မီဒီယာအသိပညာပေးရေးကို မူလတန်းအဆင့်ကနေ စတင်ကြဖို့
ဆိုမီယာကျော်
(၃၀-၁၀-၂၀၂၄)
ဒီအပိုင်းမှာတော့ သတင်းတု၊ သတင်းမှားနဲ့ အတုအစစ် ရောမွှေပြီး ပုံမှားရိုက်ထားတဲ့ သတင်းတွေ (Deepfakes)ကို သတင်းအမှန်၊ အချက်အလက်အမှန်တွေ ဖွင့်ချတိုက်ခိုက်ရေးမှာ တာဝန်သိ၊ သိက္ခာရှိ မီဒီ ယာတွေနဲ့ မီဒီယာသမားတွေမှာ ဘယ်လို တာဝန်ရှိပုံ၊ မီဒီယာအသိပညာပေးရေးကို မူလတန်းအဆင့်က စတင်ပြီး အသိနဲ့ အသက်အရွယ်အပေါ် မူတည်ပြီး ကျောင်းသင်ဘာသာရပ်တစ်ခုအဖြစ် ထည့်သွင်းသင်ကြား သွားသင့်ကြောင်း တင်ပြချင်ပါတယ်။
ဒါ့အပြင် နိုင်ငံကြီးတွေအကြားက နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ ယဉ်ကျေးမှု၊ နည်းပညာပြိုင်ဆိုင်မှု ကလည်း တားမရဆီးမရ ယှဉ်ပြိုင်နေကြတာမို့ သတင်းတု၊ သတင်းမှားနဲ့ အတုအစစ်ရောမွှေပြီး ပုံမှားရိုက် ထားတဲ့ သတင်းတွေ (Deepfakes)တွေဟာ ဒီဖြစ်ရပ်တွေနဲ့ ဘယ်လိုမှ မကင်းလွတ်နိုင်တဲ့အပြင် အကြောင်း အမျိုးမျိုးနဲ့ တိုက်ရိုက်/သွယ်ဝိုက် ဆက်စပ်နေမှာဖြစ်ပါတယ်။ အဲဒီအဆက်အစပ်တွေကိုလည်း ကြိုတင်သိရှိ နားလည်ထားကြဖို့ လိုအပ်ပါတယ်။
လူငယ် ၂ယောက်ရဲ့ ရန်ပွဲတစ်ပွဲ၊ ဆိုးသွမ်းယုတ်မာလှတဲ့ မုဒိမ်းမှုတစ်ခုတို့ဟာ သာမန်အားဖြင့် လူ့အ ဖွဲ့အစည်းတိုင်းလိုလိုမှာ ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ ရာဇဝတ်မှုတွေထဲက ပြစ်မှုအမျိုးအစားတွေပါပဲ။ သို့သော် လည်း အကျပ်အတည်းဆိုက်နေတဲ့ အစိုးရတစ်ရပ်၊ အထိမခံ အကဲဆတ်လှတဲ့ နိုင်ငံရေး လူမျိုးရေးအုပ်စု တစ်စု၊ အယူသီးလှတဲ့ ဘာသာရေးအသင်းအဖွဲ့တစ်ခုတို့က ကိုင်တွယ် အသုံးချလိုက်ကြပြီဆိုရင် မီးပွားပေါ် ဓာတ်ဆီလောင်းချသလို ရန်တိုက်သွေးထိုး လှုံ့ဆော်ကြပြီဆိုရင်လည်း အင်မတန် ကြောက်မက်ဖွယ်ကောင်း တဲ့ လူမျိုးရေး၊ ဘာသာရေး သွေးချောင်းစီးမှုကြီးတွေအထိ လောင်မြိုက် ပေါ်ပေါက်ဖြစ်ပွားတတ်ပါတယ်။
