Home တွေ့ဆုံမေးမြန်းခန်း ကော့ကရိတ်မြို့နယ် ဥက္ကဋ္ဌ စောဖာ့ထရားနှင့် တွေ့ဆုံမေးမြန်းခြင်း

ကော့ကရိတ်မြို့နယ် ဥက္ကဋ္ဌ စောဖာ့ထရားနှင့် တွေ့ဆုံမေးမြန်းခြင်း

310

“မြေမြှုပ်မိုင်းတွေ ရှင်းလင်းဖို့ တပ်(KNLA) နဲ့ ပြောဆို ဆွေးနွေးသွားရဖို့ ရှိတယ်။ အကုန်လုံး ရှင်းလင်းပြီးစီးမှ ဒေသခံတွေကို ပြန်နေခွင့်ပြုဖို့ စဉ်းစားထားပါတယ်။….” ကော့ကရိတ်မြို့နယ် ဥက္ကဋ္ဌ စောဖာ့ထရား

ကော့ကရိတ်မြို့နယ် ဥက္ကဋ္ဌ စောဖာထရားနှင့် တွေ့ဆုံမေးမြန်းခြင်း

(အောက်တိုဘာလ ၂၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ)

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ် မြို့နယ်ရှိ စစ်ကောင်စီတပ်၏ မစခ−၆၀၆ လက်အောက်ခံအမြောက်တပ်ဖွဲ့ ပူးတွဲတာဝန်ယူထားသော စွယ်တော်ကုန်း နယ်စပ်ခြေကုပ်အမြောက်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဦးဆောင်သော ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၇) ရက်နေ့၊ နံနက် (၄း၃၀) အချိန်တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

အဆိုပါ သိမ်းပိုက် နိုင်ရေးအတွက် KNLA မဟာမိတ် ပူးပေါင်းတပ်ဖွဲ့အနေဖြင့် (၇) လနီးပါးကြာ ပိတ်ဆို့ ဖြတ်တောက် မှုများ ပြုလုပ်ခဲ့ရပြီး နောက်ဆုံးတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်အချို့၏ စခန်းစွန့်ခွာ ဆုတ်ပြေးသွားခြင်းနှင့်အတူ စွယ်တော်ကုန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ စွယ်တော်ကုန်း(အမြောက်ကုန်း)သည် စစ်ကောင်စီအတွက် အရေးပါသည့် ကုန်းဖြစ်သလို ဒေသခံလူထုများအတွက်လည်း အန္တရာယ်အများဆုံးပေးနေသည့် ကုန်းဖြစ်ကာ စွယ်တော်ကုန်း သိမ်းပိုက်ရရှိခြင်းနှင့် နောက်အုပ်ချုပ်ရေး၊ ပြန်လည်ထူထောင်ရေး ကိစ္စရပ်များနှင့်ပတ်သက်ပြီး ကေအဲန်ယူ၏ ကော့ကရိတ်မြို့နယ် ဥက္ကဋ္ဌ စောဌေးမြင့်အောင်(စောဖာ့ထရား) နှင့် တွေ့ဆုံ မေးမြန်းထားပါသည်။

မေး- စစ်ကောင်စီ စွယ်တော်ကုန်း တပ်စခန်းရဲ့ သမိုင်းကြောင်း အကျဉ်းလေး ရှင်းပြပေးပါအုံး။
ဒီ တပ်စခန်းက တည်ထားတာကြပါပြီး။ ၂၀၀၃ ကတည်းကပဲ။ အထူးသဖြင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှာ တိုက်ပွဲ စဖြစ်တုန်းက ကျနော်တို့အတွက် အတော်လေး အနှောင့်အယှက်အပေးနိုင်ဆုံး ကုန်းတစ်ခုပဲ။ စိုးလည်း စိုးရိမ် ရတဲ့နေရာပဲ။ ဘာဖြစ်လဲဆိုတော့ များသောအားဖြင့် အဲ့ကုန်းကနေ လက်နက်ကြီး နဲ့ ပစ်ရင် ကျောက်ခက်အထိ ရောက်တယ်။ အထူးသဖြင့် မနှစ်က မေတ္တာလင်းမြိုင်မှာ တိုက်ပွဲ ဖြစ်တုန်းက လက်နက်ကြီး ကျည်အများဆုံး ထွက်လာတာက ဒီနေရာကပဲ။

