Home သတင်း ပျောက်ဆုံးနေသည့် ၁၃ နှစ်အရွယ် မိန်းကလေး ပြန်တွေ့

ပျောက်ဆုံးနေသည့် ၁၃ နှစ်အရွယ် မိန်းကလေး ပြန်တွေ့

963
Photo: Social Media

စက်တင်ဘာ ၇၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြောက်ပိုင်း ထီဖိုးစံကျေးရွာအပိုင် ကော့ဖန်ယားကျေးရွာ၌ နွားကျောင်းစဉ် ပျောက်ဆုံးသွားသည့် အသက် ၁၃ နှစ်အရွယ်မိန်းကလေးငယ်ကို ယနေ့ စက်တင်ဘာ ၇ ရက်၊ နေ့လယ် ၁၂ နာရီ အချိန်ခန့်တွင် ဒေသခံရွာသားများ ပြန်လည်တွေ့ရှိသည်ဟု နီးစပ်ရာဆွေမျိုးတဦးက ပြောသည်။

အဆိုပါ ပျောက်ဆုံးသွားသည့် အမျိုးသမီးသည် အသက်အန္တရာယ်စိုးရိမ်စရာမရှိဘဲ ကိုသလော့ (ကောဝ်သ်ုလော့) ကျေးရွာနေလူထုက ကောင်းမွန်စွာ ပြန်လည်တွေ့ရှိခဲ့ ပြီး ဓါးထောက်ခေါ်ဆောင်သွားသည့် တရားခံကိုမူ ဖမ်းဆီး ရမိခြင်းမရှိဘဲ လွတ်မြောက်သွားသည်ဟု အဒေါ်ဖြစ်သူက ပြောဆိုသည်။

“ကောဝ်သ်ုလော့ရွာမှာ ပြန်တွေ့တယ်။ သူ့ကို ဖမ်းခေါ်သွားတဲ့လူကိုတော့ မဖမ်းမိဘူး ရွာသားတွေ လိုက်ဖမ်းနေ တယ်။ ကောင်းကောင်းမွန်မွန်ဘဲ ပြန်တွေ့ပြီး အဲကလူတွေက အခုရွာကို ပြန်လာပို့တုန်းဘဲ။ တဲမှာနေတဲ့ အဒေါ် တယောက်က မနေ့ကလားမသိ သူတို့ကိုတွေ့လိုက်သေးတယ်လို့ ပြောတယ်။ သူက ဖမ်းခေါ်သွားတဲ့ လူနောက်ကို ခပ်ခွာခွာနဲ့လိုက်တယ်။ အဲဒီတယောက်က ခြုံထဲပြေးဝင်ရင်သူလဲလိုက်ပြေးဝင်တယ် အဲလိုပြောတယ်” ဟု သူမ၏ အဒေါ် ဖြစ်သူက ပြောသည်။

Photo: Social Media

အဆိုပါ မိန်းကလေးငယ်အား ဖမ်းခေါ်သွားသူ၏ လက်ထဲတွင် လက်ပစ်ဗုံးပါသည်ဟု ဒေသခံများက ပြောဆိုနေပြီး မိန်းကလေးငယ်အား မည်သို့ ဖြစ်ပျက်ခဲ့သည်ကို ကနဦး မေးမြန်း၍ မရသေးကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

အဆိုပါ ဖမ်းဆီးခေါ်ဆောင်သွားသူသည် မည်သူမည်ဝါဖြစ်ကြောင်းကို အတည်မပြုနိုင်သေးသလို ဖမ်းဆီး ခေါ်ဆောင်သွားသည့် တရားခံကို ဒေသခံရွာသားများနှင့် နယ်မြေခံ ကေအဲန်ယူတို့က လိုက်လံ ရှာဖွေဖမ်းဆီး နေဆဲ ဖြစ်သည်ဟု ဒေသခံများ ကပြောသည်။

ပြန်လည်တွေ့ရှိသည့် နန်းပေပေ့(ခ)နန်းသဇင်ခိုင်သည် ပြီးခဲ့စက်တင်ဘာ ၅ ရက်နေ့ နေ့လယ်၂ နာရီခန့်တွင် ရွာအပြင်ဘက်တောစပ်၌ အစ်မနှင့်အတူ နွားကျောင်းရင်း ဓားကိုင်ထားသည့် သူစိမ်းတဦးက ဓားထောက်ခေါ် ဆောင်သွားကာ ၂ ရက်အကြာမှ ပြန်လည်တွေ့ရှိခြင်း ဖြစ်သည်။