လူမျိုးရေး၊ ဘာသာရေးကို ထိခိုက်စေမယ့် ရင့်သီးရိုင်းပျတဲ့ စကားလုံး အသုံးအနှုန်းတွေ၊ သဘောထား အပြုအမူတွေ၊ ရမ်းကားတဲ့ အရေးအသားတွေ ပုံနှိပ်မီဒီယာ စာမျက်နှာတွေပေါ်၊ ရုပ်သံဖန်သားပြင်တွေပေါ်၊ ရေဒီယိုအသံလှိုင်းတွေပေါ် ပါမသွားစေဖို့ ပြောဆိုမသုံးနှုန်းမိစေဖို့ တာဝန်သိသိက္ခာရှိ မီဒီယာတွေနဲ့ တာဝန်သိ သိက္ခာရှိ မီဒီယာသမားတွေက လေးလေးနက်နက် သတိပြုပြီး ဆင်ခြင်ရှောင်ရှားကြရမှာပါ။
ဒါကြောင့် လူမျိုးရေး၊ ဘာသာရေးနဲ့ဆက်နွယ်တဲ့ သတင်းတစ်ပုဒ် ရေးသားထုတ်လွှင့်တော့မယ်ဆိုရင် မိမိတို့မီဒီယာက ဖော်ပြသုံးစွဲထားတဲ့ စကားလုံးအသုံးအနှုန်းတွေနဲ့ သတင်းဓာတ်ပုံတွေဟာ သက်ဆိုင်ရာ လူမျိုးနဲ့ ဘာသာရဲ့ယဉ်ကျေးမှု ဓလေ့ထုံးစံတွေနဲ့ ညီညွတ်ရဲ့လား၊ ချိုးနှိမ်သလို၊ လှောင်ပြောင်စော်ကားသလို အဓိပ္ပာယ်မျိုး သက်ရောက်နေသလား။
သူတို့ ပါတီအဖွဲ့အစည်းအမည်၊ အဆင့်နေရာ၊ လူနာမည်အခေါ်အဝေါ်တွေကအစ လွဲချော်မှားယွင်း နေသလား၊ ရရှိထားတဲ့ သတင်းဇစ်မြစ်ရဲ့ တိကျခိုင်လုံမှုက အတိုင်းအတာ ဘယ်လောက်ထိရှိသလဲ စတဲ့အ ချက်တွေကို သတင်းထောက်ချုပ်၊ တာဝန်ခံအယ်ဒီတာ၊ အယ်ဒီတာချုပ်တို့က အဲဒီသတင်းကို မဖော်ပြမီ အချိန်ယူ အလေးထားပြီး အပြန်အလှန် စိစစ်ကြရမှာပါ။ ပြီးစလွယ်ဖော်ပြလို့ ဘယ်လိုမှဖြစ်ပါဘူး။ တရား ဥပဒေရှုထောင့်ကနေလည်း ဘယ်လိုအတိုင်းအတာနဲ့ ချိုးဖောက်မှုတွေဖြစ်သွားစေနိုင်သလဲဆိုတာကိုလည်း ဥပဒေဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ ကျွမ်းကျင်သူတွေထံ သဘောထားအမြင် မေးမြန်းကြည့်ဖို့ လိုအပ်ပါတယ်။
တာဝန်သိ – သိက္ခာရှိမီဒီယာနဲ့ တာဝန်သိ – သိက္ခာရှိမီဒီယာသမားဆိုတာ မိမိထမ်းဆောင်ရမယ့် တာဝန်ကို မပျက်မကွက် ကျေပွန်စွာဆောင်ရွက်ဖို့ တာဝန်ရှိပြီး၊ တရားဥပဒေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေ က တားမြစ်ထားတာတွေကို မထိပါး၊ မချိုးဖောက်မိစေဖို့အတွက်လည်း တာဝန်ရှိပါတယ်။
မိမိလုပ်သင့်လုပ်ထိုက်တာကို တည်ကြည်ပြတ်သားစွာ လုပ်ဆောင်ပြီး ဥပဒေစည်းကမ်းနဲ့ ဓလေ့ထုံးစံ အရ တားမြစ်ထားတာတွေကို လေးလေးစားစား လိုက်နာတာဟာ တာဝန်သိမှုနဲ့ သိက္ခာရှိမှုရဲ့ အခြေခံပါပဲ။ ဒါဟာ လူတိုင်း အသိရှိရှိနဲ့ လိုက်နာဆောင်ရွက်ကြရမယ့် တာဝန်သိမှုနဲ့ သိက္ခာရှိမှုပါပဲ။