တိုက်ပွဲအတွက် အဟန့်အတားလည်းဖြစ်သလို အနီးအနားမှာရှိတဲ့ လေးကေကော်၊ ထီးမဲဝါခီး ရသေ့ဂူ စတဲ့ ကျေးရွာတွေမှာ မနေရဲကြတော့ဘူး။ ဘာဖြစ်လဲဆိုတော့ လက်နက်ကြီးနဲ့ ရွာထဲကို ပစ်ချတဲ့အတွက် မနေရဲကြ ဘူး။ ပြောရမယ်ဆိုရင် သူတို့ရှိလို့ ဒေသခံ ကျေးရွာသားတွေ လုပ်ကိုင်စားသောက်ဖို့ အတော်လေး အခက်အခဲ ဖြစ်ခဲ့တယ်။

မေး- အခု ဒီကုန်းကို ရလိုက်ပြီးဆိုတော့ ဒီကဒေသခံတွေအတွက် ဘယ်လောက်အထိ အဆင်ပြေလာဖို့ မျှော်လင့် လဲ။
ကျနော်တို့ အများကြီး မျှော်လင့်ပါတယ်။ အရေးကြီးဆုံးက ဒေသခံ လူထုတွေ လုပ်ကိုင်စားသောက်နိုင်ဖို့ အတွက်ပဲ။ သူတို့ လုပ်ကိုင် စားသောက်ဖို့က အရမ်းကို အခက်အခဲ ဖြစ်စေတာ။ အခု အဲ့မှာ သူတို့(စစ်တပ်) မရှိတော့ဘူးဆိုတာ့ ကျနော်တို့ သွားလာ လုပ်ကိုင်ဖို့ ဒေသခံလူထုတွေနဲ့ ကိုယ့်နေရာ ကိုယ်ပြန်ဝင်လာပြီးတော့ ပြန်လည် ရှင်းလင်းတာတွေ လုပ်ရအုံးမယ်။ ဘာဖြစ်လဲဆိုတော့ လေးကေ့ကော်ကနေ စထွက်တာက ၂၀၂၁ ဒီဇင် ဘာလတုန်းကတည်းကဖြစ်တယ်။ ၃ နှစ်ကျော်လောက်ရှိပြီး။ ပြန်ကြည့်မယ်ဆိုရင်တော့ ဒေသခံ လူထု တွေအနေနဲ့လည်း အတော်လေး စိတ်ချမ်းသာသွားကြတာကို တွေ့ရတယ်။

အခု သူတို့ ပြန်နေဖို့အတွက်ကိုလည်း မြေမြှုပ်မိုင်းတွေ ရှင်းလင်းဖို့ တပ်(KNLA) နဲ့ ပြောဆို ဆွေးနွေးသွားရဖို့ ရှိတယ်။ အကုန်လုံး ရှင်းလင်းပြီးစီးမှ ဒေသခံတွေကို ပြန်နေခွင့်ပြုဖို့ စဉ်းစားထားပါတယ်။ ဒါက လူထုအတွက် အန္တရာယ်အရမ်းများပါတယ်။

မေး- ဒီ စခန်းကုန်းက စစ်တပ်အတွက်ကော ဘယ်လောက်အထိ အရေးပါပြီးတော့ အခုလို အသိမ်းခံလိုက်ရတဲ့ အတွက် သူတို့အတွက် ဘယ်လောက်အထိ ထိခိုက်နစ်နာသွားစေလဲ။
စစ်တပ်အတွက်ကတော့ မြဝတီမြို့အတွက် အဟန့်အတားတစ်ခုပဲ။ ကျနော်တို့ တိုက်ခိုက်ဖို့ အတွက်ဆိုရင် အခက်အခဲ တစ်ခု ဖြစ်စေတယ်။ သူတို့ဘက်က ကြည့်မယ်ဆိုရင် ဒါက တပ်စခန်းကြီး တစ်ခုဖြစ်တာကိုး၊ ဒီ မြဝတီမြို့အတွက် အင်မတန် သူတို့ အားထားရတဲ့ ကုန်းစခန်းလေးတစ်ခုဖြစ်တာပေါ့။ သူတို့ မရှိတော့တဲ့ အခါကျတော့ ကျနော်တို့ဆီကနေ မြဝတီအထိ လမ်းကြောင်းတွေကိုတော့ ကျနော်တို့လူတွေ နေရာယူဖို့အတွက် ပိုကောင်းလာတာပေါ့။

