Home သတင်း လေးကေကော် အမြောက်ကုန်း၌ တိုက်ပွဲဆက်ဖြစ်နေ

လေးကေကော် အမြောက်ကုန်း၌ တိုက်ပွဲဆက်ဖြစ်နေ

687
Photo: Crd.

စက်တင်ဘာ ၇၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မြဝတီမြို့ တောင်ဘက် လေးကေကော် (စွယ်တော်) စစ်ကောင်စီ အမြောက်ကုန်းစခန်းနေရာ၌ နေ့ညမပျက် တိုက်ပွဲ ဆက်ဖြစ်နေပြီး ကရင်အမျိုးသားလားလွတ်မြောက်ရေးတပ်မတော်-KNLA၊ မဟာမိတ်ပူးပေါင်း တပ်ဖွဲ့ များက စခန်းကို ပိတ်ဆို့ တိုက်ခိုက်နေသည်ဟု နယ်မြေ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“ပစ် နေတာကတာ့ အသံစုံဘဲ၊ လက်နက် အကြီးအသေး ပစ်နေတာ၊ စစ်တပ်က လေယာဉ်လာတယ် ရိက္ခာချ ပေးတယ်၊ ခဲယမ်းထုတ်တွေချပေးတယ်။ သူတို့ စစ်တပ်စခန်းဘက်မကျဘဲ အပြင်နေရာတွေဘက်ကို လေထီး ထုတ်တွေကျတယ်။ ညဆိုဒရုန်းတွေဗုံးသီးချတာ မဲဆောက်ဘက်က အိမ်တွေတောင် တုန်တယ်။ အမြောက် ကုန်းထဲမှာတော့ ပိတ်မိပြီး ခံပစ်နေတုန်းဘဲ။ မြေမြုတ်မိုင်းတွေထောင်ထားတော့ တက်ဖို့တော့ တိုက်နေတာ မျိုးဘဲ” ဟု စစ်ရေးနယ် မြေသတင်းအရင်းအမြစ်က ပြောသည်။

ထိုင်း-မြန်မာ နယ်စပ် ထိုင်းဘက်ခြမ်း မဲဆောက်မြို့ထိ ပစ်ခတ်တိုက်ခိုက်သံများ ကြားနေရပြီး ထိုင်းနယ်ခြားစောင့် တပ်က နယ်စပ်၌ ကင်းလှည့် စောင့်ကြည့်မှုများ ပြုလုပ်နေသည်ဟု လေးကေကော် စစ်ရှောင်စခန်း၌ နေထိုင်သူ တဦးက ပြောသည်။

အဆိုပါ လေးကေကော်အနီး စစ်ကောင်စီ အမြောက်ကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် မဟာမိတ် တပ်ဖွဲ့များက ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်နေ့ကတည်းက တိုက်ခိုက်နေခြင်းဖြစ်ပြီး လက်ရှိ အချိန်ထိ တိုက်ပွဲ ဖြစ်ပွားနေသေးကြောင်း နယ်မြေစစ်ရေး သတင်းရင်းမြစ်ထံ မှ သိရသည်။

Photo: Crd.