ဒါ့ကြောင့် မီဒီယာသမားတွေဟာ မိမိတိုင်းပြည်ရဲ့ အခြေခံဥပဒေ၊ ပြစ်မှုဆိုင်ရာဥပဒေ၊ အီလက်ထရွန်း နစ်(ဆက်သွယ်ရေး)ဥပဒေ၊ ပုံနှိပ်ထုတ်ဝေရေးဥပဒေ၊ ရုပ်သံမီဒီယာများနဲ့ သက်ဆိုင်တဲ့ဥပဒေ၊ စည်းမျဉ်းစည်း ကမ်းတွေနဲ့ လူမျိုးတွေရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ၊ ဘာသာရေးဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်တွေ၊ ထူးခြားချက်တွေကို လေ့လာသိရှိထားဖို့ လိုအပ်ပါတယ်။
မီဒီယာအသိပညာပေးရေးကို မူလတန်းအဆင့်က စတင်ပြီး အသိနဲ့အသက်အရွယ်အပေါ် မူတည်ပြီး ကျောင်းသင်ဘာသာရပ်တစ်ခုအဖြစ် ထည့်သွင်းသင်ကြားသွားသင့်ကြောင်း အထက်တစ်နေရာမှာ ဖော်ပြခဲ့ပါ တယ်။
ဒါတွေကလည်း သိပ်တော့ မဆန်းကျယ်ပါဘူး။ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးမှု၊ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှု၊ AIDS အပါအဝင် ကူးစက်တတ်တဲ့ရောဂါများနဲ့ သက်ဆိုင် တဲ့ အသိပညာပေးမှုတွေကို ကျောင်းတွေမှာ သင်ကြားပေးသလိုပါပဲ။
“ဖုန်းနဲ့ တက်ဘလက်”ဆိုတာ လူတိုင်း၊ ကလေးတိုင်းနဲ့ အသားကျ ယဉ်ပါးနေပါပြီ။ (Youtube) ယူကျုနဲ့ (Tiktok)တစ်တော့တို့ဆိုတာ ကလေးတိုင်း အာရုံဖြန့်ကျက်ရာ စိတ်ဝင်စားရာ နယ်ပယ်ပါပဲ။ ဒီတော့ ဆိုရှယ်မီဒီယာတွေကို နည်းမှန်လမ်းမှန် ကိုင်တွယ်အသုံးချတတ်ဖို့လိုသလို ဘယ်လိုတာဝန်သိစိတ်နဲ့ အသုံး ပြုကြမလဲဆိုတာကို မူလတန်းအဆင့် ကလေးငယ်တွေကနေ စတင်ပြီး သက်ဆိုင်ရာ ဒေသရဲ့ အနေအထားနဲ့ ကိုက်ညီအောင် အကြောင်းနဲ့အကျိုး၊ အကောင်းနဲ့အဆိုးကို နှိုင်းယှဉ်ပြသပြီး အသိပညာပေး သင်ကြားသွား ကြရမှာပါ။
အဲဒီလို အသိပညာပေးရာမှာ မိဘအုပ်ထိန်းသူတွေကိုလည်း အသိပညာပေးဖို့ လိုအပ်ပါတယ်။ “ဖုန်း၊ တက်ဘလက်နဲ့ ဆိုရှယ်မီဒီယာတွေ”ကို အသုံးပြုရာမှာ ကလေးများရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း ကျန်းမာရေး မထိ ခိုက်စေဖို့ ဦးတည်ချက်ထားပြီး ကျန်းမာရေးနဲ့ ကျင့်ဝတ်စည်းကမ်းဆိုင်ရာ အသိပညာပေးမှု “ဖုန်း၊ တက်ဘ လက်နဲ့ ဆိုရှယ်မီဒီယာတွေ”ကို မူးယစ်ဆေးဝါးစွဲသလို သို့မဟုတ် အလွန်အကျွံ အသုံးပြုမှုမျိုးတွေ မဖြစ် အောင် အသိပညာပေးဖို့၊ အချိန်ကန့်သတ်ချက်၊ အသက်အရွယ်အလိုက်ကြည့်ရမယ့် ကန့်သတ်ချက်တွေနဲ့ စနစ်တကျ ကြည့်တတ်၊ အသုံးပြုတတ်လာအောင် အသိပညာပေးကြရမှာပါ။