မေး- အခု လေးကေ့ကော်ကို ပြန်လည်နေရာ ချထားရေးအစီအစဉ်တွေလုပ်ဆောင်ဖို့အတွက် စီမံအုပ်ချုပ်ရေး ပိုင်းဆိုင်ရာကိုကော ဘယ်လို စဉ်စားထားချက်ရှိလဲ။
အခုက ရက်ပိုင်းကလေးပဲရှိသေးတော့ အရင်ဆုံး တပ်ပိုင်းဆိုင်ရာတာဝန်ရှိသူတွေ၊ အုပ်ချုပ်ရေး တာဝန်ရှိသူတွေ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေနဲ့ စုပေါင်းတွေ့ပြီး ဆွေးနွေးကြရမယ်။ အရင်ဆုံးကတော့ လူထုတွေ ပြန်နေထိုင် နိုင်ဖို့ စိုးရိမ်စရာရှိတဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကြီး ကျည်တွေကို ရှင်းလင်းဖို့ တပ်ပိုင်းဆိုင်ရာ နဲ့ ဆွေးနွေးသွားမယ်။ ပြီးရင်တော့ ပြန်လည် တည်ဆောက်တာတွေကို ဆက်လုပ်သွားရမှာပေါ့။

မေး- လေးကေ့ကော်ထဲကို ဒေသခံတွေ ပြန်မရောက်နိုင်တာ နှစ်နဲ့ ချီကြာပြီးဖြစ်တဲ့အတွက် အဲ့မှာရှိတဲ့မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေ၊ စစ်ကျန်လက်နက်တွေက ဘယ်လောက်အထိ စိုးရိမ်ရလဲ။
သူတို့ပစ်တဲ့ လက်နက်ကြီး ကျည်တွေကျပြီး မပေါက်တဲ့ ဟာတွေရှိသေးတယ်။ ပြီးတော့ မြေမြှုပ်မိုင်းတွေဆိုတာ ကလည်း အရင်က စစ်တပ်က နေရာဝင်ယူထားတာမျိုးရှိတဲ့အတွက် သူတို့ မိုင်းထောင်ထားတာ ရှိမရှိ ဆိုတာ သေချာမသိရပေမဲ့ သွားသင့်တဲ့ နေရာရှိသလို မသွားသင့်တဲ့ နေရာတွေလည်းရှိအုံးမယ်လေ။ မိုင်းတွေက ရှိတာက သေချာတဲ့အတွက် အဲ့ဒါတွေကို သေချာရှင်းလင်းပြီးမှ လူထုတွေအနေနဲ့လည်း နေရာပြန်ချလို့ရမှာပေါ့။

မေး- ဒီစခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပြည်သူတွေကို ဘာသတင်းစကား ပြောချင်တာမျိုးရှိလဲ။
အရင်ဆုံးပြောချင်တာက ကျနော်တို့ လေးကေ့ကော်ကို တည်ထောင်ဖြစ်တာက အရင်ခေတ်အဆက်ဆက် တိုက်ပွဲတွေကြောင့် သူများတိုင်းပြည်မှာ ထွက်ပြေးနေရတဲ့ ကိုယ့်ပြည်သူတွေ ကိုယ့်နေရာကိုယ်ပြန်လာနေ ထိုင်နိုင်ဖို့ ဘဝတွေပြန်လာစနိုင်ဖို့ ရည်ရွယ်ခဲ့တာပဲ။ အခုလည်း ပြန်ပျက်စီးသွားတယ်။ ဒါပေမဲ့ အခုလည်း ကျနော်တို့ ပြန်တည်ဆောက်ပြီးတော့ လူထုတွေ ပြန်လာနေနိုင်ဖို့ ဘဝတွေ ပြန်စနိုင်ဖို့က ကျနော်တို့ရဲ့ အဓိက ရည်မှန်းချက်ပါပဲ။