Home သတင်း ဖားအံမြို့ ဦးပေါက်တံတားအနီး အမျိုးသမီးတစ်ဦး ဓားထိုးခံရပြီး သေဆုံး

ဖားအံမြို့ ဦးပေါက်တံတားအနီး အမျိုးသမီးတစ်ဦး ဓားထိုးခံရပြီး သေဆုံး

1228
Photo: Social Media

စက်တင်ဘာ ၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ ဖားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ ကန်သာယာပတ်လမ်း၊ ဦးပေါက် တံတားအနီးတွင် စက်တင်ဘာလ(၄)ရက်နေ့က အသက်(၂၀)ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး ဓားဖြင့် အချက်ပေါင်းများစွာ အထိုးခံရပြီး သေဆုံးသွားကြောင်း မြို့တွင်းသတင်းအရင်းအမြစ်များအရ သိရသည်။

မသွယ်သွယ်ဇူးဇင်အမည်ရှိ အမျိုးသမီးငယ်မှာ ၎င်းသူနာပြုအလုပ် လုပ်ကိုင်သည့် ဆေးရုံမှအိမ်သို့ အပြန်တွင် အမျိုးသားတစ်ဦး၏ ဓားဖြင့်အချက်(၂၀)ခန့် ထိုးသွင်းခံရပြီးနောက် ဆေးရုံသို့ ပို့ဆောင်သော်လည်း သေဆုံးခဲ့သည်ဟု နီးစပ်သူများက ပြောသည်။

သေဆုံးသူနှင့်ရင်းနှီးသည့် အမျိုးသမီးတစ်ဦးက “ကောင်လေးကို ဖြတ်လို့ ဟိုကအငြိုးနဲ့ထိုးတာလို့တော့ ပြောတယ်။ လုပ်တဲ့သူက ဓားပါလာပြီးသား၊ ထိုးနေတဲ့အချိန် ဘေးကဆွဲတဲ့လူကလည်းဆွဲပါတယ်။ ဒါပေမဲ့ ဆွဲလေ ကောင်မလေးကို သူကဓားနဲ့ထိုးလေဘဲတဲ့ အချက်၂၀ ကျော်တယ်၊ ဓါးနဲ့အထိုးခံရတာ။ ” ဟု ကေအိုင်စီသို့ ပြောသည်။

ပြစ်မှုကျုးလွန်သူအမျိုးသားက မသွယ်သွယ်ဇူးဇင်အား ဓားဖြင့်ထိုးပြီးနောက်တွင် ၎င်းကိုယ်ကို ဓါးဖြင့် ပြန်လည်ထိုးသွင်းခဲ့သော်လည်း ဆေးရုံသို့ရောက်ရှိသွားပြီး လက်ရှိအချိန်ထိ ဆေးကုသမှုခံယူနေ ဆဲဖြစ်ကြောင်း ဖြစ်စဥ်ကို သိရှိသူများက ပြောသည်။

“ဒဏ်ရာရတဲ့လူနှစ်ယောက်ရှိတယ်ဆိုလို့ ကျနော်တို့ရောက်သွားတော့ အမျိုးသားတစ်ယောက် အမျိုး သမီးတစ်ယောက် လှဲနေတာတွေ့တယ်။ အမျိုးသမီးကို ကျနော်တို့ဆေးရုံအရင်ပို့လိုက်တယ်။ ဆေးရုံ ရောက်တော့ ဆရာဝန်က ဆုံးပြီလို့ပြောတယ်။ အမျိုးသားကတော့ အခုထိဆေးရုံမှာပဲ။ ပြီးတော့ ချက်ချင်း ရဲတွေရောက်လာတယ်” ဟု ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့သည့် မာဃလူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အမှုဖြစ်စဥ်နှင့်ပတ်သက်၍ စစ်ကောင်စီရဲတပ်ဖွဲ့က တစ်စုံတစ်ရာထုတ်ပြန်ထားခြင်းမရှိသလို ပြစ်မှု ကျူးလွန်သူအား မည်သည့်ပုဒ်မများဖြင့် အရေးယူဆောင်ရွက်နေကြောင်းကိုလည်း ကေအိုင်စီအနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာလ(၅)ရက်နေ့ကလည်း ဖားအံမြို့၊ မြပြည်ရွာတွင် အသက်(၂၀)ဝန်းကျင်အရွယ် လူငယ်အမျိုးသားတစ်ဦး အုပ်စုဖွဲ့ရိုက်နှက်ခံရသဖြင့် ပွဲချင်းပြီးသေဆုံးခဲ့သေးသည်။