အရင်းခံအချက် ၂ချက်ကတော့ အပြန်အလှန် လေးစားမှုဆိုတဲ့ အခြေခံနဲ့ လူတိုင်းကို ဆက်ဆံဆက် သွယ်ဖို့၊ လူမျိုး၊ ကိုးကွယ်ရာဘာသာ၊ နိုင်ငံရေးယုံကြည်မှု၊ အသားအရောင်၊ ကိုယ်ခန္ဓာအချိုးအစားကို အခြေ ပြုပြီး လှောင်ပြောင်ခွဲခြားစော်ကားတာ၊ ဓာတ်ပုံရိုက်ပြီး (ဖိုတိုရှော့ သို့မဟုတ် AI အကူအညီနဲ့) ထင်သလို လုပ်ကြံဖန်တီး ဖြန့်ဝေတာမျိုးတွေ မပြုလုပ်စေဖို့ အသိပညာပေးရပါမယ်။
နောက်တစ်ချက်ကတော့ အချိန်တိုင်းမှာ မိမိတွေ့ရှိ ဖတ်ရှုကြားသိရတဲ့ သတင်းအချက်အလက်တိုင်း ကို အရင်ဆုံး ဆန်းစစ်ဝေဖန် ပိုင်းခြားပြီးမှသာ လက်ခံယုံကြည်ကြဖို့ ဖြစ်ပါတယ်။
ပေါ်ထွက်လာနေသမျှ သတင်းအချက်အလက်တိုင်းကို မြင်တာနဲ့ အညှာလွယ် ယုံကြည်တတ်တဲ့၊ ထိခိုက်လှုပ်ရှားလွယ်တဲ့ စိတ်ခံစားမှုမျိုးနဲ့ လုံးဝ မချဉ်းကပ်စေဘဲ ခိုင်လုံတဲ့ အချက်အလက်နဲ့၊ ဆန်းစစ်ဝေဖန် မှုနဲ့၊ ဆင်ခြင်တုံတရားနဲ့ ချဉ်းကပ်ရမယ်ဆိုတဲ့ အသိနဲ့သတိ အလေ့အထသဖွယ် စွဲမြဲသွားအောင် အသိပညာ ပေးဖို့ပါပဲ။
ပေါ်ထွက်လာသမျှ သတင်းအချက်အလက်တွေကို ကြည့်ရှုတဲ့အခါ
– သတင်းဇစ်မြစ်ကို အရင်ကြည့်ရပါမယ်။ ဘယ်သတင်းဌာနက ဖြန့်ဝေတာလဲ။ အဲဒီသတင်းဌာနရဲ့ အမှတ်အ သားက အထင်အရှားပါရှိရဲ့လား။ အဲဒီသတင်းဌာနရဲ့ သတင်းဝက်ဘ်ဆိုဒ်မှာ အဲဒီသတင်းအမှန် တကယ်ဖော် ပြထားရဲ့လား။ နေ့ရက်အချိန်နာရီ၊ သတင်းဖြစ်ပွားရာနေရာဒေသ၊ သတင်းမှာ ပူးတွဲ ဖော်ပြထားတဲ့ ဓာတ်ပုံ တွေဟာ ပုံမှန် ဟုတ်ရဲ့လား။ နည်းလမ်းတစ်ခုခုနဲ့ လုပ်ကြံဖန်တီးထားသလား စသဖြင့် အချက်အလက်တွေ ကို စိစစ်ဖို့ လိုအပ်ပါတယ်။
နိုင်ငံကြီးတွေအကြားက နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ ယဉ်ကျေးမှု၊ နည်းပညာ ပြိုင်ဆိုင်မှုကလည်း တားမရဆီးမရ ယှဉ်ပြိုင်နေကြတာမို့ သတင်းတု၊ သတင်းမှားနဲ့ အတုအစစ် ရောမွှေပြီး ပုံမှားရိုက်ထားတဲ့ (Deepfakes)သတင်းတွေကို ဖွင့်ချပြီး သတင်းအမှန်၊ အချက်အလက်မှန်တွေနဲ့ တိုက်ခိုက်ချေဖျက်ရေးဟာ ထင်သလောက် ခရီးမပေါက်နိုင်ပါဘူး။
