက လုံခြုံရေး အတွက် စိတ်မချရသေးတာရယ်၊ ကျောက်လမ်းတွေအပေါ် မြက်ပေါက်တာတွေရှင်းဖို့ရယ် မြေမြှုပ်မိုင်းတို့ နင်းမိုင်းတို့ ရှိသေးတဲ့အတွက် အဲဒါတွေ ရှင်းလင်းဖို့ရယ်ပေါ့နော်။ ကျနော်တို့ မြို့သူမြို့သားတွေ အကုန်လုံးအနေနဲ့ လေးကေ့ကော်ကို လွမ်းနေတဲ့စိတ်လေးကို နည်းနည်းဖြေဖျောက်ပြီးတော့ မကြာခင် ရက်ပိုင်းအတွင်းမှာ ပြန်ဝင်ရတော့မယ်လို့ ပြောလိုပါတယ်။