ဒီတော့ သတင်းတု၊ သတင်းမှားနဲ့ အတုအစစ်ရောမွှေပြီး ပုံမှားရိုက်ထားတဲ့ (Deepfakes)သတင်းတွေ ကို လိုလိုလားလား တိုက်ဖျက်လိုတဲ့ တိုင်းပြည်တွေ၊ အစိုးရတွေ၊ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးတွဲပြီး ဘုံတူညီချက်အလိုက်၊ ကာလပိုင်းအ လိုက် မီဒီယာဆိုင်ရာ အသိပညာပေးမှုတွေ၊ ဟောပြောပွဲတွေ၊ တိုက်တွန်းဆော်ဩမှုတွေကို အခြေအနေ၊ အချိန်အခါအလိုက် ပူးတွဲ ပြုလုပ်ကြရမှာပါ။
အထူးသဖြင့်တော့ တာဝန်သိ – သိက္ခာရှိ မီဒီယာတွေနဲ့ မိမိရဲ့ စာနယ်ဇင်းပညာကို လေးစားတန်ဖိုး ထားတဲ့ စာနယ်ဇင်းသမား ဂျာနယ်လစ်တွေဟာ မိမိပညာနဲ့ မိမိသိက္ခာကို သတင်းတု သတင်းမှား ဖြန့်ဝေရေး ဌာနတစ်ခုခု၊ လုပ်ငန်းတစ်ရပ်ရပ်ရဲ့ ပါးစပ်ပေါက်၊ အဆွယ်အပွား အသုံးတော်ခံဘဝသို့ လုံးလုံးလျားလျား သက်ဆင်းနိမ့်ကျ မသွားစေဖို့အတွက်လည်း ကြပ်ကြပ် သတိထားရမှာပါ။
တစ်လအတွင်း နိုင်ငံတကာနဲ့ ပြည်တွင်းမှာ ပေါ်ပေါက်ခဲ့တဲ့ သတင်းတု၊ သတင်းမှားတွေထဲကနေ သတင်းမီဒီယာ အသိပညာပေးရေးမှာ ထိထိရောက်ရောက် အသုံးချနိုင်မယ့် သတင်းတု၊ သတင်းမှားတချို့ရဲ့ ဖုံးကွယ်လှည့်စား လိမ်ညာမှုတွေကို အထောက်အထား အချက်အလက်၊ အခိုင်အလုံနဲ့ စုံစမ်းစိစစ်ဖော်ထုတ်ပြ ပြီး အများပြည်သူထံ အသိပညာပေးတာမျိုးကိုလည်း မပျက်မကွက် ပြုလုပ်သင့်ပါတယ်။
နိဂုံးချုပ်ရမယ်ဆိုရင် သတင်းတု – သတင်းမှားတွေဟာ အကြောင်းအရာ၊ အဖြစ်အပျက် တစ်ခုမဟုတ် တစ်ခုနဲ့ဆက်နွှယ်ပြီး စဉ်ဆက်မပြတ် ပေါ်ထွက်နေမှာပါ။ သတိနဲ့ အသိ အမြဲရှိပြီး ဆန်းစစ်နေကြရပါ့မယ်။ မိမိသိရသမျှ သတင်းအချက်အလက်အမှန်တွေကို ပြည်သူလူထုရဲ့ နား၊ မျက်စိ၊ ဦးနှောက်ထဲ ရောက်ရှိနေစေ ဖို့ မပြတ်တမ်း လုံးပမ်း အားထုတ်နေရပါမယ်။ ဒီတာဝန်တွေဟာ တာဝန်သိ သိက္ခာရှိ မီဒီယာတွေနဲ့ မီဒီယာ သမားတိုင်းရဲ့ တာဝန်ပဲဆိုတာ တင်ပြရင်း နိဂုံးချုပ်လိုက်ပါတယ်။